အပိုင်း (၀၉၆)
ဓားသွား သူ့နှလုံးသားထဲကို ထိုးဖောက်သွားချိန်မှာတော့ လွတ်မြောက်မှုကို ရှာဖွေတွေ့ရှိသွားခြင်းနှင့်အတူ စိတ်အေးချမ်းသွားရသည်။
ဆယ်စုနှစ်များစွာ၊ ရှည်ကြာသော အဆုံးမဲ့သောနှစ်များစွာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အထီးကျန်လွန်းနေခဲ့၏။
ထိုနေ့ရက်များကာလည်း မည်သည့်အချိန်ကတည်းကမှန်းမသိ အဓိပ္ပါယ် ပျောက်မှန်းမသိပျောက်ကုန်ခဲ့သည်။
မင်ကျူးသည် ရှေ့ကိုသာ ဗလာကျင်းစွာ ငေးကြည့်နေပြီး သူ(မ)၏မျက်ဝန်းများက အသက်မဲ့နေ၏။ နောက်ဆုံးတွင် ကျောက်ရှီ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလိမ့်မည်ဟု သူ(မ) ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
အိပ်မက်ထဲတွင် သူ(မ) ကျောက်ရှီကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရပြီး တွေ့သည့်အချိန်တိုင်းတွင်လည်း သူ့ထံ ပြေးဝင်ကာ သူ့အား သူ(မ)နှင့်အတူ သေစေချင်ခဲ့သည်။ သို့သော် သူ မည်သို့သေဆုံးခဲ့သည့်အကြောင်းကို ကြားရသည့်အချိန်မှာတော့ သူ(မ)သည် သူ(မ)စိတ်ကူးထားသလောက် မပျော်မိပေ။
မင်ကျူး၏မျက်လုံးများသည် ရှင်းပြရခက်စွာ မျက်ရည်များ ဝေ့ဝဲတက်လာပြီး အံကို ကြိတ်၊ မျက်လုံးများကို မှိတ်ချကာ အသံတစ်သံမထွက်လာမိအောင် ထိန်းချုပ်ထားလိုက်သည်။
သူ(မ)၏ကိုယ်က တုန်ယင်ကာ ကျောတစ်ပြင်လုံးမှာ တောင့်တင်းနေ၏။ ကျောက်ရှီ၏လက်များက သူ(မ)၏စိတ်ခံစားချက်များကို ညင်သာစွာ နှစ်သိမ့်နေသည့်အလား သူ(မ)ခါးပေါ်တွင် မြဲမြံစွာ ရှိနေ၏။
ကျောက်ရှီသည် နာကျင်နေသည့်မျက်လုံးတစ်စုံကို သက်သာစေရန်အလို့ငှာ မျက်တောင်တစ်ချက်ခပ်လိုက်ပြီး သူ(မ)နား,နားသို့ တီးတိုးကပ်ပြောလိုက်သည်။
“ကျူးကျူး အဲ့ဒီကိစ္စတွေကို မေ့လိုက်တော့လို့ရမလား..ဟမ်”
မင်းကို နာကျင်စေတဲ့ အဲ့ဒီကိစ္စတွေကို မေ့ပစ်လိုက်ပါတော့…
အဲ့ဒီအိပ်မက်ဆိုးတွေ မင်းရဲ့အိပ်မက်တွေထဲအထိ ကျူးကျော်ဝင်ရောက်ပြီး မင်းကို ခြောက်လန့်နေတာကို ဆက်ပြီး ခွင့်မပြုပါနဲ့တော့…
ကျောက်ရှီတစ်ယောက် စကားတွေအများကြီးကို ပြောနေခဲ့၏၊ သူ သူ(မ)ကို အမှန်တကယ် ချစ်မြတ်နိုးခဲ့သည့်အကြောင်း၊ သူ(မ)ကို ဘယ်တုန်းကမှ ကစားစရာအရုပ်တစ်ရုပ်လို သဘောမထားခဲ့သည့်အကြောင်း တဖွဖွ ပြောပြနေ၏။
မင်ကျူးသည် သူ့အသံကို ကြားနေသယောင်ရသော်လည်း တစ်ချိန်တည်းဆိုသလိုပဲ သူ ပြောနေသည့်အကြောင်းအရာများကို သေချာစွာ နားမလည်နေသယောင်။ သူ့ထံမှ ‘အချစ်’ ဆိုသည့်စကားကို ကြားလိုက်ရသည့်အခိုက် သူ(မ)၏မျက်တောင်များက လိပ်ပြာတောင်ပံများသဖွယ် လှုပ်ခတ်တုန်ယင်သွား၏။
သူ(မ)လည်း သူ့ကို ချစ်ခဲ့ဖူးတာပဲမဟုတ်ဘူးလား.?.
သူ(မ)၏မျက်ခွံများက အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကာ အေးဆေးတည်ငြိမ်သော အသံဖြင့် : “ကျွန်မ အိပ်မက်ဆိုးတွေ အမြဲမက်တယ် ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်လွန်းတဲ့ အိပ်မက်တွေ၊ ဒါပေမယ့် မက်တိုင်းလည်း ရှင် ကျွန်မကို မျက်တောင်တစ်ချက်မခပ်ဘဲ သတ်တော့မဲ့ပုံရိပ်တွေချည်းပဲ”
မင်ကျူး၏အမူအရာသည် အနည်းငယ် ရှုပ်ထွေးနေပြီး မျက်လုံးများကမူ လမ်းပျောက်နေသည့်နှယ်။ သူ(မ)သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အတက်အကျမရှိသောအသံဖြင့် : “ကျွန်မ အသတ်ခံရတဲ့အချိန်တုန်းက ရှင့်ကို အရမ်းချစ်ခဲ့လို့ ဖြစ်မယ် အဲ့ဒါကြောင့်မလို့လည်း ဒီကိစ္စတွေက မေ့ပျောက်ဖို့ မေ့ပစ်ဖို့ ခက်ခဲနေခဲ့တာနေမှာ အဲ့ဒီအကြောင်းတွေကို ပြန်တွေးမိချိန်တိုင်းလေ ကျွန်မ အရိုးထဲ စိမ့်နေအောင်ကို နာတယ်၊ လည်ချောင်းကလည်း နာသလို တစ်ကိုယ်လုံး မနာကျင်ရတဲ့နေရာမရှိသလောက်ပဲ”
သူ(မ)သည် သူ့ကို ဗလာကျင်းနေသော အမူအရာဖြင့် ခေါင်းမော့ကြည့်ကာ : “ကျောက်ရှီ… ကျွန်မ အဲ့ဒီတုန်းက ရှင့်ကို ချစ်ခဲ့တာကို ရှင် တကယ်ပဲ သဘောမပေါက်ခဲ့တာလား”
သူ(မ)သည် ထိုအချိန်တုန်းက လွန်စွာမှ ရိုးအ၊ နုံအခဲ့သည်။
သူ စိတ်ကျေနပ်စေဖို့ရာအတွက်ပဲ အသည်းအသန်ကြိုးစားခဲ့သည်။
သူ့နှုတ်က ထွက်သမျှစကားတိုင်းကို တစ်သဝေမတိမ်း နားထောင်ခဲ့ပြီး သူ့မျက်နှာကို မြင်ခွင့်ရနေရုံနှင့်တင် သူ(မ)ကို အချိန်အတော်ကြာ ကျေနပ်ပျော်ရွှင်စေခဲ့သည်။
ကျောက်ရှီ : “ကိုယ် သိပါတယ်”
မင်ကျူးက ခေါင်းညိတ်ကာ : “အင်းပေါ့ ရှင် သိမှာပေါ့၊ ရှင်က ဒီတိုင်း မသိကျိုးကျွန်ပြုခဲ့ရုံတင်ပဲလေ”
“အဲ့လို မဟုတ်ဘူး”
ကျောက်ရှီ၏လည်ချောင်းမှာ ဆို့နင်မှုကြောင့် အနည်းငယ် နာကျင်လာ၏။
သူက : “ကိုယ် မသိကျိုးကျွန်ပြုခဲ့တာ မဟုတ်ရပါဘူး”
“ဟုတ်ချင်လည်းဟုတ်မှာပေါ့၊ ကျွန်မက ရှင့်စိတ်ကို ဖောင်ထွင်းမြင်နိုင်တာမှမဟုတ်တာ”
မင်ကျူးသည် သူ့ကို မတွန်းထုတ်နိုင်သည့်အဆုံး သူ့ပုခုံးပေါ်တွင် အားလျော့စွာ မှီလှဲလိုက်ပြီး ပင်ပန်းနေပြီဖြစ်သောအသံဖြင့် : “ကျွန်မ နားချင်ပြီ ရှင် အရင်လွှတ်ပေးလို့ရမလား”
ကျောက်ရှီ၏လက်ချောင်းများက အနည်းငယ် လှုပ်သွားပြီး သူ့လက်များကို ဖြည်းဖြည်းချင်း ပြေလျော့ပေးလိုက်သည်။
သူ လက်ထဲမှလွတ်သွားသည့် မင်ကျူးသည် စောင်ထဲ ဝင်ကွေးကာ တစ်ဖက်သို့ လှည့်အိပ်သွား၏။ ကျောက်ရှီသည် ခုတင်ဘေးတွင် မတ်တပ်ရပ်ကာ သူ(မ)၏နောက်ကျောကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ သူ ပြန်ထွက်သွားသည့်အချိန် ပြတင်းပေါက်တံခါးကို ပိတ်ပေးရင်းပင် မှိန်ဖျော့ဖျော့အလင်းရောင်ကို ပိတ်ဆို့စေလိုက်သည်။
ကျောက်ရှီသည် တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် ရပ်ကာ အခန်းအတွင်းမှ ရှိုက်ငိုသံများကို တိတ်တဆိတ် နားထောင်ပြီး လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။
မင်ကျူးသည် ယခုတွင် ခံစားချက်မျိုးစုံကို ရောထွေးခံစားနေရသည်။ သူ(မ) ဘာကြောင့် ငိုနေရမှန်းပင် မသိတော့ပေ။
လူတွေ ငိုသည့်အခါ အိပ်ငိုက်လွယ်တတ်ကြပြီး သူ(မ)သည် မကြာခင်မှာပင် စောင်ထဲ ကွေးဝင်ရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။
နောက်ဆုံးမှာတော့ သူ(မ)နှလုံးသားထဲမှ အထုံးကြီး ပြေလျော့သွားလေသလား သူ(မ) မသိ။
ယနေ့ညမှာတော့ သူ(မ)သည် အိပ်မက်ဆိုးများ မမက်တော့ဘဲ အိပ်မက်လှလှလေးတစ်ခုကို မက်လေ၏။
စင်္ကြံတစ်ခုဆီသို့ သူ(မ)၏ဖအေတူမအေကွဲညီအစ်မများ ဆွဲခေါ်ရာနောက် ပါသွားပြီး လူအုပ်ကြီးနောက်တွင် ပုန်းနေသည့် သူ(မ)ကိုယ်သူ(မ) မင်ကျူး မြင်လိုက်ရသည်။
အဝေးတစ်နေရာတွင်မူ သစ်ပင်ကြီးအောက်တွင် ရပ်နေသည့် အမျိုးသားတစ်ယောက်။
သူ၏အသွင်အပြင်က အေးစက်စက်နှင့် ရှုချင်စဖွယ်ကောင်းလှသည်၊ မျက်ခုံးမျက်လုံးများက နူးနူးညံ့ညံ့နှင့် ခန္ဓာကိုယ်အချိုးအစားကမူ ကျစ်လစ်တောင့်တင်းပြီး နွေဦး၏ဖူးသစ်စပန်းပွင့်များထက်ပင် ပိုလှပနေ၏။
ဤလူငယ်၏ပုံစံသည် အလွန်အသက်ကြီးသေးသည့်ပုံမပေါ်၊ အဖြူရောင်ကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပမာ အေးစက်အထီကျန်နေ၏။ တည်တည်တင်းတင်းနှင့် မပြုံးမရယ်သည့် မျက်နှာထားက လူတွေကို လက်လှမ်းမမီနိုင်သည့်ပန်းပမာ ခံစားရစေသည်။
မင်ကျူး ထိုအချိန်တုန်းက ခံစားလိုက်ရသည်မှာ … သူဆိုတာ ကောင်းကင်ထက်က လမင်းတစ်စင်းနှယ်၊ သန့်စင်ပြီး တောက်ပတယ် ဒါပေမဲ့ လက်လှမ်းမမီနိုင်တယ်။
သူ(မ)၏အစ်မဖြစ်သူက သူ(မ)လက်ကို ဆွဲဆိတ်ကာ : “အညှို့ခံလိုက်ရပြီမလား”
မင်ကျူးတစ်ယောက် အသိပြန်ဝင်လာပြီး လေးလေးနက်နက်နှင့်ကို ပြန်ဖြေခဲ့မိသည်မှာ : “သူက တကယ်ကြီးကို ချောတာပဲ”
သူ(မ) သူ့ကို ဤအိမ်တော်အတွင်းတွင် ယခင်က မမြင်ဖူးခဲ့ပြီး သူ့ကို သိလည်းမသိနေချေ။ သို့သော် သူ့ထံမှထွက်နေသည့် မြင့်မြတ်သည့်ရောင်ဝါတို့က သေချာပေါက် ရာထူးမြင့်မြင့်ထဲမှ တစ်ဦးဦးဖြစ်ကြောင်း အရှင်းအလင်းဖော်ပြနေ၏။
သူ(မ)၏အစ်မဖြစ်သူက ပဟေဠိဆန်ဆန်ပြုံးကာ : “ငါ အဖေ့ဆီက ကြားလာတာ သူက ဒီနေ့ တို့အိမ်တော်ရဲ့အထူးဧည့်သည်တော်တဲ့”
လွန်ခဲ့သည့်ရက်အနည်းငယ်က ကျူးမူသည် သူ(မ)တို့ကို အမြင်မတော်သည့် တစ်စုံတစ်ရာပြုမူမိပြီး မိသားစု မျက်နှာမပျက်ရလေအောင်ဟုဆိုကာ လွတ်လပ်စွာ လျှောက်သွားခွင့်ကို ပိတ်ပင်ထားပြီး မိမိခြံဝင်းအတွင်းမှာပဲ နေရန် မှာထားခဲ့သည်။
မိသားစုတစ်ခုလုံး အလွန်သတိထားနေရသည့် ဤဂုဏ်သရေရှိဧည့်သည်တော်ဟာ အတော်လေး အသက်ကြီးလိမ့်မည်ဟု မင်ကျူး ထင်ထားခဲ့သော်ငြား သူသည် အံ့သြစရာကောင်းလောက်အောင် ငယ်ရွယ်နေပုံပါပေ။
သူ(မ)က : “မမ သူက ဘယ်မိသားစုက သားလဲ”
သူ(မ)၏အစ်မက ခေါင်းခါကာ : “ငါလည်း မသိဘူး ဒါပေမဲ့ မင်ရူရဲ့ အနာဂတ်ခင်ပွန်းလောင်းဖြစ်ဖို့များတယ်၊ အဖေနဲ့ အမေက ဒီနေ့မှာ မင်ရူကို သူ့ရှေ့မှာ မျက်နှာထွက်ပြဖို့တောင် မှာထားတာ”
မင်ကျူးသည် စိတ်မပါစွာ ‘အို့ အို့’ ဆိုလိုက်ပြီး ဤလူငယ်အပေါ် ထားရှိသော သူ(မ)၏အမြင်က မင်ရူ၏ အနာဂတ်ခင်ပွန်လောင်းဟူ၍ ပုံသေ ဖြစ်သွားခဲ့သည်။
ဤကိစ္စသေးသေးလေးကို မင်ကျူး မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သည်မှာ အတော်ပင် ကြာသွားခဲ့ပြီပေ။
ယခု ပြန်အမှတ်ရမိသည့်အခိုက်တွင်မှ သူ(မ) နားလည်လိုက်သည်မှာ သစ်ပင်အောက်တွင် မတ်တတ်ရပ်နေသည့် အေးတိအေးစက်နှင့် ချောမောခန့်ညားသော ထိုလူငယ်ကာ အခြားသူမဟုတ်ဘဲ အသက်နှစ်ဆယ်ပင်မပြည့်သေးသော ကျောက်ရှီ ဖြစ်နေကြောင်းပေ။
မင်ကျူး နိုးလာသည့်အချိန် သူ(မ)၏မျက်လုံးများက ဖူးရောင်နေခဲ့သည်။ သူ(မ) ရေခဲကပ်လိုက်ပြီးနောက်တွင်မှ နီမြန်းရောင်ရမ်းမှုက ဖြည်းဖြည်းချင်း လျော့ကျသွား၏။
နွေရာသီမှာ ကုန်ဆုံးလုနီးနီးပေ။
မင်ကျူး ကျောက်ရှီအပေါ်ထားသည့် သဘောထားက မအေးလွန်းမပူလွန်းသည့်အနေအထားတွင်သာ။ ကျောက်ရှီလည်း သူ(မ)ကဲ့သို့ အတိတ်ဘဝမှတ်ဉာဏ်များ ရှိနေသည်ကို သိလိုက်ရပြီးကတည်းက သူ(မ) သူ့ထံမှနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ကြောင်းကို နားလည်လိုက်ပေသည်။
ကျောက်ရှီအနေဖြင့်လည်း ဤကိစ္စအားလုံး လျင်မြန်စွာ ပြေလည်သွားလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် မလှည့်စားထား၊ ညများတွင် အိပ်မက်ဆိုးများကြောင့် သူ(မ)၏ငိုရှိုက်သံများကို မကြားရတော့သည်ကပင် သူ့ကို ဖြေသာနေစေပြီပင်။ သို့သော် အိပ်မက်ထဲတွင် ဝေ့ချီယွီ၏အမည်ကို ယောင်ပြီး ခေါ်နေသံကို သူ ကြားနေရဆဲဖြစ်သော်လည်း မကြားချင်ယောင်သာဆောင်ထားပေးခဲ့သည်။
သို့ရာတွင် မင်ကျူးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး အိပ်ရာနိုးလာသည့်အခါတွင် တစ်ခါတစ်ရံ မေးတတ်သည်မှာ : “ကျွန်မ မနေ့ညက အိပ်ယောင်သေးလား”
စာရွက်ကို လှန်နေသည့် ကျောက်ရှီ၏လက်က လေထုအလယ်တွင် တစ်ချက်တန့်သွားပြီး တည်ငြိမ်စွာနှင့်ပြန်ဖြေသည်မှာ : “ဟင့်အင်း”
မင်ကျူးလည်း သိပ်တော့မသေချာချင်၊ သူ့စကားကို ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် : “တကယ်လား”
ကျောက်ရှီသည် သူ(မ)ကို ပြုံးပြကာ : “တကယ်”
ဆောင်းဦးပေါက်ပွဲတော်တွင် ကျောက်ရှီသည် မင်ကျူးကို ပွဲတော်ကျင်းပရန်အတွက် နန်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့ နန်းတော်ထဲသို့ဝင်သည်နှင့် ကျောက်ရှီသည် သူ့သမီးကို ကျောက်ရှင်း၏နန်းဆောင်ဆီ ပို့ခိုင်းလိုက်သည်။
မင်ကျူးမှာ စိုးရိမ်စွာဖြင့် : “ရှောင်မန်က လူစိမ်းတွေနဲ့ဆို ရှက်တတ်တယ်”
ကျောက်ရှီသည် ထွေထွေထူးထူးဂရုစိုက်ပုံမရပြီး : “ကျောက်ရှင်းက ကလေးကို အရမ်းသဘောကျနေတာ”
“မင်းသမီးနဲ့ ရှောင်မန်က ဘယ်တုန်းက ဆုံဖူးသွားတာလဲ”
“မဆုံးဖူးဘူး”
“ဒါဆို ရှင်က သူ ကလေးကို သဘောကျမှန်း ဘယ်လိုသိလဲ”
“ကိုယ်က သူ့အစ်ကိုပဲလေ၊ သူ့အကြောင်း သိတာပေါ့”
မင်ကျူးမှာ စိတ်မသက်မသာဖြစ်နေဆဲ၊ အနည်းငယ် စိတ်မချနိုင်ဖြစ်စွာဖြင့် : “ကျွန်မ သွားပြီး တစ်ချက်လောက်ကြည့်လိုက်အုံးမယ်”
ကျောက်ရှီသည် သူ(မ)လက်ကို လှမ်းဆွဲထားလိုက်ပြီး : “ဘာမှဖြစ်မှာ မဟုတ်ပါဘူးကွာ၊ ကိုယ် မင်းကို ညစာစားပြီးရင် ခေါ်သွားပေးမယ်”
ဆောင်းဦးပေါက်ပွဲတော် တော်ဝင်စားပွဲ၊ မင်ကျူးသည် ဤသို့သောအခမ်းအနားများနှင့် ကျင့်သားမရသေးပေ။ သူ(မ)သည် လူတိုင်း၏မျက်လုံးများ သူ(မ)အပေါ်တွင် ရှိနေသည်ကို ခံစားမိပြီး စိတ်မသက်မသာဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။
ကျောက်ရှီသည် သူ(မ)လက်ကို တစ်ချိန်လုံး မလွှတ်တမ်းကိုင်ထား၏။ နေရာတွင် ဝင်ထိုင်ပြီးနောက်တွင် မင်ကျူးသည် သူတို့၏စူးစမ်းလိုသော မျက်လုံးများကို မမြင်ဟန်ဆောင်ကာ သူ(မ)ရှေ့ရှိ ပန်းကန်များကိုသာ အာရုံစိုက်ထားလိုက်သည်။
စားပွဲပေါ်တွင် တည်ခင်းထားသော ဥနှစ်လမုန့်နှစ်ခုက အတော်လေး အမြင်လှပြီး အရသာရှိမည့်ပုံပေ။
မင်ကျူးသည် တစ်ခုကို စမ်းစားကြည့်လိုက်ပြီး အရသာရှိကြောင်း သိလိုက်ရပြီးနောက်မှာတော့ နောက်တစ်ခုကို ထပ်စားလိုက်သည်။
သို့ရာတွင် လူတစ်ဦးလျှင် လမုန့်နှစ်ခုဖြင့်သာ တည်ခင်းထားခြင်းဖြစ်နေ၏။
သူ(မ)သည် ထပ်ပြီးစားချင်နေမိရင်း နှုတ်ခမ်းကို သပ်လိုက်၏။
ကျောက်ရှီက သူ့ပန်းကန်ကို သူ(မ)ထံ တိတ်တဆိတ် တွန်းပေးလိုက်သည်။
မင်ကျူးသည် လုံးဝရှက်မနေဘဲ ဗိုက်ပြည့်လုပြည့်ခင်အထိ လမုန့်ကို တတိတိစားလိုက်သည်။ သူ(မ) ရေတစ်ခွက် သောက်ပြီး ခေါင်းပြန်မော့လိုက်စဉ်မှာပင် သူ(မ)ရှေ့တွင် ရပ်နေသည့် နန်းတွင်းမိန်းမစေတစ်ဦးကို တွေ့လိုက်ရသည်။
မိန်းမစေလေးက လင်ဗန်းတစ်ဗန်းကို ကိုင်ထားပြီး ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ကာ စကားဆိုလာ၏။
“စုန့်တာရန်က ထိုက်ကျစ်ဖေး ဒီလမုန့်တွေကို အထူးနှစ်ခြိုက်တာကို တွေ့တာမလို့ ကျွန်တော်မျိုးမကို ဒါလေးတွေ ပို့ဆောင်ခိုင်းလိုက်ပါတယ်”
မင်ကျူးမှာ စုန့်ဟွိုင်ချင်းအကြောင်း စဉ်းစားမိရုံနှင့်တင် စိတ်အလိုမကျဖြစ်သွားရသည်။
မြေခွေးလို မျက်လုံးတွေနှင့် မည်သည့်အကြံစည်ကောင်းမှ မရှိနေသည့် လူ။
ပြီးတော့ သူ(မ)ကိုပင် ခြိမ်းလာခြောက်လာ လုပ်ခဲ့သေးသည်။
မင်ကျူး ငြင်းရန်ပြင်မည့်အချိန်မှာပင် ကျောက်ရှီက လက်ဦးစွာဆိုလိုက်သည်။
“ချထားခဲ့လိုက်”
မိန်းမစေလေး မုန့်ပန်းကန်ကို စားပွဲကို ချပေးသွားခဲ့သော်လည်း မင်ကျူးက မထိမတို့ပေ။
သို့ရာတွင်မူ ကျောက်ရှီက တစ်ကိုက်နှစ်ကိုက် ယူစားကြည့်ပြီး နောက်တွင် မုန့်များကို ဘေးဖယ်ကာ အလေးအနက်ဖြင့် : “သူ့မုန့်တွေက သိပ်ပြီး အရသာမကောင်းနေဘူး”
မင်ကျူးက နှုတ်ဆိတ်၍သာနေနေ၏။
သူ(မ)၏ စုန့်ဟွိုင်ချင်းအပေါ် အတော်လေး အမြင်မကြည်နေမှုကို ကြည့်ပြီး ကျောက်ရှီမှာ အနည်းငယ် စိတ်အေးသွားရသလိုလို။ ယခင်က စုန့်ဟွိုင်ချင်း သူ(မ)အပေါ် အလွန် ကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့သည့်အတွက်လည်း ယင်းမှာ အံ့ဩစရာတော့ မဟုတ်ချေ။
သို့သော် ယနေ့တွင် မင်ကျူးကို လမုန့်များ ပို့ပေးရန် နန်းတွင်းမိန်းမစေတစ်ဦးကို စေလွှတ်လိုက်သည်မှာ အမှန်တကယ်ပင် နားမလည်နိုင်စရာပင်။
ကျောက်ရှီက သာမန်ကာလျှံကာဖြင့် : “မင်းနဲ့ စုန့်ဟွိုင်ချင်း……”
သူ စကားမဆုံးသေးခင်မှာပင် မင်ကျူးက မျက်မှောင်ကြုတ်ကာ : “ကျွန်မ သူ့ကို ကြည့်မရဘူး”
ကျောက်ရှီမှာ ထိုသို့ကြားလိုက်သည်ကို အတော်လေး သဘောခွေ့သွားသော်လည်း အပေါ်ယံတွင် တည်ငြိမ်ဟန်ဆောင်ပြီး သူ(မ)ကို အပြည့်အဝထောက်ခံပေးလိုက်သည်။
“သူကလည်း တကယ် သဘောကျချင်စရာမှမကောင်းနေတာ”
နန်းတော်စားသောက်ပွဲ၌ မင်ကျူးသည် အစာစားရန်သာ အာရုံပို့ထားပြီး စိတ်ကမူ သူ(မ)၏ကလေးထံတွင်သာ ရောက်နေဆဲဖြစ်သည်။
ကျောက်ရှီသည် ကမ်းလာသော သေရည်များစွာကို သူ(မ)အစား ဒိုင်ခံသောက်ပေးနေပြီး မင်ကျူးကမူ စောစောထွက်လာနိုင်ရန် ဆင်ခြေတစ်ခုပေးကာ မင်းသမီး၏နန်းဆောင်သို့ ထွက်လာလိုက်သည်။ ထိုအခါမှသာလျှင် ကျောက်ရှင်းတစ်ယောက် ရှောင်မန်ကို မီးရှူးမီးပန်းများလွှတ်ရန် တောင်အနောက်သို့ ခေါ်ဆောင်သွားကြောင်း နန်းတွင်းအစေခံများထံမှ တစ်ဆင့်ကြားလိုက်ရသည်။ သူတို့ ဘယ်အချိန်မှ ပြန်လာကြမလဲလည်း သူ(မ) မသိရချေ။
မင်ကျူးသည် နာရီဝက်ခန့် ထိုင်စောင့်နေသော်လည်း တဖြည်းဖြည်း ငိုက်မျဉ်းလာရာ နန်းတွင်းအစေခံများက သူ(မ)ကို ဦးစွာပြန်နှင့်ရန် ဖျောင်းဖြလာကြတော့သည်။
“မင်းသမီးက တော်ရုံနဲ့ ပြန်လာအုံးမဲ့ပုံမပေါ်ဘူး၊ ထိုက်ကျစ်ဖေး ပြန်ပြီး အရင်အနားယူလိုက်ပါလား၊ မင်းသမီးပြန်လာရင် မင်းသမီးလေးကို ကျွန်တော်မျိုးမတို့ကိုယ်တိုင် ချက်ချင်း ပြန်ပို့ဆောင်ပေးပါ့မယ်”
မင်ကျူး : “ကောင်းပြီလေ”
ကျောက်ရှီ၏အိပ်ဆောင်သည်လည်း ယခုအခိုက်အတန့်တွင် မအေးချမ်းနေပေ။
မင်ကျူးမှာ သူ စားသောက်ပွဲမှ စောစီးစွာ ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် အပြင်၀တ်ရုံကို ချွတ်ကာ နှင်းဖြူရောင်ညဝတ်ကို ပြောင်းလဲဝတ်ဆင်ထားပြီး သူ၏ပိန်ပိန်ပါးပါးအသွင်အပြင်က အနည်းငယ် ဗလာဖြစ်နေသည့်နှယ်။
သူ(မ)မှာ အနည်းငယ် အံ့ဩသွားမိရင်း : “ဘာလို့ ရှင်လည်း အစောကြီးပြန်လာတာလဲ”
ကျောက်ရှီ၏မျက်လုံးများက အနည်းငယ် မူမမှန်နေပြီး သူ့အသံက မသိမသာပျော့ပျောင်းနေကာ : “ကိုယ် အများကြီးသောက်လာမိတယ်”
မင်ကျူး အနားသို့ လျှောက်သွားလိုက်ပြီးမှ သူ့မျက်နှာကလည်း ပုံမှန်မဟုတ်နေသည်ကို သတိပြုမိလိုက်သည်။ မူးနေပုံရသော်လည်း မျက်လုံးများကမူ ကြည်လင်နေပြီး ကိုယ်ပေါ်တွင် ချိုအီသော အမွှေးရနံ့တစ်ခုခု ရှိနေသည့်နှယ်။
ကျောက်ရှီသည် သူ(မ)ကို ရှောင်နေသကဲ့သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွား၏။
သူသည် သူ့လက်ချောင်းများကို ကစားကာ : “ကိုယ် ရေအရင်ချိုးလိုက်အုံးမယ်”
မင်ကျူးသည် ကြောင်အမ်းစွာ ခေါင်းညိတ်လိုက်ပြီး : “ကောင်းပြီလေ”
နန်းတွင်းအစေခံများသည် ရေအေးတစ်မျိုးတည်းကိုသာ ယူဆောင်လာကြသည်။ ဆောင်းဦးရာသီ တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ ညများက အမှန်တကယ်ပင် အေးစိမ့်လာ၏။ အဝတ်အစားအနည်းငယ်သာ ဝတ်ဆင်ခြင်းကပင် အအေးမိဝေဒနာကို အလွယ်တကူ ဖြစ်စေနိုင်သည့်အထိပေ။
ရေအေးနဲ့ ချိုးမယ်.?. သူ ရူးနေပြီလား.?.
ကျောက်ရှီသည် ရေချိုးကန်ထဲတွင် တစ်နာရီကြာအောင်နေနေခဲ့ပြီး သူ၏ ပူလောင်နေသောဆန္ဒတို့က ပိုမို၍သာပြင်းထန်လာ၏။ အဝတ်အစားများကိုပင် ခက်ခက်ခဲခဲ လဲဝတ်လိုက်ရပြီး သူ ထွက်လာသည့်အချိန်မှာတော့ မင်ကျူးတစ်ယောက် မအိပ်သေးသည်ကို တွေ့လိုက်ရသည်။
သူက အက်ရှနေသော အသံဖြင့် : “ကိုယ် ဒီည ဘေးအခန်းမှာ အိပ်လိုက်မယ်”
မင်ကျူးအနေဖြင့် ကန့်ကွက်စရာမရှိသော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သူ့လက်ကို လှမ်းဆွဲကာ ဆိုလိုက်သည်။
“ရှောင်မန်က မင်းသမီးနဲ့ ရှိနေသေးတယ်နော်”
ကျောက်ရှီသည် မျက်မှောင်ကြုတ်ကာ : “ကိုယ် သိပါတယ်”
သူက သူ(မ)လက်ကို အသာဖယ်ချပြီး : “ကိုယ့်ကို မထိသေးနဲ့အုံး”
မင်ကျူး : “ဘာဖြစ်လို့လဲ”
ကျောက်ရှီ : “ဘာမှမဖြစ်ဘူး”
တစ်စုံတစ်ယောက်သည် ဝိုင်ထဲတွင် ဆေးခပ်ခဲ့သည်အထိ ရဲတင်းလွန်ခဲ့သည်။ ကျောက်ရှီသည် အချိန်အတော်ကြာ တောင့်ခံထားခဲ့ပြီး သူ၏ခိုင်မာသော မိမိကိုယ်မိမိထိန်းချုပ်ထားမှုတို့မှာ သူ(မ)ရှေ့မှောက်တွင် ပြိုလဲသွားခဲ့သည်။
မင်ကျူးမှာ အခန်းက ရုတ်တရက်ကြီး ပူလောင်လာသလို ခံစားလိုက်ရပြီး သူ့လက်ကို အမြန်လွှတ်ပေးကာ ပျာပျာသလဲဖြင့် : “ဒါဆိုလည်း ရှင် အမြန်သွားတော့လေ”
ဆေးသည် အလွန်အစွမ်းထက်ပြီး ကျောက်ရှီတစ်ယောက် ၎င်းကို အချိန်အတော်ကြာအထိ ခံနိုင်ရည်ရှိနေခဲ့သည်မှာ အံ့ဩစရာပင်။
သူ(မ)၏အသံကို ကြားသည့်အချိန်မှာတော့ သူ၏တင်းမာနေခဲ့သော ကြိုးက ရုတ်တရက် ပြတ်ထွက်သွားခဲ့သည်။
သူ(မ)၏ အာ့ခနဲ အာမေဋိတ်အသံအကြားမှ သူသည် လူကို ခါးကနေ ကောက်ပွေ့ပြီး ခုတင်ပေါ် ပစ်တင်ကာ လက်ချောင်းများကို ကြားလေမတိုးအောင် ပူးယှက်ရစ်နှောင်ပြီး နူးညံ့သောစောင်များထဲ သူ(မ)ကို ဖိချလိုက်သည်။
~~~~~~~~~~~~
ဇာတ်သိမ်းရန် (11) ပိုင်း ကျန်♡