no

Font
Theme

အပိုင်း (၁၀၆)

နန်းတော်ရှိ လေထုတစ်ခွင်မှာ လေးလံနေပြီး တော်ဝင်ဆေးဆောင်ရှိ‌လေထုမှာ ပိုလို့ပင် ထိုင်မှိုင်းနေ၏။

လှပသောဤနွေဦးတွင် အချိန်အခါကိုက်မိုးက အဆက်မပြတ် ဖွဲဖွဲရွာနေခဲ့ပြီး မိုးသံတဖြောက်ဖြောက်မှာ လူများကို စိတ်ငြစ်ငြူးစေ၏။

မင်ကျူးသည် သူ(မ)နှလုံးသားထဲမှ တစ်စုံတစ်ခု ပျောက်ဆုံးနေသော ခံစားချက်ကြီးနှင့် အထီးကျန်ဆန်သည့်ခံစားချက်ကြီးက ဘယ်ကနေ ရောက်လာမှန်း မသိပေ။ သူ(မ) စိတ်ဓာတ်ကျလာသည့်အချိန်တိုင်း မြို့ရိုးပေါ် လမ်းလျှောက်ထွက်‌လေ့ရှိပြီး လမ်းတွင် ဝေ့ချီယွီနှင့်လည်း မကြာခဏ ဆုံရတတ်၏။

ထိုကဲ့သို့သောအချိန်များတွင် ဝေ့ချီယွီက သူ(မ)ကို လမ်းကြားဝင်ပေါက်အထိ အမြဲလိုက်ပို့ပေးလေ့ရှိ၏။ သူ့ရဲ့ပညာရှင်ဆန်သည့်လေထုက တစ်နေ့ထက်တစ်နေ့ အားကောင်းပြီးရင်းအားကောင်းလာခဲ့ပြီး လူတစ်ကိုယ်လုံးမှာ တည်ကြည်ပြီး လေးနက်ပြတ်သားသည့်ပုံပေါက်နေ၏။

ကျောင်းတော်မှ ကျောင်းသားတချို့သည် သူ့ကို အလွန်လေးစားကြပြီး မင်ကျူးကို ဝေ့ချီယွီ၏ 'သူတို့ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော' ဇနီးဟု မှားယွင်းစွာ မှတ်ယူကာ ဤပညာရှိဆရာငယ်ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ရာ သူ(မ)အတွက်ဟူ၍ လက်ဆောင်သေးသေးလေးများ ဝယ်ထည့်ပေးလေ့ရှိ၏။

ဝေ့ချီယွီက ထိုလက်ဆောင်ငယ်များကို တစ်ခါတစ်ရံ လက်ခံထားတတ်လေ့ရှိသည်။ အချို့မှာ အရသာရှိသည့် သရေစာမုန့်များဖြစ်ပြီး အချို့မှာ ရယ်စရာကောင်းသည့် အလှထားအရုပ်များဖြစ်သည်။ မူလက မင်ကျူးကို ပေးရန် ရည်ရွယ်ထားသော်လည်း ယခု သူ(မ)တွင် ဘာမှ မချို့တဲ့နေလောက်ကြောင်း သူ သွားတွေးမိသည်။ သူ(မ)ဟာ ယခင်ကလို သူ(မ)ကြိုက်နှစ်သက်သည့် ကိတ်မုန့်လေးတစ်ဖဲ့ကို စားဖို့တောင် တွန့်ဆုတ်နေရသည့် မိန်းကလေးငယ်လေးတစ်ယောက် မဟုတ်တော့‌ပါပေ။

ထို့ကြောင့် ဝေ့ချီယွီသည် သူ ဘယ်တော့မှ မပေးဖြစ်တော့မည့် ဤပစ္စည်းများအားလုံးကို သစ်သားသေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားလိုက်သည်။

ရက်အနည်းငယ်အကြာတွင် မင်ကျူးသည် ကျောက်ရှီတစ်ယောက် အတော်ကြာ ပြန်မလာသေးသည်ကို သဘောပေါက်သွားပုံရသည်။

သူ(မ)သည် သူ ဒဏ်ရာရ‌နေကြောင်းသာ ကြားထားပြီး သူ့အခြေအနေကို မမေးမြန်းခဲ့ပေ။

မင်ကျူးသည် ပြတင်းပေါက်အပြင်ဘက်ရှိ မိုးဖွဲများကို ငေးကြည့်နေပြီး မျက်နှာအမူအရာမှာ တစ်စုံတစ်ရာကို တသသဖြစ်နေသည့်နှယ်။ မိုးသည် ကြာရှည်စွာ ရွာသွန်းနေခဲ့ပြီး ခဏအကြာတွင် သူ(မ)သည် ပြတင်းပေါက်ကို တိတ်ဆိတ်စွာ ပိတ်ကာ နူးညံ့သော ညောင်စောင်းပေါ် လှဲလျောင်းရင်း များမကြာမီ အိပ်ပျော်သွားခဲ့သည်။

သူ(မ)သည် သိပ်ကြာကြာမအိပ်ခဲ့၊ သူ(မ) နိုးလာသည့်အချိန်တွင်လည်း အပြင်ဘက်တွင် မိုးက ဆက်လက်ရွာသွန်းနေဆဲ၊ သူ(မ)နှလုံးသားထဲ ဗလာနတ္ထိဖြစ်နေပြီး စိတ်အစဉ်က မသက်မသာဖြစ်ကာ ပါးများက စိုစွတ်နေလျက် မျက်လုံးများက ငွေ့ရည်လဲ့နေ၏။

သူ(မ)က အစေခံမိန်းကလေးကို ခေါ်လိုက်ပြီး မျက်လုံးများက အနည်းငယ် ငေးငိုင်းနေကာ : "သူ သက်သာရဲ့လား"

အစေခံမလေးသည် နောက်ဆုံးမှာမှ သက်မချနိုင်တော့၏ - ထိုက်ကျစ်ဖေးသည် အရှင့်သား၏ဒဏ်ရာကို စိတ်ပူပေးသေးသည်ပဲ။

သူ(မ)က : "ကျွန်တော်မျိုးမလည်း အတပ်မသိပါဘူးရှင့်၊ ရှေ့ရက်အနည်းငယ်က အိမ်တော်ထိန်းလင်း ပြောတာကတော့ အရှင့်သားရဲ့ ဒဏ်ရာက ... သိပ်အခြေနေမကောင်းဘူးလို့ ပြောတယ်"

သူသည် သတိလစ်နေဆဲဖြစ်ပြီး အသက်ရှင်ရန် ဆေးကို အထောက်အပံ့ယူနေရသေးသည့်ပုံပေ။

ခြေလှမ်းအနည်းငယ်သာ မှားသွားရင်ဖြင့်…

မင်ကျူး ရင်ဘက်ထဲမှာ တင်းကျပ်လာပြီး အသက်ရှူရကြပ်လာသလို ခံစားလိုက်ရသည်။ မျက်နှာက ဖြူဖျော့သွားပြီး မျက်မှောင်ကြုတ်လိုက်ရင်း : "တို့ သူ့ကို တစ်ချက်သွားကြည့်လို့ရရဲ့လား"

အစေခံမလေးသည် ပျော်ရွှင်သွားပြီး : "သေချာပေါက် ရတာပေါ့"

သဘာဝကျစွာပြောရလျှင် မတော်တဆမှုဖြစ်သည့်နေ့ကတည်းက ထိုက်ကျစ်ဖေးသည် အရှင့်သားကို ပြုစုစောင့်ရှောက်ရန် နန်းတော်ကို ဝင်သွားသင့်ခြင်းပေ။

သို့သော် ထိုက်ကျစ်‌ဖေးနှင့် အရှင့်သားအိမ်ရှေ့စံကြားရှိ ဆက်ဆံရေးက... အမှန်တကယ် သိပ်ကောင်းမနေပေ။ သူတို့အနေဖြင့် စိုးရိမ်တကြီး စောင့်ကြည့်နေရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။

အိမ်တော်ထိန်းလင်သည် သူ(မ)ကို နန်းတော်သို့ လိုက်ပို့ရန် လှည်းတစ်စီး ချက်ချင်းစီစဉ်လေသည်။

နန်းတော်ထဲရောက်သည်နှင့် မင်ကျူးတစ်ယောက် ကြောက်ရွံ့လာ၏။ သူ(မ)သည် ဦးတည်ရာမဲ့စွာ လျှောက်သွားနေပြီး နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်လျက်၊ လက်ထဲရှိ လက်ကိုင်ပုဝါကလည်း ပုံပျက်ပန်းပျက်သည်အထိ ဆုပ်ချေခံထားရလေသည်။

လီချွမ်းနေ့ (နွေဦးရာသီအစ)တွင် တော်ဝင်သမားတော်က အရှင့်သားအိမ်ရှေ့စံ၏ အိပ်ခန်းဆောင်ကနေ တစ်နေကုန် ထွက်မလာခဲ့ပေ။

အိမ်ရှေ့စံ နတ်ရွာစံတော့မည့် ကောလာဟလများကလည်း အဟန့်အတားမရှိ ပျံ့နှံ့နေလေ၏။

သူ့အ‌ခြေအနေက ရုတ်တရက် ပိုဆိုးလာခဲ့ပြီး ထိုနေ့နောက်ပိုင်းကတည်းက သတိပြန်ရသည်မှာ ခပ်ရှားရှား။

မင်ကျူးသည် ခြံထဲတွင် စိတ်လွင့်စွာထိုင်နေခဲ့ပြီး သူ(မ)လက်ထဲမှ အပ်က သူ(မ)ကို ထိုးမိတော့မလိုပင် ဖြစ်သွားသည့်အချိန် ရင်ဘတ်ထဲမှ စူးစူးရှရှနာကျင်မှုကို ခံစားလိုက်ရသည်နှင့်အတူ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။

အမွှေးတိုင်တစ်ဝက်စာ ကုန်ပြီးနောက်ဆုံးတွင် သူ(မ)သည် ကျောက်ရှီ၏အိပ်ခန်းဆောင်ထဲကို ခြေချလိုက်သည်။

အခန်းထဲတွင် မည်သူမှ မရှိနေပြီး တော်ဝင်သမားတော်ကလည်း ဘယ်အချိန်ကတည်းကမသိ ထွက်သွားချေပြီဖြစ်သည်။ ချိတ်ဆွဲထားသည့် ကုလားကာများကြောင့် သူ(မ)၏ မြင်ကွင်းက မှုန်ဝါးသွားပြီး ခုတင်ပေါ်တွင် လှဲလျောင်းနေသည့် လူတစ်ယောက်ကိုသာ မှုန်ဝါးဝါး မြင်နေရသည်။

အခန်းမှာ ဆေးနံ့ခါးခါးသက်သက်တို့ဖြင့် ပြည့်နှက်နေ၏။

မင်ကျူး ခုတင်ဘေးကို လျှောက်သွားပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ကျောက်ရှီ၏မျက်နှာကို တိတ်တိတ်လေး ငေးကြည့်နေရင်း မျက်လုံးများက တဖြည်းဖြည်း နီရဲလာခဲ့သည်။

ခုတင်ပေါ်မှလူသည် အနည်းငယ်ဖြူဖျော့နေသည်မှလွဲ၍ ပုံမှန်နှင့် သိပ်မကွာပေ။

ဤမျက်နှာက ဖျားနာနေသည့်အချိန်မှာတောင် ကြည့်ကောင်းနေနိုင်သေး၏။

မင်ကျူး လက်လှမ်းလိုက်ကာ သူ့ပါးကို လက်ညှိုးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။ သူ(မ)ပြောသည့်စကားများကို သူ ကြားနိုင်မလားဆိုတာ သူ(မ) မသိပေ။

"ရှင် တကယ်ပဲ နိုးမလာတော့ဘူးလား"

သူ့မျက်နှာကို ကြည့်ရင်း သူ(မ)၏မျက်ဝန်းများထဲ မျက်ရည်များ ဝေ့သီတက်လာ၏။

"ကျွန်မ ရှင့်ကို မသေစေချင်ဘူး"

သူ(မ)က သူ(မ)ရင်ဘက်ကို အသာအယာဖိပြီး : "ကျွန်မနှလုံးသားထဲမှာ အရမ်းမသက်မသာဖြစ်နေတယ်"

ရက်ဆက်တိုက်ဆိုသလို နေ့လယ်ခင်းတစ်ရေးတစ်မောအိပ်စက်ချိန်ကနေ နိုးလာပြီး မျက်လုံးဖွင့်လိုက်သည့်အခိုက် ဗလာကျင်းနေသည့် အခန်းကို ငေးကြည့်မိရင်း သူ(မ)နှလုံးသားက အဆက်မပြတ်တဒုတ်ဒုတ်ခုန်လာပြီး ထိန်းချုပ်လို့မရသည့် အထီးကျန်မှုဒဏ်က လူတစ်ကိုယ်လုံးကို လွှမ်းမိုးလာ၏။

မင်ကျူး၏လက်ချောင်းထိပ်လေးများက သူ့မျက်နှာကောက်ကြောင်းများပေါ် ဂရုတစိုက် ခြေရာကောက်ပုံဖော်ကြည့်နေ၏။

"အခုတော့ ကျွန်မလည်း တစ်ချို့ကိစ္စတွေကို အဖြေရှာတွေ့သွားခဲ့ပြီ"

သူပြောခဲ့သလိုပဲ သူ သူ(မ)ကို တကယ်ချစ်ခဲ့တာ ဖြစ်နိုင်ပေ၏။

တကယ်တော့ အတိတ်ဘဝက ရရှိခဲ့သည့် ဒဏ်ရာများကြောင့်သာ သူ(မ)သည် တစ်ဖန်ထပ်ချစ်ရမည်ကို အမှန်တကယ်ကြောက်ရွံ့နေခဲ့ပြီး သူ့ပါးစပ်မှ ထွက်လာသည့် ချစ်ခြင်းမေတ္တာစကားတွေကိုလည်း အလွယ်တကူ မယုံကြည်ရဲခဲ့ပေ။ သူ(မ) နောက်တစ်ကြိမ် လှည့်စားခံရမှာကို ကြောက်သလို တစ်ဖန်ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်စေမှာကိုလည်း ကြောက်ခဲ့သည်။

ဤကမ္ဘာပေါ်တွင် သူ(မ)ကို စိတ်ရင်းမှန်နှင့် ဆက်ဆံပေးသည့်သူမှာ တကယ့်ကိုမှ အနည်းငယ်မျှသာ။

တကယ်တော့ သူ(မ)လည်း သူ(မ)ကို စစ်မှန်စွာ ချစ်မြတ်နိုးပေးမည့် တစ်စုံတစ်ယောက်ကို တောင့်တနေခဲ့ရခြင်းပေ။

ထိုသို့ပြောပြီးနောက် သူ(မ)တစ်ယောက် ထပ်ပြီး တိတ်ဆိတ်သွား၏။

ကျောက်ရှီသာ ဤအတိုင်းသေသွားခဲ့လျှင် သူ(မ) ဆက်ပြီးအသက်မရှင်နိုင်တော့ခြင်းမဟုတ်သော်ငြား အချိန်တစ်ခုစာအထိ မဖြည်ဆည်းနိုင်ဖြစ်နေရမှာပင်။

မင်ကျူး၏မျက်လုံးများထဲမှ အေးစက်မှောင်မိုက်သည့် မြူခိုးငွေ့များက ငွေ့ရည်ဖွဲ့ပြီး မျက်ရည်အဖြစ် တဖြည်းဖြည်း ပြောင်းလဲကာ ပါးပြင်ထက် စီးကျလာ၏။

သူ(မ)က တိတ်တဆိတ် ငိုကြွေးရင်း နောက်ဆုံးတွင် ခုတင်ဘေး၌ပဲ အိပ်ပျော်သွားခဲ့သည်။

သူ(မ) ကျောက်ရှီကို ထပ်ပြီး အိပ်မက်မက်ပြန်၏။ ချောမောခန့်ညားလွန်းလှသည့် လူငယ်လေးကာ သစ်ပင်များ၏အရိပ်အောက်တွင် ရပ်နေခဲ့ပြီး နုပျိုသေးသည့် အရွယ်၌မှာပင် ညှို့ယူဖမ်းစားနိုင်သော အလှတရားကို ပိုင်ဆိုင်ထားသော်ငြား စိတ်နေစိတ်ထားကတော့ နှင်းမှုန်များထက်ပင် အေးစက်နေလေ၏။

ဖြတ်ပြေးလာသော နွေဦးလေပြေငယ်က လူငယ်လေး၏ထူးခြားသည့်ရနံ့ကို သယ်ဆောင်ပွေ့ပိုက်လာ၏။

ငြိမ်သက်နေသော ရေကန်ကဲ့သို့ ကြည်လင်သည့်တိုင် အေးစက်နေသော သူ၏မျက်လုံးများက ခံစားချက်အလုံးစုံကို ဝါးမျိုထားသော်ငြား ဝမ်းနည်းမှုအရိပ်အယောင်ကို မှုန်ဝါးဝါးမြင်လိုက်ရသလို။

ထိုမျက်လုံးများကို ကြည့်ရင်း မင်ကျူးသည် ရုတ်တရက် အရာများစွာကို အမှတ်ရသွားမိသည်။

ကျောက်ရှီဆိုသည်မှာ တိတ်တိတ်ဆိတ်ဆိတ်နှင့် တစ်ကိုယ်တည်း ထီးတည်းနေကာ မိမိအားနည်းချက်ကို ထုတ်မပြလိုသူပေ။ ပြောစရာစကားလုံးများ ထောင်ပေါင်းများစွာရှိနေသကဲ့သို့သော အကြည့်များဖြင့် သူ(မ)ကို အကြိမ်ကြိမ်ကြည့်တတ်သော်လည်း သူပြောရန် တွန့်ဆုတ်နေခဲ့သည့် စကားလုံးများက နောက်ဆုံးအချိန်ထိ ပြောမထွက်လာခဲ့ဘဲ မျိုသိပ်ထားခြင်းအဖြစ်သို့ ရောက်ရပြန်သည်။

မင်ကျူးတစ်ယောက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် နိုးလာပြီး ညာဘက်လက်တစ်ခုလုံးက ထုံကျင်နေကာ လှုပ်ရှားရန်ပင် ခက်ခဲနေ၏။ ပါးပြင်ပေါ်ရှိ စိုစွတ်နေသော အမှတ်အသားများက ခြောက်သွေ့သွားပြီး နီရဲနေသော မျက်လုံးများကသာ သူ(မ) ငိုထားပုံရကြောင်း သက်သေပြနေ၏။

"ကျူးကျူး"

တိုးတိုးလေးနှင့် အက်ရှနေသည့် အသံတစ်ခုက သူ(မ)၏ ဦးခေါင်းထိပ်ထက်မှ နှေးနှေးကွေးကွေး ထွက်ပေါ်လာ၏။

မင်ကျူး ဖြည်းဖြည်းချင်း မတ်မတ်ထိုင်လိုက်သည်။

အမျိုးသားသည် နိုးနေသည်မှာ တခဏရှိပြီဖြစ်ပြီး အတော်လေးနေထိုင်ကောင်းနေသည့်ပုံပေ။ သူ(မ)လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်လိုက်သည့်အချိန် သူ့လက်ချောင်းထိပ်များရှိ ဆေးရနံ့ခပ်ဖျော့ဖျော့က လေထုထဲ ပျံ့လွင့်လာ၏။ သူ(မ)၏နီရဲနေသော မျက်လုံးများကို ကြည့်ပြီး သူက သဘောတကျရယ်လေကာ : "ငိုနေတာလား၊ ကိုယ့်ကို မသေစေချင်ဘူးပေါ့.?."

မင်ကျူး သူ့အကြည့်ကို ရှောင်လွှဲလိုက်ပြီး မျက်နှာကို အလျင်အမြန် ငုံ့ကာ ပါးစပ်ဟလိုက်သော်လည်း "မဟုတ်ဘူး" ဟူသော စကားလုံးကို မပြောထွက်နိုင်ခဲ့ပေ။

ကျောက်ရှီ ဓားထိုးခံရသည်မှာ မှန်သော်လည်း ဒဏ်ရာက ကောလာဟလထဲကလောက် မပြင်းထန်ပေ။

ကျောက်ရှီ ဇာတ်လမ်းအတိုင်း ရေလိုက်ငါးလိုက် လိုက်ကကြည့်ခြင်းပေ၊ သူ တကယ်သာ သေအံ့ဆဲဆဲဖြစ်နေလျှင်.. သူ(မ)ဘက်မှ သူ့ကို တစ်ချက်လေးတောင် ငဲ့ကြည့်ပေးဖို့ စိတ်ကူးမရှိလျှင်.. သူ သူ့ကံကြမ္မာသူ လက်ခံလိုက်မည်သာ။

သူ(မ)ရဲ့စကားသံတွေကို သူကြားသည်.. သူ(မ)ရဲ့မျိုသိပ်ထားသည့် တီးတိုးရှိုက်ငိုသံလေးများကို သူ ကြားသည်... ။

သူ(မ)ရဲ့နှလုံးသားထဲမှာ သူ ရှိနေသေးသည်။

သူ၏တည်ရှိမှုက သေးသေးမှုန်မှုန်လေးပဲ ဖြစ်လျှင်တောင်မှ အရေးမကြီးတော့ပါချေ။

ကျောက်ရှီက သူ(မ)မျက်နှာကို မော့စေပြီး လက်ကိုင်ပုဝါဖြင့် ပါးများကို သုတ်ပေးလေ၏။ သူ့အသံက တိုးတိုးလေးနှင့် နူးညံ့နေ၏။

"မင်း မပြောရင် ကိုယ် ဟုတ်တယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်"

မင်ကျူး၏ နှာခေါင်းထိပ်က ပန်းရောင်သန်းနေပြီး သူ(မ)က ကမန်းကတန်း မတ်တတ်ထရပ်ကာ : "ကျွန်မ သမားတော်ကို သွားခေါ်လိုက်အုံးမယ်"

သိပ်မကြာခင် အိပ်ခန်းဆောင်ထဲတွင် တော်ဝင်သမားတော်မှာ ဝင်လိုက်ထွက်လိုက်ဖြစ်နေ၏။ အရှင့်သားအိမ်ရှေ့စံက မျက်လုံးများကို မှေးကျဉ်းထားပြီး သူ့အသားအရေက သေမင်းနှုတ်ခမ်းဝကနေ အသက်လုပြီး ပြန်ထွက်လာရသည့်သူတစ်ယောက်နှင့် မတူပေ။

ကျောက်ရှီက သဘောတကျရယ်နေလေရင်း : "သွားပြီးတော့ အားဆေးနည်းနည်းပါးပါး ညွှန်းပေးလိုက်"

တော်ဝင်သမားတော်မှာ နဖူးပေါ်က ချွေးအေးများကို သုတ်လိုက်ပြီး ခေါင်းညိတ်ကာ ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

ကျောက်ရှီက သာမန်ကာလျှံကာဖြင့် : "မင်း မပြောသင့်တဲ့ ဘယ်စကားကိုမှ ထိုက်ကျစ်ဖေး သိသွားတာမျိုး မလိုချင်ဘူး"

"အရှင့်သား ကျွန်တော်မျိုးကြီး ပါးစပ်စေ့စေ့ပိတ်ထားပါ့မယ်"

တော်ဝင်သမားတော်သည် အိပ်ခန်းဆောင်ထဲမှ ထွက်သည်နှင့် ဆေးကို ချက်ချင်းသွားပြင်ဆင်လေသည်။

အစပိုင်းတွင် အိမ်ရှေ့စံ၏ဒဏ်ရာမှာ အတော်လေး ဒုက္ခများခဲ့သော်လည်း သွေးထွက်ခြင်း ရပ်တန့်သွားပြီးနောက်တွင် ဒဏ်ရာမှာ လုံးဝနီးပါး ပျောက်ကင်းသွားခဲ့သည်။ အိမ်ရှေ့စံ နတ်ရွာစံတော့မည်ဟူသော ကောလာဟလများနှင့် ပတ်သက်၍ အရှေ့နန်းဆောင်(အိမ်ရှေ့စံနန်းဆောင်)မှ တမင်တကာ ပျံ့အောင် ဖြန့်ခဲ့ခြင်းဖြစ်သည်။

တော်ဝင်ဆေးဆောင်မှ လူများမှာလည်း အိမ်ရှေ့စံနှင့် အထိုက်အလျောက် ဇာတ်ဝင်ကပေးရတော့သည်။ ဤလှည့်စားမှုသည် ပိရိသေသပ်ပြီး မည်သူမျှ သဲလွန်စ ရှာမရခဲ့ပေ။

ကံကောင်းထောက်မစွာပင် ပြင်းထန်သော ဒဏ်ရာမရှိဘဲ သူတို့အားလုံး မုန်တိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

မဟုတ်ပါက သူတို့၏ဘဝများ အခက်တွေ့ရပေလိမ့်မည်။

...

ကျောက်ရှီသည် ဒဏ်ရာပြင်းထန်စွာရပြီး မပျောက်ကင်းသေးသည့် လူနာတစ်ယောက်ဖြစ်သည့်အတွက် အိပ်ရာမှ အထိုင်အထပြုရန် အခက်အခဲရှိနေ၏။

သူ့ကို ပြုစုစောင့်ရှောက်ရမည့် တာဝန်က သဘာဝအတိုင်း မင်ကျူးပေါ် ကျရောက်လာခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ(မ)သည် လက်ကို တစ်ချက်လှုပ်ရုံဖြင့် ရေကန်အသင့်ကြာအသင့်ဖြစ်နေသည့်ဘဝမျိုးတွင် နေခဲ့ရကာ အခြားသူများကို မည်သို့ဂရုစိုက်ရမည်ကို သူ(မ) တကယ်မသိခဲ့ပေ။ တစ်ခါတစ်ရံတွင် သူ(မ)သည် သူ့ကို အဝတ်အစားများ မှားဝတ်ပေးတတ်ပြီး အတွင်းဝတ်များကို မခွဲခြားနိုင်သည်က တစ်ဖုံ၊ ခါးပတ်ကို ကောင်းစွာ မချည်နှောင်နိုင်ခြင်းတို့က တစ်မျိုးဖြင့် အယောင်ယောင်အမှားမှားတွေပင် ဖြစ်ခဲ့သည်။

မင်ကျူးကိုယ်တိုင်က သူ(မ)၏ပြုစုစောင့်ရှောက်ပေးမှုစွမ်းရည်အပေါ် ရှက်ရွံ့မိသော်လည်း ကျောက်ရှီကတော့ အတော်လေး ကျေနပ်နှစ်သက်နေပုံပေ။

သူသည် နန်းတော်တွင် နောက်ထပ် လဝက်ကြာ ပြန်လည်နာလန်ထူခဲ့ပြီး ပထမနိုးနိုးလာချိန်ကကဲ့သို့ပင် အားနည်းနေဆဲဖြစ်သည်။

မင်ကျူးတွင် သံသယများစွာရှိသော်လည်း သေချာစဉ်းစားပြီးနောက်တွင် သူ(မ)ကိုယ်သူ(မ) သံသယလွန်ကဲနေသည်ဟုသာ ခံစားလိုက်ရသည်။

သူ(မ)က : "ရှင် ဆေးကို ကောင်းကောင်းမသောက်ဘူးလား"

ကျောက်ရှီက အလေးအနက်ပြန်ဖြေ၏။

"မဟုတ်ပါဘူး"

မင်ကျူးမှာ ပဟေဠိဖြစ်မိကာ : "ဒါဆို ဘာလို့ ချောင်းက ဆိုးနေသေးရတာလဲ"

ကျောက်ရှီက ချောချောမွေ့မွေ့ပဲ ဇာတ်လမ်းထွင်ပြောတော့သည်။

"အတွင်းဒဏ်ကြောင့် ဖြစ်မှာ"

မင်ကျူးက သင်္ကာမကင်းဖြစ်စွာ : "ဟုတ်လား"

ကျောက်ရှီမှာ သူ(မ)ကို မနေနိုင်အောင် နမ်းမိတော့ပြီး မရှင်းမလင်းရေရွတ်လာ၏။

"အင်း၊ ဓားက အရေးကြီးတဲ့နေရာကို ထိသွားတာလေ"

သူက သူ(မ)မျက်နှာကို အုပ်ကိုင်ပြီး သူ(မ) ဘာမှ ထပ်မပြောနိုင်မီ သူ(မ)ကို နှုတ်ပိတ်စေလိုက်သညိ။

"ကောင်းပြီ ကောင်းပြီ ကိုယ့်ကို ပေးနမ်းပါအုံး"

ထိုနေ့ပြီးနောက်တွင် မင်ကျူးသည် နေ့တိုင်း သူ ဆေးသောက်သည်ကို ကိုယ်တိုင်ကိုယ်ကျကြည့်ပြီး ရက်အနည်းငယ်ကြာပြီးသည်အထိ မည့်သည့်ပြစ်ချက်ကိုမှ သူ(မ) ရှာမတွေ့ခဲ့ပေ။

