no

Font
Theme

စုန့်ယွီက စင်္ကြံအဆုံးတွင် ခဏရပ်လိုက်ပြီး စုန့်ခယ်နှင့် သူ၏အကြံပေး သူ့ဘက်သို့ လျှောက်လာသည်ကို ကြည့်နေလိုက်သည်။

“မင်းရဲ့ အဆိုပြုချက်ကို ငါယူလိုက်တယ်နော်၊ ညီလေး။ မင်းက ဒီလောက်ထိ ကပ်စေးမနည်းပါဘူး ဟုတ်တယ်ဟုတ်။”

စုန့်ခယ်က စုန့်ယွီထက် တစ်နှစ်ပိုကြီးပြီး Alpha တစ်ယောက်လည်းဖြစ်သည်။ သူက စုန့်ယွီနှင့် ဆယ်ပုံတွင် သုံးလေးပုံလောက်အထိ ဆင်တူသော်ငြား မျက်နှာကျ လေးထောင့်ဆန်ပြီး ဆံပင်အရောင်က နီညိုရောင်ပေါက်ကာ မွဲခြောက်နေပုံပေါ်သည်။

စုန့်ခယ်၏ ဤညီငယ်လေးသည် ငယ်ငယ်လေးကတည်းက ပြီးပြည့်စုံလွန်းကာ ဘယ်သူကမှ သူ၏အရည်အချင်းကို ယှဉ်၍မရခဲ့ပေ။ ထိုသို့သော ဖိအားများအောက်၌ ကြီးပြင်းလာရသည့် ရလဒ်အနေနှင့် စုန့်ခယ်သည် တစ်ဖက်သားကို အမြဲလွှမ်းမိုးချင်လာကာ အခြားသူများ နိမ့်ကျနေချိန်တွင် ပါးစပ်အရသာခံရသည်ကို စွဲလန်းလာခဲ့သည်။

လက်ရှိတွင်တော့ သူတို့၏ ရာထူးများက ပြောင်းပြန်ဖြစ်သွားကြပေပြီ။

စုန့်ယွီက ဘာမှမပြောဘဲ လက်ကို မြှောက်လိုက်ပြီး အနားမှ အစောင့်များကို မောင်းထုတ်လိုက်သည်။ ထို့နောက် သူက လက်ငါးချောင်းကို ခပ်တင်းတင်း ဆုပ်လိုက်ပြီး စုန့်ခယ်၏မျက်နှာအား လေကဲ့သို့အလျင်ဖြင့် ထိုးထည့်လိုက်တော့၏။

အပြောင်းအလဲက ရုတ်တရက်ဆန်စွာ ရောက်ရှိလာခြင်းဖြစ်ရာ စုန့်ခယ်မှာ ပြင်ဆင်ချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားရသည်။

“မင်းသား!”

သူ၏အကြံပေးက သူ့ကိုကူညီရန် ပြေးလာချင်သော်လည်း စုန့်ယွီ၏ စောင်းငဲ့ကြည့်လာသော မျက်လုံးများနှင့် ရင်ဆိုင်တွေ့ချိန်တွင် ကြောက်လန့်မှုတို့ဖြင့် အေးခဲသွားခဲ့သည်။

ဖယ်ရိုမုန်းများ မထုတ်လွှတ်ထားသော်လည်း သူ၏အကြည့်ကပင် ကြောက်မက်ဖွယ်ကောင်းလှကာ လူအများကို ထိတ်လန့်စေသည်။

ဤကဲ့သို့သော ကိုယ်ထိလက်ရောက် အပြုအမူကြောင့် စုန့်ခယ်မှာ အံ့အားသင့်သွားရ၏။ သူက ဒယီးဒယိုင်ဖြင့် မတ်တတ်ရပ်ကာ စုန့်ယွီအား အော်ဟစ်လိုက်သည်။

“စုန့်ယွီ! မင်း ရူးနေလား!!?”

သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ငယ်ငယ်ကတည်းကပင် မကောင်းခဲ့သော်လည်း ၎င်းသည် မိသားစုအတွင်းမှ လျှို့ဝှက်ပြိုင်ဆိုင်မှုသာဖြစ်ပြီး လူမြင်ကွင်းတွင် ရန်ဖြစ်ရန်မပြောနှင့်၊ ခွန်းကြီးခွန်းငယ်ပင် ပြောင်ပြောင်တင်းတင်း မအော်ဖူးကြပေ။

စုန့်ယွီက စုန့်ခယ်ကို လှမ်းဆွဲကာ လက်ကိုလှန်ချိုးပြီး ကျောဘက်သို့ ပို့လိုက်သည်။ ထို့နောက် သူက စုန့်ခယ်၏ခါးကို ဘေးတိုက် ဖြတ်တိုက်ချလိုက်ကာ မီတာအတော်ဝေးဝေးအထိ ကန်ထုတ်ပစ်လိုက်သည်။ သူ့လှုပ်ရှားဟန်က သပ်ရပ်ကာ မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။

“မင်းပြောတာ မှန်သလိုလိုပဲရယ်။ ဒါပေမဲ့ ငါက ကပ်စေးနည်းရုံတင် မဟုတ်ဘူး၊ အရမ်းလည်း...ရန်ငြိုးထားတတ်သေးတာလေ။ မင်းသာ ငါ့ပစ္စည်းကို ခိုးဖို့ စဥ်းစားထားရင် အကျိုးဆက်ကိုလည်း တွေးထားရမှာပေါ့။”

စုန့်ခယ်၏ အကြံပေးမှာ အလွန်ထိတ်လန့်တုန်လှုပ်နေကာ စိတ်ထဲတွင်လည်း ဗလာြဖစ်လို့နေသည်။ ဒုတိယမင်းသားနှင့် မျက်နှာချင်းဆိုင် တွေ့ကြသည့်အထိ အဆင်ပြေသေးသည်။ သို့သော်လည်း သူက အရာအားလုံးကို လျစ်လျူရှုကာ ပထမမင်းသားကို တိုက်ရိုက်ပင် ရိုက်နှက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့။

ပြန်ချဖို့ အခွင့်အရေးလေးတောင် မပေးဘူး!

“မင်းက အဲ့ဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ။ တစ်ယောက်ယောက်ကို ခေါ်လိုက်စမ်း!”

စုန့်ခယ်မှာ နာကျင်မှုအပြည့်နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မတ်တပ်မရပ်နိုင်။

“ဒီလူရမ်းကားကို ဖမ်းကြ-!!”

သူ့စကားပင် မဆုံးလိုက်။ လက်တစ်ဖက်က သူ့ဆံပင်များအား ဆောင့်ဆွဲလိုက်ပြီး စုန့်ယွီ၏ အေးစက်နေသောအသံက သူ့နားထဲသို့ ဝင်လာသည်။

“ငါသာ မင်းကို တကယ်သတ်ချင်တယ်ဆိုရင်၊ ဘယ်သူမှ မင်းကို မကယ်နိုင်တာကို သိတယ်မလား။ ဘယ်သူကမှလေ...”

စုန့်ခယ်မှာ သူ့ခေါင်းပေါ်သို့ ရေခဲရေများ ပုံးလိုက်လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ စုန့်ယွီ၏ လေသံတွင် ဖုံးကွယ်မထားသည့် လူသတ်ချင်နေသော အငွေ့အသက်များ ရှိနေ၏။ စုန့်ခယ်၏ ရင်ဘတ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားကာ ဦးနှောက်တစ်ခုလုံး ပေါက်ထွက်သွားတော့မတတ်ပင်။ မြေကြီးပေါ်၌ ကျနေသော သူ၏လက်ချောင်းများကအစ တုန်ရီနေကြသည်။

စုန့်ယွီက သူ့ကို အမှန်တကယ်ပင် သတ်ချင်နေသည်ဟု သူယုံသည်။ ထိုအရာက အမှားအယွင်း မရှိနိုင်ပေ။

.....................

ဖွင့်ပွဲဒုတိယနေ့တွင် ဗဟိုစစ်တက္ကသိုလ်၌ ရုန်ရှီနှင့်ပတ်သက်သည့် ကောလာဟလများ အတော်လေး ပျံ့နှံနေခဲ့သည်။

ရုန်ရှီ၏ မိန့်ခွန်းက စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များကို မကျေနပ်မှုများ အတော်လေး ဖြစ်စေခဲ့သည်ဟူသော ကောလဟာလအမျိုးမျိုးက ဟိုဟိုဒီဒီ၌ ပြန့်နှံ့နေသည်မှာ ကျောင်းကပင် ရုန်ရှီကို ကျောင်းသားသစ် ဥက္ကဌရာထူးမှ ရုပ်သိမ်းခြင်း ရှိ၊ မရှိ ဆွေးနွေးရန် အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ရသည်။

ကျောင်းအုပ်ရုံးခန်း....

“ကျောင်းမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသားကို ဘယ်တော့မှ ရာထူးကနေ ဖယ်လို့မရဘူး။ ဒါက ငါတို့ကျောင်းရဲ့ အစဉ်အလာပဲလေ။”

ချန်းဖန်က လက်ထဲတွင် ရေနွေးခွက်ကို ကိုင်ထားပြီးနောက် ဆိုဖာကိုမှီကာ သူ့ဘေး၌ထိုင်နေသော ရုန်ရှီကို အသာကြည့်ပြီး ပြောလိုက်သည်။

“တစ်ယောက်ကတော့ မင်းကို ရာထူးကနေ ပြန်ရုပ်သိမ်းလိုက်ဖို့ ထောက်ခံထားတယ်။ ဒါပေမဲ့ ငါက ပြတ်ပြတ်သားသား ကန့်ကွက်လိုက်တယ်။ ဝင်ခွင့်စာမေးပွဲမှာ လိမ်လည်မှု ရှိမရှိ မေးခွန်းလာထုတ်ရအောင် ငါတို့က ငတုံးတွေပုံများ ပေါက်နေလို့လား။ မင်းရဲ့ အရည်အချင်းက ကျောင်းသားဥက္ကဋ္ဌဖြစ်ဖို့ လုံလောက်တာထက် ပိုသေးတယ်။“

ရုန်ရှီ ထမင်းစားရန် ထွက်လာသည်တွင် ချန်းဖန်က သူ့ကိုဖမ်းပြီး “မင်းရဲ့ယုံကြည်မှုကို ငါဖျက်ဆီးမိပြီ”ဟု အလေးအနက်ပြောကာ ဆွဲခေါ်လာသည်က ယခုကဲ့သို့ အာလူးဖုတ်ရန် ဖြစ်နေသည်။

အဆူခံရသည်ကို မကြိုက်သော်လည်း ရုန်ရှီက ယခုအဖြစ်အား လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောရသည်ဟုသာ ခံယူထားလိုက်သည်။

ချန်းဖန်မှာ ဝက်သေတစ်ကောင်အား ကြိမ်းမောင်းနေမိသည်ဟု ခံစားရအောင် သူ့ကို ပြောချင်ရာပြောခွင့် ပေးထားသော ရုန်ရှီကိုကြည့်ကာ ဒေါသမထွက်နိုင်တော့။

ကောင်လေးက အမှန်တကယ်ပင် ချောမောကာ အရည်အချင်းလည်း ရှိသည်။

‘အဲ့တာတောင် သူ့ရဲ့ ဘဝအပေါ် အကောင်းမြင်စိတ်က ဘယ်အရွယ်မှာပျောက်ခဲ့တာပါလိမ့်။ ဆယ်ကျော်သက်အရွယ်မှာ ဘာကိစ္စ လက်ထပ်ချင်နေတာလဲ။ သုံးဆယ်ကျော်မှကော လက်ထပ်လို့ မရဘူးလား။’

ချန်းဖန်က ရေနွေးခွက်ကို စားပွဲပေါ်တင်လိုက်ရင်း ရုန်ရှီအား အသာချော့လိုက်သည်။

“ရုန်ရှီ၊ မင်းဘဝမှာ အခက်အခဲတွေ ကြုံဖူးတယ်ဆိုတာ ငါသိတယ်။ ငါ့ကိုပြော ငါက မင်းကို ဖြေရှင်းနည်းတွေ ရှာပေးမှာပေါ့။ အသက်က ငယ်သေးတယ်၊ လျှောက်ရမဲ့ ဘဝခရီးလမ်းက အရှည်ကြီးပဲ ရှိသေးတယ်လေ။ ယုံကြည်မှုကို မပျောက်စေနဲ့။”

ရုန်ရှီက ရေနွေးခွက်ကို ထပ်ဖြည့်ပေးပြီး မေးလိုက်သည်။

“သူတို့က ကျွန်တော့်ကို ရာထူးကနေ ထုတ်ချင်တာလား။”

“ဒီနေရာမှာ ငါ့ကို ချက်ချင်းလုပ်လိုက်ဆိုပြီး ဘယ်သူကများ ဖိအားပေးရဲမှာလဲ။”

အစည်းအဝေးတွင် မျက်နှာမည်းမည်းနှင့် လက်မှိုင်ချသွားသူများကို စဉ်းစားလိုက်ရင်း ချန်းဖန်က အေးစက်စွာ ရယ်လိုက်သည်။

“နောက်ဆုံးတော့ လေ့ကျင့်ရေးအသစ်ရဲ့ ရလဒ်ကို အကဲဖြတ်တဲ့ စံနှုန်းသစ်အဖြစ် သတ်မှတ်လိုက်တယ်လေ။ အဲ့ဒီ့မှာသာ ပထမဆက်ဖြစ်နေသေးရင် မင်းအကြောင်း ဘယ်သူမှ ပါးစပ်ဟတော့မှာမဟုတ်ဘူး။”

လေ့ကျင့်မှုအသစ်ဟုခေါ်သော သင်တန်းက ကျောင်းသားသစ်များအတွက် အထူးကြပ်မတ်လေ့ကျင့်မှုဖြစ်ပြီး သာမန်ကျောင်းများတွင်တော့ ဒီအနေအထားက ဝင်ခွင့်စာမေးပွဲနှင့် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

ဗဟိုစစ်တက္ကသိုလ်တွင်တော့ ဤလေ့ကျင့်ရေးက ကျောင်းသားများ၏ ပင်ကိုယ်အရည်အချင်းကို တိုင်းတာရန်အတွက် အရေးကြီးသော သင်ရိုးဖြစ်ပြီး ရလဒ်က နောက်ဆက်တွဲအတန်းများနှင့် အရင်းအမြစ် ခွဲဝေမှုတို့ကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်။

လေ့ကျင့်းရေးအသစ်တွင် ရေးဖြေစစ်ဆေးမှုနှင့် တိုက်ခိုက်ရေးအကဲဖြတ်ခြင်းဟု ပိုင်းခြားထားပြီး စုစုပေါင်းရမှတ်၏ 30% နှင့် 70% အသီးသီးရှိသည်။ ပုံမှန်အားဖြင့် ဖွင့်ပွဲအခမ်းအနားပြီးနောက် သုံးရက်မြောက်နေ့တွင် စတင်သည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းသားအချို့သည် ဤသို့ပြင်းထန်သော အကဲဖြတ်မှုတွင် လိုက်လျောညီထွေမဖြစ်သဖြင့် အခြားကျောင်းများသို့ ပြောင်းရွှေ့ခံရတတ်သည်။ ဤသည်က ကျောင်းသားများအတွက် ကျောင်းရွေးချယ်ရန် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်သည်။ ဆက်နေလိုပါက ထိုကဲ့သို့ လူမဆန်သော လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်သည်။

5% အောက် တချို့သော ကျောင်းသားများအား အင်ပါယာ၏ စစ်တပ်တွင် ပါဝင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ပြီးလျှင် ဗဟိုလူမှုဆက်ဆံရေးကောလိပ်သို့ အတင်းအကျပ် ပြောင်းရွှေ့လိမ့်မည်ဖြစ်သည်။

“တိုက်ရိုက်ပဲ သွားရအောင်ပါ။ နောက်တစ်ကြိမ်အတွက်ဆို ကျွန်တော့်မှာ အချိန်မရှိဘူး။”

ကျောင်းသားဥက္ကဌသည် တကယ်တွင်တော့ လုပ်ပိုင်ခွင့်များစွာ ရှိသည်ပင်။ ကျောင်းသားများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပိုင်ခွင့်နှင့် ကျောင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံအားလုံးကို စီမံခန့်ခွဲပိုင်ခွင့် ရှိသည်။ ကျောင်းကို နိုင်ငံတစ်ခုနှင့် နှိုင်းယှဉ်ပါက ကျောင်းသားဥက္ကဌသည် ဘုရင်တစ်ဝက်ဟုပင် ဆိုနိုင်သည်။

ပျမ်းမျှအားဖြင့် စစ်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်သူများသည် ကြယ်ပွင့်များထက် သာလွန်သော ဥက္ကဋ္ဌဖြစ်ရန် စိတ်ကူးပင် မယဥ်နိုင်ကြ။

သို့သော် ရုန်ရှီ၏ ပစ်မှတ်က ဥက္ကဌရာထူးပင်ဖြစ်ရာ သူများလက်ထဲသို့ ထည့်ပေးရန်တော့ သူ့စိတ်ထဲ၌မရှိပေ။

ချန်းဖန်ခမျာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပင် နီမြန်းလာရသည်။

‘သင်း ပိရမစ်ထိပ်ကနေ ပြုတ်ကျတာကို စောင့်နေတဲ့ လူဘယ်နှစ်ယောက်တောင်မှလဲ!! ဒါကိုတောင်မှ သင်းက ကိုယ့်ဘာသာ ခုန်ချလာသေးတယ်!!’

“မင်းက ဘာကို အလုပ်ရှုပ်နေတာလဲ။ ဝန်ထမ်းစာမေးပွဲဖြေဖို့လား မဟုတ်ရင် မိန်းမယူဖို့လား။”

ချန်းဖန်မှာ ဒေါသတကြီး အော်ပြောလိုက်မိတော့သည်။

“...”

ရုတ်တရက် ရုန်ရှီက သူ့နောက်ကို လှမ်းကြည့်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။

“ပါမောက္ခချင်။”

“စကားလမ်းကြောင်း မလွှဲနဲ့။ ဒီအကွက်ကို နှစ်ခါပြန်သုံးလို့ မရဘူးမှတ်။”

“ဘာကိစ္စရှိလို့ ဒေါသထွက်နေတာလဲ။”

အသံကြားလိုက်ရသဖြင့် ချန်းဖန် လန့်သွားပြီး လှည့်ကြည့်လိုက်ချိန်၌ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သော သူ၏အိမ်ထောင်ဖက်ကို တွေ့လိုက်ရသည်။

လူပေါ်လာသည်နှင့် တပြိုင်နက် 01 စက်သံက ရုန်ရှီ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ချင်လင်၊ အသက် 78 နှစ်၊ Alpha ၊ တော်ဝင်ဇီဝသန္ဓေလေ့လာရေးမှ ပညာရှင်၊ ဖယ်ရိုမုန်းနယ်ပယ်တွင် ကျွမ်းကျင်သူ၊ အိမ်ထောင်ဖက်- ချန်းဖန်-]

ချင်လင်က သူယူလာသည့် အပူပေးအိုးကို စားပွဲပေါ်သို့ တင်လိုက်ပြီး နူးနူးညံ့ညံ့ပြုံးကာ ပြောလာသည်။

“အငယ်လေး ရောက်နေတာလား။ ငါ စွပ်ပြုတ်ချက်လာတယ်၊ လာသောက်ချေ။”

ချန်းဖန်က ထိုအခါမှပဲ သူ့မျက်နှာကို ပြောင်းတော့သည်။သူက ရုန်ရှီကို ထိုင်ခိုင်းပြီး ပန်းကန်နှင့် တူများကို သူ့ဘာသာသူ ထယူလိုက်၏။

ရုန်ရှီက ချင်လင်က အပူပေးခွက်အား အဖုံးဖွင့်နေသည်ကိုကြည့်ရင်း စပ်စုလိုသော လေသံအေးအေးနှင့် မေးလိုက်သည်။

“ဖယ်ရိုမုန်းတွေ 100% ကိုက်ညီတဲ့ လူနှစ်ယောက်က ကမ္ဘာပေါ်မှာ ရှိမယ်ထင်လားဟင်။”

ချင်လင်က ထိုသို့သောမေးခွန်းမျိုး အမေးခံရသည်ကို နည်းနည်း အံ့ဩသွားပုံရသည်။

“သီအိုရီအရတော့ ရှိတယ်၊ ဒါပေမယ့် ဖြစ်နိုင်ခြေက ဘီလီယံတစ်ရာမှာ တစ်ယောက်လောက်ပဲ။ လူတစ်ယောက်ရဲ့ အသက်က နှစ်ရာဂဏန်းပဲရှိတာလေ။ ပြင်ပက ဝင်ရောက်စွက်ဖက်မှု မရှိဘူးဆိုရင် သန်းနဲ့ချီတဲ့ လူအရေအတွက်ထဲက တစ်ယောက်ကို တွေ့နိုင်ဖို့က မလွယ်ဘူး။ တစ်ဘဝလုံး တစ်ယောက်နဲ့တစ်ယောက် မသိလိုက်တာက ပိုဖြစ်နိုင်တယ်။”

အင်ပါယာ၌ Alpha နှင့် Omega များက စုစုပေါင်းလူဦးရေ၏ 20% သာရှိသောကြောင့် လူဦးရေအကျပ်အတည်း ပြဿနာက ရှိမလာသေး။

ဖြစ်နိုင်ခြေက မရှိသလောက်နည်းနေသော အချိန်တွင် ထိုလူများက မည်သို့လုပ်ကာ သူနှင့် 100% ကိုက်ညီသော Omegaကို တွေ့လာခဲ့သနည်း။ ထို့အပြင်ကို ထို Omega၏ ဖယ်ရိုမုန်းများက သူ့ကို လုံးဝ ထိန်းချုပ်သွားနိုင်တာကလည်း ရုန်ရှီ၏ကိုယ်တွေ့ပင်။

“100% လိုက်ဖက်ညီတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က နောက်တစ်ယောက်ကို လွှမ်းမိုးနိုင်တာက အမှန်ပဲလား။ ဥပမာ Omegaက heat ဝင်တဲ့အခါ Alpha က ထိန်းချုပ်ခံရပြီး တစ်ဖက်က အမိန့်ပေးလာသမျှ လုပ်ရတဲ့ အခြေအနေမျိုးရော ရှိဖူးလား။”

ချင်လင်၏ လက်ထဲမှအိတ်က မြေပြင်ပေါ် ရုတ်တရက် ပြုတ်ကျသွားပြီး သူက ကောက်ဖို့ ငုံ့ကာ ပြုံးရင်းပြောလိုက်သည်။

“AO ဆက်ဆံရေးမှာ Omegaက Alpha ကို လုံးဝလွှမ်းမိုးထားပြီး အချိန်မရွေး ထိန်းချုပ်လို့ရတာမျိုး မရှိပါဘူး။ မင်းက ဒီကဏ္ဍကို အရမ်းစိတ်ဝင်စားနေတာလား။”

ရုန်ရှီသည် အမျိုးသားကြီး၏ မျက်နှာပေါ်ရှိ ခဏတာ တောင့်တင်းမှုကို လက်လွတ်မခံဘဲ စိုက်ကြည့်လိုက်ပြီးမှ မျက်လွှာချကာ ပြောလိုက်သည်။

“ကျွန်တော်က ဇနီးရှာနေတာလေ၊ ဒီလို အကြောင်းကို ပိုသိချင်တယ်။”

ချန်းဖန်က ပန်းကန်ကိုကိုင်ရင်း ဝမ်းသာအားရ စားသောက်နေသည်ပင်၊ ဒီစကားကြားတော့ သူ့ခမျာ ဒေါသထွက်သွားပြန်သည်။

...

ရွှယ်ဖုရှင်း၊ ရှင်းတုံခရိုင်၏ အာကာသယာဉ် ဆင်းသက်ရာနေရာ...

စုန့်ယွီသည် သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်နိုင်သည့် ဧရာမအရွယ် နေကာမျက်မှန်ကို ၀တ်ထားကာ ကျယ်ပြောလှသော ခန်းမကြီးအတွင်း လျှောက်သွားနေခဲ့သည်။

“အိုး ဒီက ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်အားထက်သန်မှုက တော်ဝင်ဗဟိုကြယ်စင်ကနဲ့တောင် ယှဉ်နိုင်တယ်”

ချင်လော့က သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီး လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်တပ်လိုက်သည်။

“ကောရဲ့မျက်နှာက နေရာတိုင်းမှာ အာရုံစိုက်ခံရမှာပဲ။ အဲ့ဒါကို ဖုံးထားနော်၊ မဟုတ်ရင် ဝက်ဝက်ကွဲ အော်နေကြမှာ။”

စုန့်ယီသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျက်ကွယ်ပြုကာ “သွားစမ်း” ဟု တိတ်တဆိတ် ပြောလိုက်သည်။

ချင်‌လော့က ဂိတ်ပေါက်ရှိ အာရုံခံကိရိယာကို ဖြတ်ကျော်ကာ ထွက်လာသောအခါတွင် အနက်ရောင် ‌မျောလွင့်ကားအသစ်တစ်စီးက သူတို့ရှေ့သို့ ဆင်းသက်လာသည်။

နှစ်ယောက်သား ကားထဲသို့ဝင်ပြီးနောက် ချင်လော့က ပျံသန်းမှုလမ်းကြောင်းကို ချမှတ်နေသည့် GPS ကိုကြည့်ကာ ဤအဖြစ်အပျက်တစ်ခုလုံးက အစစ်အမှန်မဟုတ်ဟု ခံစားလိုက်ရသည်။

သူတို့က ကျောင်းတက်ဖို့ ရွှယ်ဖုရှင်းကို အတည်ပေါက်ကြီး ရောက်နေကြပြီ။

ချင်လော့၏ အာရုံများထဲတွင် မနေ့က အဖြစ်အပျက်ကို တွေးမိပြီး စိုးရွံ့နေဆဲ။

သေဆုံးသွားသော အလုပ်သမား၏ အလောင်းကို ဖယ်ရှားပြီး သူနှင့် အကြံပေးဖြစ်သူတို့ ရောက်သွားချိန်၌ ကြမ်းပြင်ပေါ်၌ လုံးထွေးနေသော စုန့်ယွီနှင့် စုန့်ခယ်အပြင်၊ သူတို့နှစ်ယောက်ကို ဝန်းရံထားပြီး ဘာလုပ်ရမှန်းမသိဘဲ ရပ်ကြည့်နေသော တော်ဝင်အစောင့်အဖွဲ့ကိုပါ တွေ့လိုက်ရသည်။ စုန့်ခယ့်သည် သွေးများဖြင့် မြေပြင်ပေါ်တွင် လဲနေပြီး စုန့်ယွီက သူ့ဆံပင်များကို ဆုပ်ကိုင်ကာ နန်းတော်ကြမ်းပြင်နှင့် ကိုင်ရိုက်နေသည်မှာ တစ်ချက်ပြီးတစ်ချက်။

နန်းတော်ထဲတွင် တစ်စုံတစ်ယောက် ဒုက္ခရောက်အောင် ရိုက်နှက်ခဲ့သောလူက ဒုတိယမင်းသားသာ မဟုတ်ခဲ့ပါက ထိုနေရာမှာတင် အသေပစ်သတ်ခံရမည်ဖြစ်သည်။ စုန့်ယွီဖြစ်နေသည့်အတွက် တော်ဝင်အစောင့်များက မလှုပ်ဝံ့ကြဘဲ နောက်ဆုံးတွင်တော့ ဧကရာဇ်၏လူများက စုန့်ယွီကို ဖျောင်းဖျပြီး ဆွဲခေါ်သွားရသည်။

ဧကရာဇ်ဆီကို သွားမတွေ့ခင်တွင် စုန့်ယွီက စုန့်ခယ်ကို ကန်ထုတ်ရင်း “မင်းကို နောက်တစ်ခါ တွေ့ခွင့်မပေးနဲ့၊ မင်းနဲ့တွေ့တိုင်း ငါမင်းကို အသေရိုက်ပြမယ်” ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ချင်လော့မှာ ထိုအချိန်က ကောင်းကင်ကြီးပြိုကျတော့မည်ဟု ထင်မိသွားသဖြင့် တန်ပြန်အစီအမံများကို ဆွေးနွေးရန် သူ့အဖေနှင့်တွေ့ခဲ့ပြီး စိတ်ပူသဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

နောက်နေ့မနက်စောစော၌ စုန့်ယွီ၏ အပြောင်းအရွှေ့ လျှောက်တင်လွှာအား ဧကရာဇ်က အတည်ပြုပေးခဲ့သည်။ လိုက်နာရမည့် အချက်များထဲတွင် ချင်လော့သည်လည်း စုန့်ယွီကို အတူအဖော်ပြုကာ လိုက်ပါပေးရမည်ဖြစ်ပြီး စုန့်ယွီ၏ အထောက်အထားကို ဖော်ထုတ်ခွင့်မရှိဟု ညွှန်ကြားထားသည်။

ကားမောင်းထွက်ပြီးနောက် ချင်လော့က မြည်တွန်တောက်တီးလိုက်သည်။

“ကော..မင်းက အရမ်းရက်စက်လွန်းတယ် စုန့်ခယ်က နံရိုးသုံးချောင်းရော၊ ညာဘက်လက်ရော ကျိုးသွားပြီး တော်ရုံတန်ရုံ လှုပ်မရတော့ဘူးလို့ အဖေ့ဆီကနေ ကြားလိုက်ရတယ်။”

ထိုအကြောင်းပြောလျှင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာ ခံစားရပြီး သူ့ပါးပြင်နှစ်ဖက်စလုံး ဖောင်းတက်လာသည်ကို ချင်လော့က မသိချင်ယောင်ဆောင်ထားသည်။

စုန့်ယွီက သူ့ကျောပိုးအိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး သူ့ပေါင်ပေါ်တင်ကာ ပေါ့ပေါ့ပါးပါး လှန်လိုက်သည်-

“အားနည်းတဲ့ ကြက်လေးပါပဲ၊ မရိုက်ဘဲနဲ့ သတ်ပစ်လိုက်ရမှာ။”

စာအုပ်မျက်နှာဖုံး၌ ရိုက်နှိပ်ထားသော “ကွမ်တမ်ရူပဗေဒ အချိန်ရဲ့ လျှို့ဝှက်ချက်” ကို စိုက်ကြည့်ရင်း ချင်လော့မှာ သူ့မျက်လုံးကို တည့်တည့်မတ်မတ် မထိန်းနိုင်ဘဲ အိပ်ချင်လာရသည်။ ရူပဗေဒကို စိတ်ဝင်စားဖို့ကောင်းတဲ့ စာဖတ်ပစ္စည်းအဖြစ် မှတ်ယူထားတဲ့ တစ်ဦးတည်းသော သူက စုန့်ယွီပဲ မဟုတ်လား။

“ဒါပေမဲ့ အဲ့လိုလုပ်ဖို့အစား သည်းခံနေရမှာ။”

မင်းသားကြီးသည် ဤမျှအထိ ဆိုးဆိုးရွားရွား အရိုက်ခံရပြီးနောက် ဤကိစ္စကို ဘယ်တော့မှ လက်လွှတ်မည်မဟုတ်။ ထို့အပြင်ကို ယခုလက်ရှိတွင် သူတို့က ရွှယ်ဖုရှင်းသို့ ရောက်ရှိနေရာ ဝေးကွာသော တော်ဝင်ဗဟိုကြယ်စင်မှ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။

စုန့်ယွီက သူ၏မျက်လုံးများကို ရှုပ်ထွေးနေသော ဖော်မြူလာများဆီမှ မရွှေ့ဘဲ မေးလာသည်။

“ငါက အဲ့ဒါကို ဘာလို့သည်းမခံနိုင်ဘူးလို့ ထင်ရတာလဲ။”

ချင်လော့မှာ ခဏမျှ ထိတ်လန့်သွားပြီး အူကြောင်ကြောင်နှင့် မော့ကြည့်လိုက်သည်။

“ဒါဆို ကောက ဘာလို့ မြို့တော်ကနေ ထွက်လာတာလဲ။”

“ကစားဖို့”

ချင်လော့ : “...”

မင်း! မင်းအရမ်းကို တော်နေတယ်!

ရုန်ရှီတစ်ယောက် ရုံးခန်းထဲမှ ထွက်လာသည်နှင့် ရုတ်တရက်ကြီး အဖက်ခံလိုက်ရသဖြင့် လှည့်ကြည့်ချိန်တွင် 01 ၏အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

[ချန်ချန်၊ အသက် ၃၄ နှစ်၊ Beta၊ သခင့်ရဲ့ ဒုတိယတပ်မှူး၊ ဗိုလ်မှူးကြီးအဆင့်-]

“မင်္ဂလာပါ ဥက္ကဌရုန်။”

ထိုဖက်ထားသောသူက ရုန်ရှီကို လွှတ်ပေးလိုက်ပြီးနောက် သူ့လက်ကို ဆန့်တန်းလိုက်ကာ မျက်ခုံးတွန့်လျက် ပြုံးရင်း မိတ်ဆက်လာသည်။

“ငါက ဦးစီးဌာနက ဒုတိယနှစ် ကျောင်းသားပါ။ နာမည်က ချန်ချန်။”

ရုန်ရှီက သူ့လက်ကို ပြန်ဆွဲကာ နှုတ်ဆက်လိုက်သည်။

“တစ်ကျောင်းလုံးမှာ မင်းကိုမသိတဲ့လူကို ရှာရတာ ခက်မယ်ထင်တယ်။”

ချန်ချန်သည် ရွှင်ပျသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အနည်းငယ် ရင်းနှီးလွယ်သည်ပင်။

“အမှန်အတိုင်းပြောရဲတဲ့ မင်းလို ညီအစ်ကိုတစ်ယောက်ကို ရလာတာကပဲ ဘုရားပေးတဲ့ဆုလို့ ပြောရမယ်။ အခုက အသက်ကက ဘယ်လောက်ရှိပြီလဲ။ မင်းက တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုနဲ့ တာဝန်ထမ်းဆောင်လိုစိတ် ရှိနေတာပဲဟာ။ မင်းက လူမိုက်လုပ်နေတာမဟုတ်ဘူး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေနေတယ်ဆိုတာ ငါယုံတယ်။”

ရုန်ရှီက အမြောက်သံအတိုင်း ဆူညံနေသော အသံကို နားထောင်နေရင်းမှ သူ့ရှေ့တွင် ဆန်ခါပေါက်ဖြစ်အောင် အပစ်ခံလိုက်ရသည့် ဤကောင်လေး၏ ပုံရိပ်များက သူ့မျက်လုံးထဲတွင် ပေါ်လာပြီး သူ့အသံသည်လည်း အနည်းငယ် ခြောက်သွားရသည်။

“အင်း၊ ဟိုဟိုဒီဒီ လျှောက်ဆော့တော့လည်း ပျော်ရတာပေါ့။”

အိပ်ဆောင်သို့ သွားသည်လမ်း၌ ၁၆ ထပ်မှ ကန်တင်းကို ဖြတ်သွားရသည်။ ဤကန်တင်းအား စစ်ဘက်ရေးရာဌာနနှင့် နိုင်ငံရေးသိပ္ပံဌာနက မျှဝေအသုံးပြုကြပြီး အစားအသောက်များက ကောင်းမွန်သည့်အပြင် အချိုပွဲများက အရသာရှိလှသောကြောင့် Omega များ၏ အသဲစွဲပင်။

သူတို့နှစ်ယောက်သား အောင်အောင်မြင်မြင်နှင့် ဖြတ်သန်းနိုင်ခါနီးတွင် စီနီယာတန်းမှ Omega တစ်အုပ်က ဝိုင်းအုံလာခဲ့သည်။

“ရှောင်ရှီ၊ ငါတို့နဲ့ ညနေစာ ဝင်စားပါလား။”

“Fuck! အနီးကပ်ကြည့်တာ ပိုတောင် ချောနေတာပဲ၊ ချိန်းတွေ့ဖူးလားဟင်။”

“ငါက သိမ်မွေ့တယ်လို့ မင်းထင်လား။ ငါက ယောက္ခမတွေရဲ့ စံနှုန်းနဲ့ ကိုက်ညီတယ်ဆိုပြီးလေ၊ သွက်လက်ပြီး နူးညံ့တာမျိုးလေးပေါ့။”

ရုန်ရှီ၏ဘဝတွင် အနိုင်မယူနိုင်သောသူ နှစ်ယောက်ရှိပြီး တစ်ယောက်က ဆရာချန်းဖန်ဖြစ်ကာ၊ ကျန်သည့်တစ်ယောက်က သူ့ညီလေး မျန်မျန်ပင်။ ထို့အပြင်ကို နှစ်ယောက်စလုံးက Omega များ ဖြစ်ကြသည်။ ထိုအထဲတွင် အရင်ဘဝမှ Omega တစ်ယောက်ကြောင့် အသတ်ခံရသည့် အတွေ့အကြုံကိုပါ ထည့်ပေါင်းလိုက်သောအခါ ယခုအခါ သူက Omega များနှင့် အနည်းငယ် ဓာတ်မတည့်တော့ပေ။

စကားပြောကောင်းသည့် ချန်ချန်သည်လည်း လူအုပ်ထဲတွင် နစ်မြုပ်သွားခဲ့သည်။ အရှိန်က ပိုဆိုးလာသည်ကို မြင်လိုက်ရသဖြင့် ရုန်ရှီက ချောင်းတစ်ချက်ဟန့်ကာ ထုတ်ပြောလိုက်သည်။

“ငါက Alphaတွေကို ကြိုက်တာ။”

လူအုပ်ကြီးသည် ခဏမျှ တိတ်ဆိတ်သွားကာ ပိုမိုပြင်းထန်သော တုံ့ပြန်ချက်များ ပေါ်ထွက်လာတော့သည်။

“မိုက်တယ် ဒါပေမဲ့ ငါတို့ မယုံဘူး!”

“ဟားဟားဟားဟားဟားဟား ကြောက်စရာလေးနော်၊ တကယ်ချစ်ဖို့ကောင်းတယ်။”

“ဘယ်လို Alpha ကိုကြိုက်တာလဲ။ မင်း ငါတို့ကို ပြောပြလို့ရတယ်နော်။“

ရုန်ရှီ၏အကြည့်သည် လူအုပ်ကြီးကို လွှမ်းခြုံသွားပြီး သူ့မျက်လုံးထောင့်မှ ရွှေရောင်ခေါင်းတစ်လုံးကို သတိပြုမိလိုက်သည်။ ထိုနေရာကို သူလှမ်းကြည့်လိုက်ရာ ၎င်းသည် အမှန်တကယ်ပင် Alpha တစ်ယောက် ဖြစ်နေသည်ကို မြင်လိုက်ရပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက လက်ကိုမြှောက်ပြီး လက်ညိုးထိုးပြကာ ပြောလိုက်၏။

“ငါက သွယ်သွယ်လျလျလေးနဲ့ ထင်းနေတာမျိုးကို ကြိုက်တာ။”

နောက်ဆုံးတွင် ကျောင်းသို့ရောက်လာပြီး ပင်ပင်ပန်းပန်းဖြင့် ကန်တင်းကို ရှာတွေ့ကာ ဝင်ရောက်တော့မည့် စုန့်ယွီမှာ အနှီရန်စသည့် စကားများကို ကြားလိုက်ရသည်။ အထူးသဖြင့် ထိုလူက သူ့မျက်နှာကို လက်ညိုးဖြင့် ထိုးနေသောကြောင့် လျစ်လျူရှုရန် ခဲယဉ်းသည်ပင်။

သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လူအုပ်ကြီး ရပ်နေကြသည့် နေရာသို့ လှမ်းကြည့်လိုက်၏။

..................

(TN/Note-

ချန်ချန်က dirty jokesတွေ တအားပြောပါတယ်။အခုတောင် ရုန်ရှီက မိန်းမယူပြီး ကလေးမွေးမယ်ပြောနေတာကို သူက တိုင်းပြည်လူဦးေ ကျဆင်းမသွားရအောင် တာဝန်ထမ်းဆောင်တာတဲ့။ နောက်ပိုင်းတွေ သူတို့ကြားထဲမှာ ပေါက်ကရလုပ်ရင် ပြေးကြည့်စရာမလိုဘူး အဲ့တာ စုန့်ယွီနဲ့ချန်ချန်ပဲ 🤡 ရုန်ရှီနဲ့ချင်လော့က နောက်ကနေလိုက်ရှင်းရတာ။ Omegaတွေကို မနိုင်တဲ့ ရုန်ရှီက နောက်ကျ Alphaကိုပါ မနိုင်တော့ဘူး)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment