ခဏလောက် လန့်သွားပြီးနောက် စကားပြောလိုက်သော ရုန်ရှီ၏အေးစက်စက်အသံက ပုံမှန်ထက်ပိုကာ နက်ရှိုင်းနေခဲ့သည်။
“မတွေ့တာကြာပြီနော်။”
သူ့စကားကြောင့် ပါရှန်ကြောင်လေးက အံ့ဩသွားသည့်ပုံဖြင့် မျက်တောင်များကို ပုတ်ခတ်ခတ်လုပ်လိုက်သည်။
“ငါတို့က လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ တွေ့ခဲ့တာ မဟုတ်ဘူးလား။”
ရုန်ရှီက ပြောပြီးသွားမှသာ လျှာချော်သွားကြောင်း သတိရသွားခဲ့သည်။
Star Wars နှင့် စပြီးထိတွေ့ခဲ့စဥ်က သူနှင့် ဤလှပသော ကြောင်ကလေးတို့ ဆုံတွေ့ခဲ့ကြသည်။ ထိုအချိန်တုန်းက သူက ဆယ်နှစ်ပဲရှိသေးပြီး ပထမဆုံးကစားပွဲ၌ သူတို့နှစ်ယောက်သား match တွဲပေးခံခဲ့ရသည်။
တစ်ယောက်အကြောင်းတစ်ယောက် ဘာမှမမေးခဲ့ကြသလို အဆက်အသွယ်လုပ်စရာ အချက်အလက်တွေလည်း မရှိခဲ့ပါဘဲ၊ သူတို့ရဲ့ ဆက်သွယ်မှုအားလုံးက ဂိမ်းထဲမှာပဲ ရှိခဲ့တာပင်။
သူတို့က ဤကဲ့သို့ တိတ်တဆိတ် နားလည်မှုကို ထိန်းသိမ်းထားပြီး တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက် မဖြစ်အောင် နေခဲ့ကြသော်လည်း ရုန်ရှီကတော့ ဒီကောင်လေးကမှ သူ့ကို အကောင်းဆုံး နားလည်ပေးနိုင်သောသူဟု ခံစားရသည်။
စစ်တက္ကသိုလ်ကို ရောက်သွားပြီး နောက်ပိုင်း၊ သူ့ဘဝထဲ၌ ကိစ္စအများကြီးကို တွေ့ကြုံခဲ့ရပြီး သူက အမြဲတမ်းလိုလိုပင် အလုပ်များနေခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်း ဂိမ်းကစားချိန်က နည်းနည်းလာပြီး အချင်းချင်း တွေ့ဆုံသည့် အရေအတွက်ကလည်း နည်းလာခဲ့သည်။
အကုန်လုံး အဆင်ပြေသွားသည့် အချိန်တွင်တော့ သူတို့နှစ်ယောက်က နှစ်အတော်ကြာအောင် အဆက်အသွယ်များ ပြတ်နေခဲ့ကြပြီဖြစ်၏။
“ညဘက်ကြီးကို mecha ဆော့မလို့လား။”
ပါရှန်ကြောင်က သူ့ဘေးနားကို လျှောက်လာပြီး ဧရာမ screen ပေါ်မှ အချက်အလက်များကို ကြည့်လိုက်သည်။
ရုန်ရှီက သူ့လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး မျက်နှာအမူအရာက ပုံမှန်အတိုင်း မျက်နှာသေ ပြန်ဖြစ်သွားခဲ့သည်။
“မင်းလာမယ်ဆိုတာ ငါသိရင် စာရင်းသွင်းလိုက်မှာမဟုတ်ဘူး။”
“မင်းဘာတွေပြောနေတာလဲ။”
ပါရှန်ကြောင်က သူ့ကိုလက်သီးနှင့် ဖွဖွထိုးကာ ဧရာမ screenပေါ်၌ အဆင့် 180 သို့ရောက်နေသော ဤကစားသမားကို မျက်လုံးစုံမှိတ်ပြီး ပွဲယှဉ်ပြိုင်ရန် ကလစ်နှိပ်ပေးခဲ့သည်။
“သွားစို့၊ ပိုက်ဆံဖြုန်းပေးမယ်။”
ရုန်ရှီ : “...”
အရည်အချင်းစစ်ပြိုင်ပွဲ၏ စည်းမျဉ်းအရ ကိုယ်တိုင်၏ အဆင့်ထက် အဆင့် 20 မြင့်သော ကစားသမားများကိုသာ စိန်ခေါ်နိုင်မည်ဖြစ်သည်။ ရက်အနည်းငယ်အတွင်း ရုန်ရှီကဲ့သို့ တက်လိုက်ဆင်းလိုက် ပြုလုပ်မည်ဆိုလျှင် အမှတ်အဆင့်က အတော်လေး နည်းပါးမည်မှာ မလွဲမသွေပင်။
လူတွဲပေးသော လော်ဘီကို ဖြတ်ကျော်ပြီးနောက်၊ ရုန်ရှီက mecha ရွေးချယ်ရေး pageကို ရောက်သွားပြီး ဘယ်ဘက်အပေါ်ထောင့်ရှိ လောင်းကစား window တွင် ဒေတာများက ခုန်ပေါက်တက်လာကြသည်။
ဆုကြေးငွေပွဲစဉ်သည် မည်သူ့ကိုမဆို လက်ခံပြီး လောင်းကစားရန် ရွေးချယ်ပါက နှစ်ဖက်စလုံး၏ တိုက်ပွဲ clipများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
အနိုင်ရသူက စုစုပေါင်းလောင်းကြေး၏ 10% ကို ရရှိနိုင်ပြီး ကျန်သည်ကို မှန်ကန်သော ပရိသတ်များထံ မျှဝေပေးမည်ပင်။
ရုန်ရှီက အခမဲ့မော်ဒယ် X80 ကို ကျပန်းရွေးချယ်ပြီး windowကို ကြည့်လိုက်သည်။ သူ၏ဆုကြေးပေါင်းက ကြယ်ဒင်္ဂါး 1 သန်းအထိ တက်သွားခဲ့ပြီး ပြိုင်ဘက်က 2 သန်းကျော် သွားခဲ့ပြီဖြစ်သည်။ သူသာ ဂိမ်းကိုအနိုင်ရပါက အနည်းဆုံး 3သိန်း ရနိုင်သည်။
နှစ်ဖက်စလုံးကို ကျပန်းမြေပုံတစ်ခုသို့ ဆွဲထုတ်သွားချိန်တွင် ဘယ်ဘက်အောက်ထောင့်ရှိ မှတ်ချက်နေရာက ပွက်ပွက်ဆူနေသည့်အလား လှုပ်ရှားနေခဲ့သည်။
“နိုးးး ဒီလအတွက် အိမ်ကပို့ထားတဲ့ စားစရိတ်လေး ပြောင်သွားပြီ! X80 က Eagle SR ကို တိုက်ခိုက်နိုင်ဖို့ ဖြစ်နိုင်ခြေလေး နည်းနည်းလောက်များ ရှိမလားဟေ။”
“ဒီလို အရည်အသွေးမြင့်တဲ့ ပွဲအတွက် X80 ကို ရွေးတာဆိုတော့ မှားရွေးမိတာများလား။”
“X80 ရဲ့ တိုက်ပွဲclip တွေက တကယ်ကို အရမ်းမိုက်တယ်၊ စောင့်ရကျိုးနပ်တယ်။ ပိုက်ဆံကုန်တော့ရော ဘာြဖစ်လဲ။”
“ပြိုင်ဘက်က လောင်ကြေး 3သန်း ကျော်သွားပြီ၊ တွေးကြည့်လိုက်ရင် မင်းနိုင်တာနဲ့ ပိုက်ဆံက သုံးဆနီးပါးရနိုင်တယ်နော်။”
[အရေးကြီးသတိပေးချက် - အသုံးပြုသူ “ကြောင်လေးကငါးကြိုက်” သည် X80 အတွက် ကြယ်ဒင်္ဂါး 5သန်း လောင်းကြေးထပ်ခဲ့သည်။]
စနစ်ကြော်ငြာချက် အပြန်ပြန်အလှန်လှန် ဖွင့်ထားချိန်တွင် X80 ရပ်နေသည့် မြေကွက်လပ်တွင်တော့ ပန်းများပွင့်နေခဲ့သည်။
Comment sectionသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက ပိုမိုကြမ်းတမ်းလာပြန်သည်။
“သူလာပြီ၊ သူလာနေပြီ!”
“အားးးးးးးးးးးးးးးးးးးးးးးးးးးးး”
“Cat God ဒီမှာရှိနေတယ်၊ X80 က အဲ့ဒီတစ်ယောက်ပဲနေမှာ။”
“Cat God က လူတစ်ယောက်အတွက်ပဲ ပန်းခင်းလမ်းလုပ်ပေးတာ။”
“Rabbit God တစ်ယောက်တည်းအတွက် limited edition!”
သန်းနှင့်ချီသော အသုံးပြုသူများထဲမှ ထိပ်တန်းကစားသမား 100 သို့မဟုတ် 200 တို့က အလွန်အစွမ်းထက်သော “God” များဖြစ်ကြပြီး သူတို့တွင် အခြေခံအားဖြင့် သူတို့၏ ကိုယ်ပိုင်တိုက်ပွဲပုံစံများ ရှိကြသည်။ လောင်းကြေးပွဲမှာပင်လျှင် လောင်းကစားလုပ်သူ အများစုက ကစားထားသော clip များမှ မည်သူမည်ဝါ ဖြစ်သည်ကို အသိအမှတ်ပြုကာ ကြည့်ရှု့ကြသည်။
လောင်းကြေးပမာဏကို အတည်ပြုခါနီးတွင် နှစ်ဖက်လုံး၏ လောင်းကြေးများမှာ တန်းတူနီးပါးအထိ ဖြစ်သွားခဲ့သည်။
[ကြောင်လေးက ငါးကြိုက် : ယုန်ကလေး!ကြိုးစားထား ~O(∩_∩)O~ ]
ရုန်ရှီက ‘ယုန်ကလေး’ ဟူသော စကားလုံးကို တစ်စက္ကန့်ကြာအောင် စိုက်ကြည့်ပြီးနောက် ဘာမှထုတ်ဖော်ကာ ပြောဆိုခြင်းမပြုတော့ဘဲ ထွက်ခွာသွားခဲ့သည်။
ဆယ်မိနစ်အတွင်း Star Wars အများသုံးချန်နယ်တွင် စနစ်မက်ဆေ့ခ်ျများက ပြည့်လျှံလို့နေသည်။
[အသုံးပြုသူ “R10” သည် အသုံးပြုသူ “မင်းလုပ်နိုင်တယ်၊ မင်းကအတော်ဆုံး” ကို အနိုင်ယူခဲ့ပြီး လက်ရှိ အဆင့် 180 ဖြစ်သည်။]
[အသုံးပြုသူ “R10” သည် အသုံးပြုသူ “ရွှယ်ဖုကြယ်ရဲ့သခင်” ကို အနိုင်ယူခဲ့ပြီး လက်ရှိတွင် အဆင့် 160 ဖြစ်သည်။]
...
[အသုံးပြုသူ “R10” သည် အသုံးပြုသူ “ဖြတ်သွားဖြတ်လာလေးပါ” ကိုအနိုင်ယူခဲ့ပြီး လက်ရှိအဆင့် 20 ဖြစ်သည်။ 】
အများသုံးချန်နယ်၏ ဖန်သားပြင်ပေါ်တွင် မေးခွန်းအမှတ်အသားများ ပေါ်လာခဲ့သည်။
“ဘာဖြစ်တာလဲ?! Mecha ranking ကို သတ်ပစ်လိုက်တာလား?”
“ဂိမ်းတစ်ခုကို ပျမ်းမျှ 15 စက္ကန့်စီပဲသုံးသွားတယ်။ matching အတွက် စောင့်ရတာက ပိုကြာနေသလိုပဲ သူဘယ်လိုလုပ်သွားတာလဲဟေ??”
“ဒါက မြန်နှုန်းမြင့် လှည့်စားမှုပဲ ဖြစ်ရမယ်! မြန်မြန် ပိတ်သိမ်းလိုက်! လိမ်နေတာပဲ။”
“Rabbit God! မင်းက လုံးဝရူးနေတာပဲ ဟားဟား။ ငါ့ကောင်တွေ မင်းတို့ဖင်တွေကို မြန်မြန်ရွှေ့စမ်းပါ။ နောက်ဆုံးပွဲကို မီနိုင်သေးတယ်!”
“Cat God နဲ့ ရင်းနှီးမြုပ်နှံလိုက်တိုင်း မရှုံးခဲ့ဘူး။ ငါက အရင်းထက် ဆယ်ဆရထားပြီးသွားပြီ ဟီးဟီး”
စနစ်မှ mecha အရည်အချင်းစစ်ပွဲအတွက် ကစားသမား အများအပြားကို မိတ်ဆက်ပေးချိန်တွင် ရုန်ရှီသည် match တွဲပေးသော လော်ဘီမှ နုတ်ထွက်ခဲ့ပြီဖြစ်၏။
ယုန်တစ်ကောင်နှင့် ကြောင်တစ်ကောင်က ကိုယ်ပိုင်အခန်းတစ်ခုကို တည်ဆောက်လိုက်ပြီး ပါရှန်ကြောင်က အနားသို့ကပ်ကာ စပ်စုလိုက်သည်။
“အငယ်လေးအတွက် hostingကြေးက လောက်ပြီလား။”
ရုန်ရှီ : “လောက်ပြီ။”
ပါရှန်ကြောင် : “မင်းရဲ့နေထိုင်စရိတ်ကရော ဘယ်လိုလဲ။”
ရုန်ရှီ : “ဒါနဲ့ဆို လောက်တယ်။”
ပါရှန်ကြောင် : “နှမြောစရာပဲ...”
ရုန်ရှီ : “ဘာက နှမြောစရာလဲ။”
ပါရှန်ကြောင်က သူ့လက်ကို ဖြန့်ပြီး ဒရာမာဆန်ဆန် ပြောလိုက်သည်။
“ပိုက်ဆံမကုန်ဘဲ ပိုပြီးရလို့.. ငါအရမ်းနှမြောပြီး ဝမ်းနည်းနေတယ်။”
ထိုသို့ပြောနေသော်ငြား သူ့မျက်နှာက ဝမ်းနည်းနေပုံလည်း မပေါက်ပါချေ။
“သူဌေးသမီးလေး...”
ရုန်ရှီက ကြောင်ခေါင်းကို ပွတ်သပ်ရန် သူ့လက်ကို မြှောက်လိုက်သည်။ ကြောင်မွေးများက နူးညံ့ပျော့ပျောင်းပြီး ထိတွေ့လို့ကောင်းသည်ပင် မဟုတ်ပါလား။
ပါရှန်ကြောင်က မရုန်းကန်ဘဲ ခေါင်းငုံ့ကာ စိတ်ထဲမထားသည့် လေသံဖြင့် ဆက်ပြောလာသည်။
“မင်း...သွားတော့မှာလား။”
ယခင်ဘဝတွင် ရုန်ရှီသည် ကျောင်းဖွင့်ချိန်အတွက် လေ့ကျင့်ရေး၌ အာရုံစိုက်ရန် နှစ်ရက်မျှ အချိန်သပ်သပ် ယူခဲ့သည်။ သူက ဂိမ်းစွဲနေသူ မဟုတ်ပေ။ ပိုက်ဆံပမာဏ အလုံအလောက်ရသွားပါက ထွက်ခွာသွားမည်ဖြစ်ပြီး ပိုက်ဆံပြတ်လျှင် ပြန်လာနေကျဖြစ်သည်။
ရုန်ရှီက သူ့လက်ချောင်းများကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒီနေ့က ဖွင့်ပွဲအခမ်းအနားလေ၊ ငါ အလုပ်မရှုပ်ဘူး။”
ပါရှန်ကြောင်လေး၏ အမူအရာက ခဏမျှ အေးခဲသွားပြီး အတည်ပြုရလွယ်သော ဤအချက်အလက်ကြောင့် အံ့အားသင့်သွားရသည်။
“စောစောက မင်းရဲ့ mecha combo တွေက အရမ်းလှတယ်၊ အရင်ရက်တွေနဲ့ယှဉ်ရင် မင်းက မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ။”
ယခင်တုန်းကဆိုလျှင် ရုန်ရှီ့အနေဖြင့် ဤကဲ့သို့သော အချက်အလက်များကို ထုတ်ဖော်အစပျိုးရန် မဖြစ်နိုင်ပေ။ တစ်ယောက်နှင့်တစ်ယောက် မိသားစုအခြေအနေများကို သိနေကြသော်လည်း အိမ်လိပ်စာ၊ မိသားစုဝင်များ၏ အမည်ကဲ့သို့သော အသေးစိတ်ကျသည့် အချက်အလက်များကိုတော့ မပြောခဲ့ကြပေ။
“Mecha combo က အဓိကလှုပ်ရှားမှုတွေကို အလွတ်ကျက်ဖို့ပဲ လိုတယ်။ မခက်ပါဘူး၊ သင်ချင်ရင် ငါသင်ပေးမယ်။”
ရုန်ရှီက ကြောင်ကို ဆွဲသွင်းဖို့ လေ့ကျင့်ရေးခန်းကို ဖွင့်လိုက်သည်။
“ဒါပေမဲ့ ပထမက လက်တွေ့အရင်သင်ရမယ်။ ဘယ်ဟာ သင်ချင်လဲ။”
သူက အများကြီး မမေးမြန်းဖူးသော်လည်း ကြောင်လေးက နာခံတတ်ပြီး ချစ်စရာကောင်းလှသည်။
ရုန်ရှီ၏ နှလုံးသားထဲတွင်တော့ Omega တစ်ယောက်သာ ဒီလောက်ထိ ချစ်ဖို့ကောင်းနိုင်တယ်လို့ ယုံကြည်ထားခဲ့သည်။
Omega တွေက စစ်တပ်ထဲသို့ ဝင်လာကြလျှင်ပင် ရှေ့တန်း၌ ပါဝင်ခဲကြသည်။ mecha နှင့်ပတ်သက်သော စွမ်းရည်များကို ဂိမ်းများထဲတွင် သင်ယူနိုင်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ဆိုလျှင် လက်တွေ့ဘဝမှာပါ အသုံးချနိုင်ပြီး အန္တရာယ်ကြုံလာပါက သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။
“ကလေးတွေကပဲ ရွေးချယ်ကြတာ၊ လူကြီးတွေက နှစ်မျိုးလုံး ယူကြတာပဲ။”
ပါရှန်ကြောင်က ရုန်ရှီနှင့် ဆယ်လှမ်းအကွာတွင်ရပ်၍ လက်ကိုဆန့်ကာ ဖိတ်ခေါ်လိုက်သည်။
“စကြတာပေါ့ မာစတာထုထု။”
........
“ဒီယုန်က ရူးနေတယ်နေမှာ။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကျွန်တော် သူနဲ့ သရေကျခဲ့တာ။ ဒါပေမဲ့ မနေ့က သူက ကျွန်တော့်ကို လှည့်ကွက်တစ်ခုထဲနဲ့ ရိုက်သွားတယ်။”
ဇိမ်ခံနန်းတော်ကြီး၏ ကျယ်ဝန်းသည့် စင်္ကြံတွင် အရပ်ရှည်ရှည်နှင့် Alpha နှစ်ယောက်က ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြသည်။
သူတို့က အဖြူရောင်အောက်ခံတွင် ရွှေခြည်များထိုးကာ အနားကွပ်ထားသော စံပြကျောင်းဝတ်စုံကို ဝတ်ဆင်ထားကြသည်။ နှစ်ယောက်ယှဥ်ကာ ရပ်နေသည့်အချိန်တွင် ဘယ်ဘက်မှတစ်ယောက်က အရပ်အနည်းငယ်ပိုပုကာ ပိုမိုတောင့်တင်းပုံပေါ်သည်။ သူက သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသော်လည်း နားထင်နေရာတွင်တော့ L ပုံစံ ရှိတ်ထိုးထားလေသည်။
ချင်လော့မှာ ထိုယုန်အကြောင်းကို ပိုတွေးမိလေ ဒေါသထွက်လေပင်။
“သူက အဆင့်မြင့် plug-in တစ်ခုခုကို သုံးထားတာပဲဖြစ်မှာ။ အရှင့်သားက သူနဲ့ အရမ်းရင်းနှီးတယ်ဆိုတော့ ဒီအကြောင်းကို သိလား။”
ညာဘက်တွင်တော့ မြင့်မြတ်ပြီး ကျက်သရေရှိသည့် အချိုးအစားနှင့် အမျိုးသားတစ်ယောက် ရှိနေခဲ့ပြီး ကျယ်ပြောသောပခုံး၊ သွယ်ကျစ်သည့် ခါးကျဥ်းကျဥ်းနှင့် ဖြောင့်စင်းနေသော ခြေတံရှည်များကို ပိုင်ဆိုင်ထားကာ သူ၏ဖြူဖျော့သွယ်လျသည့် လက်ချောင်းများက ကျောင်းဖတ်စာအုပ်တချို့ကို ဆုပ်ကိုင်ထားသည်။ ရွှေရောင်ဆံပင်များက သူ၏ပခုံးပေါ် တွင် အနည်းငယ်ပြန့်ကျဲနေပြီး အကျီစားသန်ကာ ကလူကျီစယ်ဟန်ပေါက်သော မက်မွန်ပွင့်မျက်လုံးများက နေရောင်အောက်၌ တလက်လက် တောက်ပနေကာ သူ့ကိုအဆုံးစွန်ထိ လှပနေစေသည်။
စုန့်ယွီက ချင်လော့ကိုကြည့်ကာ နှာမှုတ်ပြီး လှောင်ရယ်လိုက်သည်။
“တခြားသူတွေက တော်တယ်ဆိုတာ ဝန်ခံဖို့ ခက်နေတာလား။”
ချင်လော့မှာ အထွန့်မတက်ဘဲ မနေနိုင်။
“ဘယ်လောက်ပဲ တော်နေပါစေဦး။ လူတစ်ယောက်က ဒီလောက် မြန်မြန်ကြီး မတိုးတက်နိုင်ပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မယုံဘူး။”
စုန့်ယွီ : “မင်းက Omegaကိုတောင် တစ်ချက်ပြန်မရိုက်နိုင်ဘူး၊ ဘယ်သူ့ကို လာညည်းပြနေတာလဲ။ အခွင့်အရေးရော ရှိလို့လား။”
ချင်လော့၏ စိတ်နှလုံးနုနုလေးမှာ ခဏအတွင်း ခုန်လှုပ်သွားသည်။
“ဟုတ်သား သူက beta လည်း ဖြစ်နိုင်တယ်လေ!”
စုန့်ယွီက ချင်လော့ကို ‘စိတ်မမှန်သောဘူးလား' ဟူသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ထုထုက အရမ်းကို ချစ်စရာကောင်းတယ်။ ဘယ်လိုလုပ် beta ဖြစ်နိုင်မှာလဲ။”
ချင်လော့ : “...” ဒါပေမဲ့ ဘယ်လို omega တွေက လူတွေကို ရိုက်တာရော အရှင့်သား မြင်ဖူးလို့လဲ။
သူတို့ အခန်းဝကို ရောက်သည်နှင့် တော်ဝင်အကြံပေးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က အခြားတစ်ဖက်မှ အမြန်ပြေးလာသည်ကို တွေ့လိုက်ရ၏။
သူ့အမူအရာကို ကြည့်ရင်း စုန့်ယွီက ဘာဖြစ်သွားမှန်း မှန်းဆလိုက်နိုင်သည်။
အခန်းထဲတွင် သူ၏အကြံပေးက မှုန်ကုပ်ကုပ် အမူအရာနှင့် ပြောလာခဲ့သည်။
“တိမ်ကောနေတဲ့ ကြယ်တာရာရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်အတွက် ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုပြုချက်ကို တရားဝင်စာတမ်းအဖြစ် အတည်ပြုလိုက်ပါပြီ။ ဒါပေမဲ့...စီစဉ်သူအမည်က ပထမမင်းသားပါတဲ့။”
စုန့်ယွီက တန်ဖိုးကြီးဆိုဖာပေါ်တွင် ကျောမှီထိုင်လိုက်ပြီး လက်ဖဝါးကို လက်ညိုးဖြင့် ပုတ်ကာ မခန့်မှန်းနိုင်သော အမူအရာဖြင့် ငြိမ်နေသည်။
တစ်ဖက်မှ ချင်လော့ကတော့ အော်ဆဲမိမတတ်...
“ဒီအဆိုပြုချက်အတွက် အရှင့်သားက ငွေအား လူအားရော၊ သတင်းအချက်အလက်ရော ဘယ်လောက်တောင် သုံးခဲ့ရတာမို့လဲ။ အဆုံးကျတော့ သူ့ကိုပဲ ချီးကျူးဂုဏ်ပြုလိုက်တယ်ပေါ့၊ အဲ့ဒီအမှိုက်ကိုလေ... fuck!”
တော်ဝင်အကြံပေးက မျက်မှန်ဘောင်ကို တွန်းတင်လိုက်ပြီး ဆက်ပြောလာသည်။
“ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ကျွန်တော်တို့ အဆိုပြုချက် ၃ ခု လုယက်ခံရတယ်။ ဒါတင်မကသေးဘူး၊ အရေးကြီးတဲ့ ရာထူးတွေကနေ တဖြည်းဖြည်း ပြောင်းရွှေ့ခံရတဲ့ လူတွေရောပဲ။ အားလုံးက ကျွန်တော်တို့လူတွေ။ ဒီအခြေအနေက ကျွန်တော်တို့အတွက် အရမ်းဆိုးတယ်။”
ချင်လော့က စားပွဲကိုလက်သီးနှင့် ထိုးလိုက်ပြီး ပြန်မေးလိုက်သည်။
“အရှင်မင်းကြီးကရော...သူက ဒါကို မသိဘူးလား။”
တော်ဝင်အကြံပေးက ခေါင်းခါသည်။
“ပိုဆိုးမယ်၊ အရှင်မင်းကြီးအနေနဲ့ အရှင့်သားက ပထမမင်းသားထက် ပိုစွမ်းဆောင်နိုင်တယ်ဆိုတာကို သိပေမဲ့ ဒီလိုကိစ္စသေးလေးကို ခွင့်လွှတ်လိုက်ပြီး အရှင့်သားကို အခုထက်ပိုပြီး ဖိနှိပ်နိုင်တာမို့ အန္တရာယ်ရှိတယ်။”
ထီးနန်းအတွက်တိုက်ပွဲသည် အမြဲတမ်း သွေးထွက်သံယိုဖြစ်ကာ ထောက်ခံသူ အလုံအလောက် မရှိလျှင် လူတစ်ဦးတစ်ယောက်က မည်မျှပင် အားကောင်းနေပါစေ၊ လူထု၏ ဝေဖန်မှုအရ ပစ်မှတ်ဖြစ်လာနိုင်သည်။
ပထမမင်းသား၏ ပြဿနာရှာတက်သော အပြုအမူနှင့် အကျင့်စရိုက်ကို ဧကရာဇ်က မသိချင်ယောင်ဆောင်ကာ လွှတ်ထားခဲ့သဖြင့် တော်ဝင်မိသားစုတွင် စုန့်ယွီ၏ အခန်းကဏ္ဍက ပိုမိုသေးငယ်လာသည်။
ချင်လော့နှင့် တော်ဝင်အကြံပေးတို့ နှစ်ယောက်သား အချိန်အတော်ကြာ ဆွေးနွေးနေကြသော်လည်း စုန့်ယွီက စကားဝင်မပြောသဖြင့် သူ၏အသံက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။
သူစိတ်အဆင်မပြေဖြစ်မည်ကို စိုးရိမ်သွားသောကြောင့် ချင်လော့က သတိကြီးကြီးနှင့် ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။
“အရှင့်သား စိတ်မဆိုးပါနဲ့။ အရှင်မင်းကြီးက အရှင့်သားကို အနှေးနဲ့အမြန်ဆိုသလို နားလည်လာမှာပါ။”
တော်ဝင်အကြံပေးကလည်း နားချလိုက်သည်။
“အခုအချိန်မှာ ပထမင်းသားက အရှင်မင်းကြီးရဲ့ ပံ့ပိုးမှုနဲ့ အရှိန်တက်တော့ ကျွန်တော်တို့ မလောသင့်ဘူး။ ခဏလောက် သည်းခံပြီး နေလိုက်ရင် ပိုအဆင်ပြေလာမယ်ထင်တယ်။”
စုန့်ယွီက အမေးရှိလာသည်။
“သည်းခံရမယ် ဟုတ်လား။”
တော်ဝင်အကြံပေးက သက်ပြင်းချလိုက်ကာ သူ၏အမြင်ကို ထုတ်ဖော်လာခဲ့သည်။
“ကျွန်တော်တို့ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် နောက်ကို တစ်လှမ်းဆုတ်လို့ ရတယ်။ သူတို့အထိနာစရာ အချက်အလက်တွေကို ကိုင်ထားနိုင်သရွေ့ အခွင့်အရေးက ရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။”
သို့သော်လည်း စုန့်ယွီက လုံးဝမသက်ဆိုင်သော မေးခွန်းကို မေးလာခဲ့သည်။
“မနေ့က ဖွင့်ပွဲအခမ်းအနားကို ဘယ်ကျောင်းက လုပ်သေးလဲ။”
“ဖွင့်ပွဲအခမ်းအနား?”
ချင်လော့နှင့် တော်ဝင်အကြံပေးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းကုတ်ကာ အဖြေထုတ်ရန် ကြိုးစားလိုက်ကြသည်။
“ဗဟိုစစ်တက္ကသိုလ်လား။ လုယို့ချီ ရဲ့သားက ကျောင်းဝင်သွားပြီလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်အဖေ ပြောနေတာကို ကြားခဲ့တယ်။”
အင်ပါယာ၏ ကြယ်တာရာမြေပုံက အလွန်ကြီးမားပြီး မရေမတွက်နိုင်သော ဆက်စပ်ဂြိုဟ်များ ရှိသည်။ သို့သော်လည်း ပညာရေးအပိုင်းတွင် ခြွင်းချက်ဟူ၍ အနည်းငယ်သာရှိပြီး ကျောင်းဖွင့်ချိန်များအားလုံးက အတူတူနီးပါးဖြစ်သည်။
ကျောင်းအများစုက လွန်ခဲ့သောနှစ်လက စတင်ခဲ့သော်လည်း သူတို့၏ တော်ဝင်အကယ်ဒမီကတော့ ကျောင်းစဖွင့်သည်မှာ တစ်လမျှသာရှိသေးပြီး ဗဟိုစစ်တက္ကသိုလ်ကတော့ အခုမှသာ စာသင်နှစ်အစဖြစ်သည်။
စုန့်ယွီက ထိုင်ခုံမှထကာ မတ်တတ်ရပ်လိုက်ပြီး လေသံအေးအေးနှင့် သူ၏အကြံပေးကို အမိန့်ပေးလိုက်သည်။
“ငါ့အတွက် အပြောင်းအရွှေ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားလိုက်။ ငါ ဗဟိုစစ်တက္ကသိုလ်ကို ပြောင်းချင်တယ်။”
သူ၏ရုတ်တရက်ဆန်သော ဆုံးဖြတ်ချက်ကြောင့် ချင်လော့မှာ အံဩသွားရသည်။
“စိတ်အေးအေးထားပါဦး။ အရှင့်သားက မင်းသားတစ်ပါးလေ၊ အပြင်မှာ ဘယ်လို ကျောင်းသွားတက်မလဲ။”
တော်ဝင်အကြံပေးသည်လည်း ရပ်မကြည့်နိုင်တော့ချေ။
“အရှင့်သား နောက်ဆုတ်ရမယ်ဆိုပေမဲ့ ဒီနည်းလမ်းတော့ မဟုတ်ဘူးလေ။ ဟိုးအရင်ထဲက မင်းညီမင်းသားတွေ အားလုံးက တော်ဝင်အကယ်ဒမီကနေ ဘွဲ့ရသွားကြတာ။ အရှင်မင်းကြီးက အဲ့ဒီအကြောင်းကို ထောက်ပြလာရင် အရှင့်သားဘက်က တစ်ဆင့်နိမ့်သွားနိုင်တယ်။ အရှင့်သားက အမွေဆက်ခံရမဲ့လူလေ။”
စုန့်ယွီ : “ဒီအတိုင်းဆက်သွားရင် ငါနဲ့ ဟိုအမှိုက်ကြားထဲမှာ ဘာကွာတော့မလဲ။”
တော်ဝင်အကြံပေးမှာ ခေါင်းမူးလာသလို ခံစားလိုက်ရသည်။
“ဒါပေမဲ့ ပထမမင်းသားက ဒါကို သဘောကျရင်တောင် အရှင်မင်းကြီးက သဘောမတူလောက်ဘူး... တော်ဝင်မိသားစုမျက်နှာကြောင့် မဖြစ်နိုင်ဘူး။”
စကားပြောနေရင်း လမ်းတစ်ဝက်တွင် စုန့်ယွီက စားပွဲပေါ်ရှိ လက်အိတ်အဖြူကို ကောက်ကိုင်ကာ တံခါးဆီသို့ လျှောက်သွားသည်အား တွေ့လိုက်ရသည်။
ချင်လော့ရော တော်ဝင်အကြံပေးပါ နှစ်ယောက်စလုံး တောင့်တင်းသွားပြီး တံခါးကို လှမ်းကြည့်လိုက်မိသည်။ တစ်စုံတစ်ယောက်က ခိုးနားထောင်နေသည်လား။
တံခါးနားတွင် ဒူးထောက်နေသော အမှုထမ်းက အထူးနားကြပ်ကို ၀တ်ဆင်ထားပြီး သူ၏မျက်လုံးများက ပတ်ပတ်လည်ကို ဂရုတစိုက်နှင့် ကြည့်ရှုနေခဲ့သော်လည်း ရုတ်တရက်ဆိုသလို အခန်းထဲမှအသံက တိတ်ကျသွားခဲ့သဖြင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။
သူလှည့်ထွက်တော့မည့် အခိုက်အတန့်တွင် သူ၏အရှေ့မှ အခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး လက်တစ်ဖက်က အလွန်လျင်မြန်သော အရှိန်နှင့် သူ၏ပခုံးကို ဆုပ်ကိုင်လိုက်ကာ အခန်းထဲသို့ ဆွဲထည့်လိုက်သည်အား ခံစားလိုက်ရသည်။
“အရှင့်သား၊ ဒုတိယမင်းသား ကျွန်တော်..”
အမှုထမ်း၏မျက်နှာက ဖြူဖျော့နေပြီး အကြောင်းပြချက်ပင် မပေးရသေးမီတွင် အက်သံတစ်သံကို ကြားလိုက်ရကာ မျက်လုံးများ အမှောင်ကျသွားတော့သည်။
စုန့်ယွီက သူ၏လက်ကို လွှတ်လိုက်သည်တွင် လည်ပင်းကျိုးနေပြီဖြစ်သော အမှုထမ်း၏အလောင်းက မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့သည်။
သူက ခံစားချက်ကင်းမဲ့နေသော မျက်နှာထားနှင့် လက်အိတ်ကို ချွတ်လိုက်ပြီး ပြောလိုက်သည်။
“တရားဝင် ချက်ချင်းပြင်ဆင်ပြီး မနက်ဖြန်ထွက်သွားမယ်။”
ဤအဖြစ်အပျက်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး ချင်လော့နှင့် တော်ဝင်အကြံပေးတို့ တစ်ဖက်လူအား ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသေးခင်မှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ချင်လော့က အလောင်းဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိလူ မည်သူမည်ဝါဖြစ်ကြောင်း မြင်လိုက်ရသည်တွင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဒီလူက ဒီမှာအလုပ်လုပ်နေတာ ဆယ်နှစ်တောင် ရှိပြီကို။ ဘာလို့...”
ကိစ္စများ၏လေးနက်မှုကို သဘောပေါက်သွားချိန်တွင် တော်ဝင်အကြံပေး၏ မျက်နှာအရောင်က ပိုမိုဆိုးရွားသွားခဲ့သည်။
“လုပ်ထုံးလုပ်နည်းတွေ အရကတော့ အားလုံး အဆင်ပြေပါတယ်။ အရှင်မင်းကြီးကသာ...”
စုန့်ယွီက လက်အိတ်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နှုတ်ခမ်းပါးပါးလေးကို တွန့်ကွေးလိုက်သော်လည်း သူ့မျက်လုံးများကတော့ ပြုံးမနေခဲ့ပေ။
“သူသဘောတူဖို့က လွယ်ပါတယ်။”
....
-YY