ကျောက်ရှီမှာ အကြာကြီး နေမကောင်းဟန် ဟန်မဆောင်နိုင်သဖြင့် သင့်တော်မည့်နေ့တစ်နေ့ကို ရွေးချယ်ကာ လမ်းလျှောက်ထွက်ရန် မင်ကျူးကို နန်းတော်အပြင်ဘက်သို့ ခေါ်သွားလိုက်သည်။

မြို့တော်သည် ဤမျှသာ ကြီးမားခြင်းဖြစ်ပြီး ကွေ့တစ်နေရာတွင် သူတို့သည် အသိတစ်ချို့နှင့် သွားဆုံ၏။

ဝေ့ချီယွီသည် စာအုပ်တွေတစ်ထပ်ကြီး ကိုင်ပြီး ကျောင်းတော်ကနေ ထွက်လာ၏။

မင်ကျူးမှာ ကျောက်ရှီ ဝေ့ချီယွီကို တွေ့ပြီး ရောဂါဟောင်းပြန်ထကာ ပြဿနာရှာမည် စိုးသောကြောင့် သူ့အင်္ကျီလက်ကို ကပျာကယာဆွဲကာ ပြန်ချင်ပြီဖြစ်ကြောင်း ဆိုလိုက်သည်။

ကျောက်ရှီက သူ(မ)၏လက်ကောက်ဝတ်ကို ပြန်ဆုပ်ထွေးလိုက်ပြီး ဝေ့ချီယွီကို တောက်ပစွာ ပြုံးပြရင်း : "ဝေ့တာ့ရန်"

ဝေ့ချီယွီကလည်း ဦးညွှတ်ပြီး : "အရှင့်သား"

တိုတိုတုတ်တုတ်နှုတ်ဆက်ပြီးနောက်မှာတော့ ကိုယ်စီလမ်းခွဲလိုက်ကြသည်။

ကျောက်ရှီသည် သူ(မ)၏လက်ချောင်းများကို ကျစ်နေအောင်ဆုပ်ထားရင်း : "မင်းတို့နှစ်ယောက် အရင်က တွေ့ဖြစ်ခဲ့ကြတာ ကိုယ် သိပါတယ်"

မင်ကျူးသည် ကျောက်ရှီ၏ဝန်တိုစိတ်က ရေရေရာရာအကြောင်းပြချက်မရှိဘဲ ပြန်ထကြွလာတော့မည်ဟု ထင်ခဲ့သော်ငြား အံ့သြစရာကောင်းသည်မှာ သူက ဘာမှဆက်မပြောလာခဲ့ခြင်းပေ။

ဝေ့ချီယွီ လမ်းကြားဝင်ပေါက်တွင် သူ(မ)ကို ဖက်ခဲ့သည်ကိုတောင် ကျောက်ရှီ သိပေ၏။ အရင်စိတ်နှင့်သာဆိုလျှင် သူ သေချာပေါက် ဒေါသူပုန်ထနေဦးမှာပေ။

ယခုတွင် သူ၏အကြီးမားဆုံးသော အကြောက်တရားမှာ သူ(မ)ရဲ့မျက်ဝန်းတွေထဲ သူဆိုတာ မရှိတော့ပြီး ချစ်ခြင်းမုန်းခြင်းကဲ့သို့သော သူ့အပေါ်ထားသည့် ခံစားချက်များအားလုံး အခိုးအငွေ့များကဲ့သို့ လုံးလုံး ပျောက်ကွယ်သွားမှာကိုပင်။

ကျောက်ရှီသည် သူ(မ)ကို လှည်းပေါ် ပွေ့ချီတင်လိုက်ပြီး ယိမ်းထိုးနေသည့် လမ်းခရီးစဉ်တစ်လျှောက်တွင် ထိုအမျိုးသား၏ကြည်လင်သည့် ကြေးမှန်တစ်ချပ်ကဲ့သို့သော မျက်လုံးများက သူ(မ)ထံတွင်သာ မြဲမြဲမြံမြံရှိနေခဲ့ပြီး မကြာမီ တိတ်ဆိတ်နေသည့် ဆည်းဆာတစ်ခွင်ကို ဖြိုခွင်းလိုက်သည့် အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာ၏။

"ကျူးကျူး"

မင်ကျူးသည် တစ်ဖက်သို့ မျက်နှာမူကာ ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို ငေးကြည့်နေ၏။

ကျောက်ရှီသည် သူ ပြောချင်သည့်စကားများကို ပြန်မျိုချလိုက်သည်။ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက်မှ သူက : "ပင်ပန်းနေရင် အိပ်တော့လေ"

သူ သူ(မ)ကို သဘောကျကြောင်း ပြောချင်ခဲ့သော်လည်း ပြောပြီးကာမှ သူ့စကားတွေက အပေါစားဆန်လွန်းနေမှာကို ကြောက်မိပြန်သည်။

အပြောထက် လုပ်ရပ်များဖြင့် သက်သေပြလိုက်သည်က ပိုအဓိပ္ပါယ်ရှိ၏။ နောင်ရှစ်နှစ်ပဲဖြစ်ဖြစ် နောင်ဆယ်နှစ်ပဲဖြစ်ဖြစ် သူ(မ)ရဲ့ နှလုံးသားကို သူ အမြဲနွေးထွေးပေးနိုင်သည်။

သူ(မ) ဝေ့ချီယွီအပေါ် ခံစားချက်ဟောင်းတွေ ဘယ်လောက်ပဲကျန်နေပါစေ အရေးမကြီးတော့ပေ။

သူ(မ)နှလုံးသားထဲတွင် သူ ရှိနေသေးသည်ဆိုသည့်အချက်နှင့်တင် ကျောက်ရှီအတွက် အရာရာဟာ လုံလောက်နေပြီဖြစ်သည်။

~~~~~ ပြီးပါပြီ ~~~~~

ဒီဝတ္ထုထဲမှာ

အတိတ်ကို ဖက်တွယ်ထားပြီး လက်မလွှတ်နိုင်ဆဲဖြစ်နေတဲ့ ဝေ့ချီယွီဟာလည်း မမှားခဲ့သလို…

အတိတ်မှာ ချောင်ပိတ်မိနေခဲ့တဲ့ ခံစားချက်တွေနဲ့ ပစ္စုပ္ပန်ကြားမှာ တဝဲလည်လည်ဖြစ်ပြီး ကိုယ့်ခံစားချက်ကိုယ် နောက်ဆုံးမှာမှ ပြန်ရှာတွေ့ခဲ့တဲ့ မင်ကျူးဟာလည်း မမှားခဲ့…

အတ္တတစ်ခုတည်းကိုသာ ရှေ့တန်းတင်ခဲ့ပြီး သူ့အမှားတွေကို ပြင်ဆင်ဖို့ကြိုးစားချိန် အရာရာဟာ နောက်ကျခဲ့ပြန်ရင်း အသက်နဲ့လောင်းကြေးထပ် တစ်ချိန်က သူ တန်ဖိုးထားခဲ့တဲ့ သူ့အတ္တကို သူ(မ)ရှေ့ချပေးပြီး အခုကာမှ နားလည်ပေးတတ်ဖို့ စတင်သင်ယူနေတဲ့ ကျောက်ရှီဟာလည်း မမှားခဲ့…

တစ်ယောက်စီရဲ့ ရွေးချယ်မှုတွေက

တစ်ယောက်စီရဲ့ နာကျင်မှုတွေဖြစ်လာခဲ့ပေမယ့်

နောက်ဆုံးမှာတော့

သူတို့သုံးယောက်စလုံးဟာ

ကိုယ့်အမှန်တရားကို ကိုယ်ရှာတွေ့ခဲ့ကြပါတယ်^^

ဒီလိုပဲ ဒီဝတ္ထုလေးကို ဘာသာပြန်ဖို့ ရွေးချယ်ခဲ့တဲ့ ကျွန်မဟာလည်း မမှားခဲ့ပါဘူး

ပြီးခါနီဇာတ်သိမ်းဖို့အရေးကို တောင်ရွှေ့မြောက်ရွှေ့ပြီး တစ်နေ့တစ်ကြောင်း ဘာသာပြန်နေတဲ့ မျောက်စိတ်ဖြစ်နေတဲ့ ဘာသာပြန်သူရဲ့ ဘာသာပြန်ကိုမှ ongoing လိုက်ပြီး လာဖတ်ကြတဲ့ ရှင်တို့ကသာ မှားတာ😝

စတာစတာပါရှင် ကျောက်ရှီတို့က အချပ်ပို ရှိပါသေးတယ် ဒါမဲ့ မပြီးမပြတ်သေးတဲ့ အချပ်ပိုနှစ်ပိုင်းတည်းပါ မူရင်းအော်သာကလည်း အပ်ပုဒိတ်မလာတော့ပါဘူး ဆိုတော့ အမတို့ ဒီဝတ္ထုကို ဒီမှာပဲ ဒီလောက်နဲ့ ရပ်လိုက်ကြတာပေါ့နော်

အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ဖတ်ပေးခဲ့ကြတဲ့ li'l Reader တွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်🖤🫶🏾

စာတွေမှားလည်း မပြင်တော့ဘူးနော်၊ ဖျက်လည်းမဖျက်တော့ဘူး၊ ခေါင်းစဉ်ကတော့ နောက်တစ်ခါ wp ထဲ ပြန်ဝင်ဖြစ်တဲ့အခါကျမှ ပြန်ပြောင်းတော့မယ်ရှင့် အယောက်စေ့ဖြေရမှာ ပျင်းတာကြောင့် အချိန်နဲ့တစ်ပြေးညီအသိပေးတဲ့ သဘောလို့ပဲ မှတ်ပါ😆

ခေါင်းစဉ်အမှန်မေ့သွားတဲ့သူတွေကိုတော့ နောက်မခေါ်တော့ဘူးနော်🫵🏾

တာ့တာပါရှင်👋🏾

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment