no

Font
Theme

အခန်း ၅၉

နေထွက်ချိန်နှင့် နေဝင်ချိန် ဖြစ်စဉ်များသည် အပေါ်ယံကြည့်လျှင် ဆင်တူသယောင်ရှိသော်လည်း အသေအချာ အနီးကပ် လေ့လာကြည့်ပါက သိသိသာသာ ကွာခြားလှသည်။ နေထွက်ချိန်တွင် ကျရောက်သော နေရောင်ခြည်များသည် ပိုမိုစူးရှပြီး ထိုးဖောက်နိုင်စွမ်း ရှိသည့်အပြင် ဓာတ်ပုံများထဲတွင် ထင်ရှားပြတ်သားသော အလင်းတန်းများအဖြစ် တွေ့ရှိရတတ်သည်။ တစ်ဖက်တွင်မူ နေဝင်ချိန်သည် ပို၍နူးညံ့ပြီး မှုံရီရီ ဆည်းဆာတိမ်တိုက်များ၏ အလင်းရောင်နှင့်အတူ ဒွန်တွဲနေတတ်သည်။ ဓာတ်ပုံကို အသေအချာ လေ့လာပြီးနောက် ထိုပုံသည် နေထွက်ချိန်မဟုတ်ဘဲ နေဝင်ချိန်ပုံ ဖြစ်ကြောင်း ကျိုးကျားယွီ အတည်ပြုလိုက်သည်။

“ဒါဆို… ဒီဓာတ်ပုံက သူတို့ အထဲကို ဝင်သွားချိန် ရိုက်ထားတာပေါ့၊ ဒါပေမယ့် အဲဒီရှောင်မီက သူပြန်ထွက်လာတဲ့အချိန် ရိုက်ထားတာပါဆိုပြီး သူ့ပရိသတ်တွေကို လိမ်လိုက်တာပေါ့လေ” ရှန်ရိချွင်းက မေးလိုက်သည်။

“အဲဒါ ဖြစ်နိုင်ခြေ အများဆုံးပဲ” ကျိုးကျားယွီက ပြန်ဖြေသည်။

ရှန်ရိချွင်း မျက်မှောင်ကြုတ်သွားသည်။

“ဒါဆို အဲဒီပွဲမှာ ရောက်နေတဲ့ လူငယ်တွေ အားလုံး အန္တရာယ်ရှိနေနိုင်တယ်ဆိုတဲ့ သဘောလား”

“ငါပြောတာက ဖြစ်နိုင်ခြေတစ်ခုပါ…” ကျိုးကျားယွီက သတိပေးသည့် သဘောဖြင့် ပြောလိုက်သည်။

“ဒါက တော်တော်လေး လက်ပေါက်ကပ်မယ့်ပုံပဲ။ ရွှီရူဝမ်ရဲ့ ဆရာ ရွှီကျန်းလည်း သတိထားနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်” ရှန်ရိချွင်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

ရှန်ရိချွင်းနှင့် ကျိုးကျားယွီတို့သည် ထိုအမှုကို စောင့်ကြည့်နေကြသော်လည်း ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက် မရှိဘဲ ဘေးကနေ စပ်စုရုံသာ ဖြစ်သည်။ သို့သော် ရှန်ရိချွင်း၏ စကားများသည် နိမိတ်ဖတ်လိုက်သလို ဖြစ်သွားသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် ၎င်းတို့အားလုံး ခြံထဲ၌ စကားစမြည် ပြောနေစဉ် လင်းကျွယ်၏ ဖုန်း မြည်လာသည်။

လင်းကျွယ်သည် ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။

“ဟယ်လို”

တစ်ဖက်မှ ပြောလိုက်သည့် စကားကြောင့် သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အပြုံးများ ပျောက်ကွယ်သွားသည်။ “ဘယ်တုန်းက ဖြစ်တာလဲ။ သူ အန္တရာယ်ရှိလား။ အခု မင်းတို့ ဘယ်မှာလဲ” စသည့် မေးခွန်းများကို သူမ အဆက်မပြတ် မေးတော့သည်။

အခြေအနေ မဟန်တော့သည်ကို အားလုံး ရိပ်မိလိုက်ကြပြီး စကားများကို ရပ်တန့်ကာ လင်းကျွယ်ထံ အာရုံစိုက်လိုက်ကြသည်။

“ကောင်းပြီ၊ ငါတို့ အခုပဲ လာခဲ့မယ်။ လူနာဆောင်မှာပဲ နေ၊ သူ့အနားကနေ မခွာနဲ့ဦး” လင်းကျွယ်က ပြောကာ ဖုန်းချလိုက်သည်။ သူမ၏ လေသံသည် အလွန်ပင် လေးနက်နေသည်။

“ရွှီကျန်း ဒုက္ခရောက်နေပြီ”

ကျိုးကျားယွီ ထိတ်လန့်သွားပြီး သူ နားကြားမှားခဲ့လေသလောဟုပင် ထင်လိုက်မိသည်။ “ရွှီကျန်းလား။ ရွှီရူဝမ့်ရဲ့ ဆရာလေ”

“ဟုတ်တယ်။ ရွှီမိသားစုက ဖုန်းဆက်တာ။ အသေးစိတ်ကို လေယာဉ်ပေါ်ကျမှ ပြောမယ်။ ငါ လက်မှတ်ဖြတ်လိုက်မယ်၊ မင်းတို့ အထုပ်အပိုးပြင်ထားကြ။ ငါတို့ ဒီညပဲ သွားကြမယ်” လင်းကျွယ်က အတည်ပြုလိုက်သည်။

ကျိုးကျားယွီ ခေါင်းညိတ်ပြလိုက်သည်။ ရှန်ရိချွင်းက မျက်လုံးအဝိုင်းသားနှင့် လင်းကျွယ်ကို ကြည့်ကာ မေးလိုက်သည်။

“ရှီပေါ၊ ကျွန်တော်လည်း လိုက်ရမှာ မဟုတ်လား”

လင်းကျွယ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်သည်။

“လိုက်ရပေါ့။ ငါတို့ရဲ့ လမ်းသရဲလေး မပါဘဲနဲ့ ဟိုအဖွဲ့ထဲကို ဘယ်လို ဖောက်ဝင်မလဲ”

ရှန်ရိချွင်း “…” ငါ ဘာလို့ ပါးစပ်သရမ်းမိပါလိမ့်။

လင်းကျွယ်၏ အလုပ်လုပ်နှုန်းသည် အလွန်မြန်ဆန်လှသည်။ တစ်နာရီအတွင်းပင် အရာအားလုံး အဆင်သင့် ဖြစ်သွားသည်။ စီနီယာ တပည့်များတွင် တခြားကိစ္စများ ရှိနေသဖြင့် ၎င်းတို့ လေးယောက်သာ ကားပေါ် တက်ခဲ့ကြသည်။ လင်းကျူးရွှေသည် လက်တံတောင်ကို ပြတင်းပေါက်တွင် တင်ကာ တင်းမာသော အမူအရာဖြင့် ကားရှေ့ခန်းတွင် ထိုင်နေသည်။ လင်းကျွယ်က ကားဆရာကို လေဆိပ်သို့ တန်းမောင်းရန် ညွှန်ကြားပြီးနောက် ရွှီကျန်း၏ အခြေအနေကို ရှင်းပြလိုက်သည်။ ရွှီရူဝမ် ကျိုးကျားယွီကို ပြောပြခဲ့သည့်အတိုင်း ရွှီကျန်းသည် ထိုအမှုကို စုံစမ်းရန် တရားဝင် တာဝန်ပေးအပ်ခံခဲ့ရသည်။ သို့သော် ရှောင်မီနှင့် ပတ်သက်သမျှ လူတိုင်း မှော်ဝင်နေသလိုမျိုး နှုတ်ဆိတ်နေကြသဖြင့် စုံစမ်းရ ခက်ခဲနေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်သည့် လူငယ်များကပင် ရွှီကျန်းကို ရန်သူကဲ့သို့ သဘောထားကာ မည်သည့်သတင်းအစအနမျှ မပေးဘဲ တားဆီးထားကြသည်။

“ရွှီကျန်းရဲ့ အခြေအနေရော ဘယ်လိုလဲ” လင်းကျူးရွှေက တိုတိုတုတ်တုတ် မေးလိုက်သည်။

“မနေ့ညက ရှောင်မီတို့ တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန် ရွှီကျန်းက အဲဒီနေရာကို သွားခဲ့တာ။ သူ့ကို ပြန်တွေ့တဲ့အချိန် သူ သတိမေ့နေပြီ” လင်းကျွယ်က ဖြေသည်။

သူမ မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။

“သူ့ရဲ့ အသက်ရှူနှုန်းနဲ့ တခြားအခြေအနေတွေက တည်ငြိမ်နေပေမယ့် အခုထိ နိုးမလာသေးဘူး။ သူ့ဝိညာဉ်က ကိုယ်ခန္ဓာကနေ ခွာနေသလိုပဲ၊ စိုးတာက ရွှီမိသားစုရဲ့ နည်းလမ်းတွေနဲ့တောင် ခေါ်လို့ မရဘူး ဖြစ်နေတယ်”

ရွှီမိသားစုတွင် ရွှီကျန်း၏ အဆင့်အတန်းသည် လင်းမိသားစုရှိ လင်းကျူးရွှေနှင့် တူညီသည်။ သူသည် ပါရမီအရှိဆုံး၊ အင်အားအကောင်းဆုံးနှင့် လက်ရှိ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။ သူ လဲကျသွားခြင်းက ရွှီမိသားစုကို ပရမ်းပတာ ဖြစ်သွားစေသည်။ ရွှီကျန်းနှင့် လင်းကျူးရွှေတို့သည် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း တစ်ဦးကိုတစ်ဦး လေးစားကြသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။ ၎င်းတို့၏ မိသားစုများသည် ယခင်မျိုးဆက်ကတည်းက ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့ကြသည်။

လမ်းခရီးတွင် လင်းကျွယ်က ရွှီမိသားစုဆီက ရသမျှ သတင်းများကို ပြန်လည် စစ်ဆေးနေသည်။ ပြီးနောက် လေယာဉ်ပေါ်တွင် လင်းကျူးရွှေကို အသေးစိတ် ထပ်မံ ရှင်းပြလိုက်သည်။ ပုံစံတူညီသော သေဆုံးမှု အများအပြား ရှိနေသဖြင့် အာဏာပိုင်များက ရွှီကျန်းကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။ ထိုသေဆုံးသူများသည် ညဘက်တွင် မည်သို့မှ မဖြစ်နိုင်သော နေရာများ၌ ရုတ်တရက် ပေါ်လာပြီး မတော်တဆမှုများဖြင့် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ နေရာတိုင်းသည် ရှောင်မီ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် နေရာများဖြစ်နေသည်။

သေဆုံးသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်သူများသာ ဖြစ်ပါက ရဲတပ်ဖွဲ့က ရှောင်မီကို ဖမ်းဆီးနိုင်သော်လည်း ယခုလူငယ်များသည် ၎င်းတို့နှင့် ပတ်သက်မှု မရှိပေ။ သို့သော် ၎င်းတို့အားလုံးသည် ရှောင်မီ၏ ဖန်ဂရုထဲတွင် ရှိနေကြပြီး သူမ၏ ထိတ်လန့်စရာ ဂိမ်းများကို ဆော့ကစားခဲ့ကြသူများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရဲတပ်ဖွဲ့ စုံစမ်းမှုများကို လက်လျှော့လိုက်ရပြီးနောက် အထူးလမ်းကြောင်းမှတစ်ဆင့် ရွှီမိသားစုကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ကျိုးကျားယွီက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

“အာဏာပိုင်တွေက ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ လုပ်တယ်လား”

“လုပ်တာပေါ့။ မင်းရဲ့ ဆရာ သူတို့ကြားမှာ ဘယ်လောက် နာမည်ကြီးတယ်ဆိုတာ မင်း မသိသေးလို့ပါ” လင်းကျွယ်က ပြန်ဖြေသည်။

ကျိုးကျားယွီက ဂုဏ်ယူသလို ခံစားချက်ဖြင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။ ၎င်းတို့ ရောက်ရှိချိန်တွင် ရွှီမိသားစုဝင်များ လာရောက်ကြိုဆိုကြပြီး ဆေးရုံသို့ တန်းခေါ်သွားကြသည်။ ရွှီကျန်း၏ လူနာဆောင်ထဲတွင် ရွှီရူဝမ်နှင့် သတိမေ့နေသော ရွှီကျန်းကို ကျိုးကျားယွီ တွေ့လိုက်ရသည်။

“အကြီးအကဲလင်း၊ အကြီးအကဲလင်းကျွယ်၊ ကျိုးကျားယွီ!” ရွှီရူဝမ်က မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။

ရှန်ရိချွင်းက စိတ်ကောက်သလို လေသံဖြင့် မေးလိုက်သည်။

“ငါကရော”

ရွှီရူဝမ်က အံ့ဩချင်ယောင်ဆောင်ကာ မေးလိုက်သည်။

“ဘုရားရေ၊ ဘယ်သူ စကားပြောနေတာလဲ”

ရှန်ရိချွင်း “…” ရွှီရူဝမ် ငါ့ကို နောက်ပြောင်တယ်ပေါ့လေ။ လူနာဆောင်ထဲမှာ မီးတွေ လင်းထိန်နေလို့ ငါ အသိသာဆုံး မဟုတ်ဘူးလား။

သို့သော် ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသဖြင့် သူ၏ မကျေနပ်မှုကို စိတ်ထဲတွင်သာ သိမ်းထားလိုက်တော့သည်။ လင်းကျူးရွှေက ရွှီကျန်းကို အမြန် စစ်ဆေးကြည့်လိုက်သည်။ သူသည် အမွှေးတိုင်တစ်တိုင် ထွန်းပြီးနောက် သူ့လက်ချောင်းကို အပ်နှင့်ထိုးဆွကာ သွေးစက်ကို ရွှီကျန်း၏ နဖူးပေါ်တွင် တို့လိုက်သည်။ အစပိုင်းတွင် အဖြောင့်အတိုင်း တက်နေသော အမွှေးတိုင်မီးခိုးများသည် ထိုသို့ ပြုလုပ်ပြီးနောက် အရူးအမူး လှုပ်ယမ်းလာပြီး မတည်မငြိမ် ဖြစ်လာကာ နောက်ဆုံးတွင် အမွှေးတိုင်သည်လည်း ကျိုးသွားတော့သည်။ လင်းကျူးရွှေ၏ မျက်ခုံးများ တင်းတင်းကြပ်ကြပ် တွန့်ခေါက်သွားသည်။

“အကြီးအကဲလင်း?” ရွှီရူဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။

“ဒါက ရိုးရိုးရှင်းရှင်း ဝိညာဉ်ခွဲထွက်သွားတာမျိုး မဟုတ်ဘူး” လင်းကျူးရွှေက ဆိုသည်။

“ဒါဆိုရင် ဆိုလိုတာက...” ရွှီရူဝမ်က ထပ်မံမေးမြန်းလိုက်သည်။

လင်းကျူးရွှေက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“သူ့ဝိညာဉ်က အပိတ်လှောင်ခံထားရတာ”

အခန်းထဲရှိ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။ ရွှီကျန်းကဲ့သို့ အစွမ်းထက်သူတစ်ဦး၏ ဝိညာဉ်ကို ပိတ်လှောင်ထားနိုင်သည်ဆိုလျှင် ထိုအရာသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေလိမ့်မည်။

ရွှီရူဝမ်၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး ဒူးထောက်ရန် ပြင်လိုက်သည်။

“ကျေးဇူးပြုပြီး၊ ကျွန်တော့်ဆရာကို ကယ်ပေးပါဦး။ အကြီးအကဲလင်း”

လင်းကျူးရွှေက အရှေ့သို့လှမ်းကာ သူ့ကို ထူပေးလိုက်ရင်း ပြောလိုက်သည်။

“ဒါမျိုးလုပ်ဖို့ မလိုပါဘူး၊ ငါကူညီနိုင်ရင် ကူညီမှာပါ”

ရွှီရူဝမ်သည် တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။

“အကြီးအကဲလင်းသာ ကျွန်တော့် ဆရာ့ကို ကုပေးနိုင်ရင် ရွှီမိသားစုက အကြီးအကဲလင်းဆီမှာ ကျေးဇူးကြွေး ၃ ခု တင်ထားတယ်လို့ သတ်မှတ်မှာပါ၊ ကိုယ်ကျင့်တရားနဲ့ မဆန့်ကျင်သရွေ့ အကြီးအကဲလင်းအတွက်ဆို မီးပင်လယ်ထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် ဆင်းဝံ့ပါတယ်”

“မင်း အာမခံနိုင်တာ သေချာလို့လား” လင်းကျူးရွှေက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ကျွန်တော် အာမခံပါတယ်” ရွှီရူဝမ်က ခိုင်ခိုင်မာမာ ပြန်ပြောလိုက်သည်။

“သူ့ကို ဘယ်နားမှာ တွေ့တာလဲ” မေးပြီးနောက် လင်းကျူးရွှေက အချိန်ကို တွက်ချက်ကာ ပြောလိုက်သည်။

“ငါ့ကို ည ၈ နာရီလောက်ကျရင် အဲဒီကို ခေါ်သွားပေး”

ရွှီရူဝမ်က သဘောတူလိုက်သည်။ ညနေစောင်းအချိန်ဖြစ်သဖြင့် လင်းကျူးရွှေ ပြောထားသော အချိန်မတိုင်မီ ၎င်းတို့အားလုံး ရွှီရူဝမ်နှင့် အချက်အလက်များ ဖလှယ်လိုက်ကြသည်။ ရွှီကျန်းကို ရှေးဟောင်းသုသာန်ဟောင်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။

ရှန်ရိချွင်းက ဖုန်းကို ထုတ်ကာ ရှောင်မီ၏ Weibo စာမျက်နှာကို စစ်ဆေးရင်း ပြောလိုက်သည်။

“သူ ဒီသုသာန်ကို သွားခဲ့တာ သေချာတယ်၊ ဒါက ရှောင်မီနဲ့ ဆက်စပ်နေလောက်တယ်”

“ဒီမိန်းမက ဘာဖြစ်နေတာလဲ” ရွှီရူဝမ်က မေးလိုက်သည်။

လင်းကျူးရွှေက ရှန်ရိချွင်းဘက် လှည့်လိုက်သည်။

“သူ့ပုံရှိလား၊ တစ်ပုံလောက် ပြပါဦး”

ရှန်ရိချွင်းက ရှောင်မီ၏ ဓာတ်ပုံတစ်ပုံကို ပြသလိုက်ရာ လင်းကျူးရွှေက သေချာလေ့လာပြီးနောက် မေးလိုက်သည်။

“ပုံထဲမှာ လူဘယ်နှယောက်ရှိလဲ”

“ခုနစ်ယောက်ပါ” ရှန်ရိချွင်းက အမှန်အတိုင်း ဖြေလိုက်သည်။

လင်းကျူးရွှေက ခေါင်းခါလိုက်သည်။ သူ၏ အပြုအမူကို လူတိုင်း ပဟေဠိဖြစ်နေစဉ် နောက်ဆက်တွဲစကားကြောင့် အားလုံး ကြက်သီးထသွားကြသည်။

“ခုနစ်ယောက် ဟုတ်လား၊ တစ်ယောက်တောင် မရှိဘူး”

“ရှောင်မီက လူမဟုတ်ဘူးလို့ ဆိုလိုတာလား” ရွှီရူဝမ်က ချက်ချင်း မေးလိုက်သည်။

“ဒါက ထူးဆန်းနေပြီ၊ သူတို့က ယင်နဲ့ ယန် ကြားထဲက သတ္တဝါတစ်ခုခုလိုပဲ၊ လူလည်း မဟုတ်သလို သရဲလည်း မဟုတ်ဘူး” ထိုဖြေရှင်းချက်ကို ၎င်းတို့ ပဟေဠိဖြစ်နေကြသည်၊ လင်းကျူးရွှေက အသေးစိတ်ကိုမူ ဆက်မပြောဘဲ သုသာန်သို့ သွားရန်သာ အကြံပြုလိုက်သည်။

ရွှီရူဝမ်သည် ယခင်ကကဲ့သို့ အကျဥ်းသားဟောင်းနှင့် မတူဘဲ ဆံပင်များ ရှည်လာကာ ရုပ်ရည်သည်လည်း ပို၍ ထက်မြက်လာသည်။ ရှန်ရိချွင်းက သူ မျက်နှာခွဲစိတ်ပြုပြင်ထားသည်ဟု သံသယဝင်သော်လည်း ရွှီရူဝမ်က မငြင်းခုံဘဲ ပြန်မေးလိုက်သည်။

“မင်းကရော ဘာလို့ ပိုမည်းသွားတာလဲ”

ရှန်ရိချွင်း မျက်နှာ ပျက်သွားပြီး သူ့ကို ပြန်ရန်တွေ့ချင်သော်လည်း ခန္ဓာကိုယ်ချင်း မယှဉ်နိုင်သည့်အပြင် ရွှီရူဝမ်သည် သူ့ကို လူမဲကောင်လေးဟူ၍ လက်တစ်ဖက်တည်းဖြင့် မနိုင်သောကြောင့် အောင့်သက်သက်သာ နေလိုက်ရသည်။ ထိုစဉ် ရှန်ရိချွင်း၏ ဖုန်းမြည်လာသဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ အော်ဟစ်လိုက်သည်။ “ဒုတိယအကြိမ် အင်တာဗျူး အောင်ပြီတဲ့၊ နောက်နှစ်ရက်နေရင် ရှောင်မီရဲ့ လိုက်ဖ်လွှင့်တဲ့ထဲ ပါလို့ရပြီလို့ ပြောထားတယ်”

“တကယ်ကြီး အတွင်းထဲအထိ ထိုးဖောက်နိုင်ခဲ့တာလား၊ သူတို့ မင်းကို မသင်္ကာမဖြစ်ကြဘူးလား” လင်းကျွယ်က အံ့အားသင့်စွာ မေးလိုက်သည်။

ရှန်ရိချွင်းက ပြုံးဖြဲဖြဲဖြင့် ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့ ရိုးသားတဲ့ ဆွဲဆောင်မှုကို ဘယ်သူမှ မတွန်းလှန်နိုင်ဘူးလေ”

ထိုအခါ အားလုံး တိတ်ဆိတ်သွားပြီး မျက်နှာများ လွှဲသွားကြသည်။

“အဲ့ဒီမျက်နှာတွေက ဘာအဓိပ္ပါယ်လဲ” ရှန်ရိချွင်းက မေးလိုက်သည်။

“ရိုးသားတာတော့ ဟုတ်ပါပြီ၊ ‘ဆွဲဆောင်မှု’ ဆိုတာကြီးကိုတော့ ချန်ခဲ့ပါဦး” ရွှီရူဝမ်က နောက်ပြောင်လာသဖြင့် ရှန်ရိချွင်းက ပြန်အော်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း”

၎င်းတို့ နောက်ပြောင်နေကြသော်လည်း ရွှီရူဝမ် စိတ်မသက်မသာ ဖြစ်နေသည်ကို ကျိုးကျားယွီ သတိထားမိသည်။ မိမိ၏ ဆရာသာ ထိုကဲ့သို့ အန္တရာယ်ကြုံရလျှင် မည်သို့ခံစားရမည်ကို တွေးကြည့်ကာ ကျိုးကျားယွီ ရင်လေးသွားသည်။ ည ၈ နာရီ ထိုးသောအခါ လင်းကျူးရွှေ လိုအပ်သည့် အမွှေးတိုင်နှင့် ကြိုးအနီများကို ယူဆောင်ကာ သုသာန်သို့ ရောက်ရှိလာကြသည်။ ထိုနေရာသည် လူသူကင်းမဲ့လှပြီး ဤခေတ်တွင် ထိုသို့သော နေရာမျိုး တည်ရှိနေခြင်းသည် အံ့ဩဖွယ်ကောင်းလှသည်။ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကြိုးစားခဲ့ကြသော်လည်း မတော်တဆမှုများကြောင့် စွန့်ပစ်ထားသော နေရာဖြစ်သည်ဟု ရွှီရူဝမ်က ရှင်းပြလာသည်။

“ဒီနေရာက ရှေးခေတ်က ကျန်ခဲ့တဲ့ ရှေးဟောင်းနေရာတစ်ခုလို့ ဆိုကြတယ်” ရွှီကျန်း၏ အခြေအနေကို ရှာဖွေရာမှ သိရှိလာသော ရွှီရူဝမ်က ရှင်းပြလိုက်သည်။

“ကပ်ရောဂါကြောင့် သေတဲ့သူတွေကို ဒီနေရာမှာ ဖျာတွေနဲ့ ပတ်ပြီ ဒီအတိုင်း စုပုံပစ်ထားခဲ့တဲ့၊ နှစ်တွေကြာလာတော့ အရိုးတွေ စုပုံလာတာ”

ကျိုးကျားယွီက မေးလိုက်သည်။

“အခုတော့ အဲဒီလို မဟုတ်တော့ဘူးမလား”

ရွှီရူဝမ်က သက်ပြင်းချလိုက်သည်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ အစောပိုင်းကာလတွေတုန်းက မြေပေါ်မှာပေါ်နေတဲ့ အရိုးစုအများစုကို ရှင်းလင်းပြီး ဒီနေရာမှာ လမ်းဖောက်ဖို့ စီစဉ်ခဲ့ပေမယ့် လမ်းအုတ်မြစ်တူးတဲ့အခါ အဆုံးမရှိတဲ့ လူသေအရိုးအကြွင်းအကျန်တွေကို တွေ့ခဲ့ရသလို မတော်တဆမှုတွေလည်း ခဏခဏဖြစ်ပွားနေတာနဲ့ လမ်းကြောင်းကို တခြားနေရာ ပြောင်းလိုက်ပြီး ဒီနေရာကိုတော့ ဒီအတိုင်းပဲ ချန်ထားခဲ့ကြတာ"

ဤသို့သောနေရာမျိုးတွင် ညဉ့်နက်သန်းခေါင်ယံ၌ ပရလောကနှင့်သက်ဆိုင်သော ကစားနည်းများ ကစားရဲသူများအား ကျိုးကျားယွီ ချီးကျူးနေမိသည်။ သူသည် ထိုနေရာနားမှ ဖြတ်ပင်မလျှောက်ရဲပေ။ သုသာန်သို့ ရောက်သောအခါ ရှည်လျားလှသော ပေါင်းပင်များနှင့် လူသူမနီးသည့် ခြောက်ခြားဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။ ကျိုးကျားယွီသည် မြေပုံများကြားတွင် လည်ပတ်နေသော အနက်ရောင် မြူခိုးများကို မြင်လိုက်ရသဖြင့် လင်းကျူးရွှေကို ပြောပြလိုက်သောအခါ လင်းကျူးရွှေက ခေါင်းညိတ်က အသိအမှတ်ပြုလိုက်သည်။ အတွင်းသို့ မဝင်မီ လင်းကျူးရွှေက ကြိုးအနီများကို ထုတ်ယူကာ လူအတွဲလိုက် ၎င်းတို့၏ လက်သူကြွယ်တွင် ချည်နှောင်ပေးလိုက်သည်။ လင်းကျွယ်နှင့် ရွှီမိသားစုမှ လူငယ်တစ်ဦး၊ ရွှီရူဝမ်နှင့် ရှန်ရိချွင်း၊ လင်းကျူးရွှေနှင့် ကျိုးကျားယွီ ဟူ၍ အတွဲလိုက် ချည်နှောင်လိုက်ကြသည်။

လင်းကျူးရွှေက သူ၏ လက်သူကြွယ်တွင် အပ်ချည်ကြိုးလေးကို ရစ်ပတ်ချည်နှောင်ပေးနေခြင်းကို ကြည့်ရင်း ကျိုးကျားယွီတစ်ယောက် နားရွက်ဖျားလေးများ တိတ်တဆိတ် ပူထူလာမိသည်။ အမှောင်ထုက သူ၏ရှက်သွေးဖြာနေမှု ဖုံးကွယ်ပေးထားသော်လည်း ရှန်ရိချွင်းကမူ ထိုအစီအစဉ်ကို ကန့်ကွက်ရန် ကြိုးစားနေဆဲပင်။ သို့သော် လင်းကျူးရွှေက "ဘာလဲ... လင်းကျွယ်နဲ့ပဲ တွဲချင်လို့လား" ဟု ဆိုကာ သူ့စကားများကို ပိတ်ပစ်လိုက်သည်။

လင်းကျွယ်၏ ကောက်ကျစ်သော အပြုံးများကို မြင်လိုက်ရသောအခါ ရှန်ရိချွင်းတစ်ယောက် ချက်ချင်းပင် ဇွဲလျော့သွားရသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူမ၏ စနောက်ခြင်းကို မခံနိုင်သောကြောင့် အသနားခံသလို မေးလိုက်သည်။

"ကွမ်အာနဲ့ သွားလို့မရဘူးလား"

လင်းကျူးရွှေက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

"သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မင်း သိတာပဲ၊ မင်းက သူ့ကို ကာကွယ်နိုင်မို့လို့လား"

ထိုအခါ ရှန်ရိချွင်း လက်လျှော့လိုက်ရတော့သည်။ ရွှီရူဝမ်ကမူ သဘောထားကြီးစွာဖြင့် ရှန်ရိချွင်းနှင့် တွဲရခြင်းကို စိတ်မရှိကြောင်း၊ အမှောင်ထဲတွင် တစ်ယောက်တည်းရှိနေသည်ဟု မှတ်ယူထားလိုက်မည်ဖြစ်ကြောင်း နောက်ပြောင်ပြောဆိုလိုက်ရာ ရှန်ရိချွင်း ဒေါသထွက်လျက် ရွှီရူဝမ်ကို စာရင်းထဲတွင် မှတ်ချက်တစ်ခု ထပ်တိုးလိုက်လေသည်။ ကျိုးကျားယွီသည် တစ်လျှောက်လုံး တည်ငြိမ်အောင် နေခဲ့သော်လည်း အလင်းရောင်ရှိသည့်နေရာတွင်သာဆိုလျှင် သူ၏နားရွက်များ ပြုတ်ထားသော ပုစွန်ထုပ်ကြီးများကဲ့သို့ နီရဲနေကြောင်းကို တစ်စုံတစ်ယောက်က သတိပြုမိပေလိမ့်မည်။

"သွားကြစို့" လင်းကျူးရွှေက ပြောလိုက်သည်။

၎င်းတို့အဖွဲ့ သုဿာန်မြေ၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြသည်။ မြေသားသည် ဂွမ်းပေါ်နင်းရသလို နူးညံ့နေသော်လည်း ကျိုးကျားယွီအတွက်မူ ထိုခံစားချက်သည် စိတ်မသက်မသာ ဖြစ်စေသည်။ ရံဖန်ရံခါတွင် သူ၏ခြေထောက်များ မာကျောသော အရာတစ်ခုခုကို တိုက်မိတတ်ပြီး ၎င်းသည် အရိုးတစ်ခုခုများ ဖြစ်နေမလားဟု တွေးမိသောအခါ စိတ်ထဲတွင် ထိတ်လန့်နေမိသည်။ ရှန်ရိချွင်းကမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ရှေ့ဆုံးမှ တက်ကြွစွာ လျှောက်သွားနေသော်လည်း ကျန်လူများ၏ မျက်နှာတွင်မူ စိုးရိမ်မှုများ ယှက်သန်းနေသည်။

အတွင်းပိုင်းသို့ ရောက်လေ ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်များက ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ ကျိုးကျားယွီသည် ၎င်းတို့ပတ်ပတ်လည်တွင် မြူမည်းများ ဝန်းရံလာသည်ကို သတိပြုမိသော်လည်း အခြားသူများကမူ ဘာကိုမျှ မမြင်ရသည့်အလား မည်သည့်တုံ့ပြန်မှုမျှ မရှိကြချေ။ ဤကဲ့သို့သော နေရာမျိုးတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေသင့်သော်လည်း လင်းကျူးရွှေထံမှ ရရှိနေသည့် စန္ဒကူးနံ့သင်းသင်းလေးက ကျိုးကျားယွီကို စိတ်အေးချမ်းစေသည်။ ၎င်းတို့၏ လက်ချောင်းများတွင် ဆက်သွယ်ထားသော အနီရောင်ကြိုးလေးသည်လည်း သူ၏ကြောက်ရွံ့မှုများကို ပျောက်ကွယ်စေကာ စိတ်ထဲတွင် ကြည်နူးမှုလေးတစ်ခု ဖြစ်ပေါ်စေသည်။ အလယ်သို့ နီးကပ်လာသည်နှင့်အမျှ လင်းကျူးရွှေက ဘာကြောင့် အနီရောင်ကြိုးကို သုံးခဲ့သည်ကို ကျိုးကျားယွီ နားလည်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်က လူများ၏ ပုံရိပ်များ ဝေဝါးလာပြီး သုဿာန်၏ အလယ်ဗဟိုသို့ ရောက်သောအခါ ဘေးနားတွင် ရှိနေသည့် လင်းကျူးရွှေကိုပင် မနည်းကြည့်နေရသည်။

ကျိုးကျားယွီ တစ်ယောက်တည်းသာ ဤသို့ဖြစ်နေခြင်းမဟုတ်ဘဲ ရွှီရူဝမ်သည်လည်း တိုးတိုးလေး မေးလိုက်သည်။

"ရှန်ရိချွင်း... မင်း ဘယ်မှာလဲ"

ရှန်ရိချွင်းက ရွှီရူဝမ်က သူ၏ အသားအရေကို လှောင်ပြောင်သည်ဟု ထင်မှတ်ကာ ပြန်အော်လိုက်သည်။

"မင်းအနောက်မှာလေ၊ စကားတွေ အပိုပြောနေရင် ငါထုလိုက်မှာနော်"

"ငါ တကယ်ပြောနေတာ၊ မင်းကို မမြင်ရလို့" ရွှီရူဝမ်ကမူ ထပ်ပြောပြန်သည်။

ထိုအခါမှ ရှန်ရိချွင်းသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။

"နေဦး... ငါလည်း မင်းကို မမြင်ရဘူး"

ကံကောင်းထောက်မစွာဖြင့် လင်းကျူးရွှေ ချည်ပေးထားသော အနီရောင်ကြိုးများကြောင့်သာ ၎င်းတို့အချင်းချင်း တည်နေရာကို သိကြသော်လည်း မျက်စိရှေ့တွင်မူ ဘာမှမရှိသော လဟာပြင်ကြီးကဲ့သို့သာ ဖြစ်နေသည်။ လင်းကျူးရွှေက ကြေးခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူကာ ခပ်ဖွဖွ လှုပ်ယမ်းရင်း လမ်းညွှန်လိုက်သည်။

"ဒီဘက်ကို လာခဲ့ကြ"

လင်းကျူးရွှေသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ထူးဆန်းသော ပုံစံဖြင့် လျှောက်လှမ်းနေသည်။ ကျိုးကျားယွီ၏ အမြင်တွင်မူ သူသည် မြူမည်းများ၏ ဗဟိုချက်သို့ တိုးဝင်နေခြင်းပင်။ နောက်ဆုံးတွင် သူသည် ကျောက်စာတိုင်ဟောင်းတစ်ခု၏ ဘေးတွင် ရပ်တန့်ကာ ၎င်းကို လက်ဖြင့် စမ်းသပ်ကြည့်ပြီးနောက် ကျောက်စာတိုင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ အတော်လေး ခိုင်မာပုံပေါ်သော ကျောက်စာတိုင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီးနောက် ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာကာ တစ္ဆေများ ငိုကြွေးသံကဲ့သို့သော အသံများ ပေါ်ထွက်လာသည်။ လေငြိမ်သွားသောအခါ ၎င်းတို့အားလုံး အချင်းချင်း ပြန်လည်မြင်တွေ့လိုက်ရသည်။

လင်းကျူးရွှေက မျက်မှောင်ကြုတ်ထားသည်ကို မြင်ရသောကြောင့် ရွှီရူဝမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"အကြီးအကဲလင်း... ဘာဖြစ်လို့လဲ"

"မင်းတို့ဆရာကို တစ်ယောက်ယောက်က ဖမ်းထားတာမဟုတ်ဘူး" လင်းကျူးရွှေက တည်ငြိမ်စွာ ပြောလိုက်သည်။

ရွှီရူဝမ်က ကြောင်အမ်းအမ်းဖြစ်သွားသည်။

"ဗျာ"

"သူကိုယ်တိုင်ကကို ပြန်မလာချင်တာ" လင်းကျူးရွှေက လေးနက်စွာ ပြန်ပြောလိုက်သည်။

လူတိုင်း၏ မျက်နှာတွင် မယုံကြည်နိုင်ဖြစ်နေသော အရိပ်အမြွက်များ ပေါ်လာကြသည်။ ရွှီကျင်းဟော့၏ ဝိညာဉ်သည် ဘာကြောင့်များ ပြန်မလာချင်ရသနည်း။

အဖြေမထွက်မီပင် ကျိုးကျားယွီက အလန့်တကြား မေးလိုက်သည်။

"မြေကြီးထဲကနေ ဘာလို့ သွေးတွေ ထွက်လာတာလဲ"

ကျောက်စာတိုင် ပြိုကျသွားသည့်နေရာမှ သွေးများ စိမ့်ထွက်လာကြောင်း အားလုံး မြင်လိုက်ကြရသည်။ လင်းကျူးရွှေက တည်ငြိမ်သော အမူအရာဖြင့် သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။

"ရဲကို ဖုန်းဆက်လိုက်"

ကျောက်စာတိုင် ကွဲသွားသည်နှင့်အတူ ပတ်ဝန်းကျင်မှ မြူမည်းများလည်း လွင့်ပြယ်သွားသည်။ ရွှီရူဝမ်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း လင်းကျူးရွှေ ခိုင်းသည့်အတိုင်း ရဲစခန်းသို့ အကြောင်းကြားလိုက်သည်။ မကြာမီပင် ရဲများ ရောက်ရှိလာပြီး မြေကြီးထဲမှ အလောင်းအချို့ကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ဤသည်မှာ ရှောင်မီ၏ လိုက်ဖ်လွှင့်မှုနှင့် ဆက်စပ်နေသော သေဆုံးမှုများ ဖြစ်ကြောင်း ကျိုးကျားယွီ နားလည်လိုက်သည်။

ရဲအရာရှိချုပ် ရောက်ရှိလာပြီး ရွှီရူဝမ်ကို နှုတ်ဆက်ကာ စီးကရက်တစ်ခု ပေးလိုက်သည်။

“မင်း ဆရာရော ဘယ်လိုလဲ”

ရွှီရူဝမ်က တိတ်တဆိတ် ခေါင်းခါပြလိုက်သည်။

ရဲအရာရှိချုပ်သည် လင်းကျူးရွှေနှင့် သူ​၏အဖွဲ့ကို ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်ပြီးနောက် ခပ်တိုးတိုး မေးလိုက်သည်။

"နောက်ထပ် ဆရာတစ်ယောက်လား"

"ကျွန်တော့်ဆရာရဲ့ သူငယ်ချင်းပါ" ရွှီရူဝမ်က အတည်ပြုပေးလိုက်သည်။

"ဆရာကြီးရွှီရဲ့ သူငယ်ချင်းကို... တွေ့ရတာ ဝမ်းသာပါတယ်”

အရာရှိချုပ်သည် သူ၏ လက်အောက်ငယ်သားများ စစ်ဆေးနေသော ခန္ဓာကိုယ်များကို ညွှန်ပြပြီး အားတက်သရော မေးမြန်းရှာသည်။

“ဒီကိစ္စက ဘယ်တော့လောက် ပြီးပြတ်နိုင်မလဲ၊ ဆရာကြီး"

ထိုအခါ လင်းကျူးရွှေက အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်ရာ ၎င်းတို့အားလုံး ဆွံ့အသွားကြသည်။

"အရာရှိချုပ်... ကျွန်တော် အယူသီးတဲ့ ကိစ္စရပ်တွေ ပြန့်ပွားအောင် လုပ်နေတဲ့သူတစ်ယောက်ကို တိုင်ချင်လို့"

"ဟင်…?" အရာရှိချုပ်လည်း အံ့အားသင့်သွားသည်။

"ဟိုရှောင်မီဆိုတဲ့ မိန်းကလေးရဲ့ လိုက်ဖ်လွှင့်တာကို ပိတ်ပစ်လိုက်ပါ" လင်းကျူးရွှေက ဆက်ပြောလိုက်သည်။

အရာရှိချုပ်က ချွေးများကို သုတ်ရင်း သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ဆရာ... အဲဒီလို လုပ်လို့ရပါ့မလား" ကျိုးကျားယွီက မေးလိုက်သည်။

"ဘာလို့ မရရမှာလဲ" လင်းကျူးရွှေက ပြန်ဖြေလိုက်သည်။

ထိုသတ္တဝါများက နည်းပညာကို အသုံးပြုပြီး ၎င်းတို့၏ လွှမ်းမိုးမှုကို ဖြန့်ကျက်နေကြလျှင် ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ပင်တားဆီးလိုက်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

"ရှန်ရိချွင်း" လင်းကျူးရွှေက ရုတ်တရက် ခေါ်လိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

"သူတို့က မင်းကို စိတ်ဝင်စားနေတာ မဟုတ်လား? ဒီတော့ မင်းပဲ သူတို့ထဲဝင်ရောပြီး စုံစမ်းလိုက်တော့"

ရှန်ရိချွင်း : “...”

သတိပြန်ကပ်လာသောအခါ ရှန်ရိချွင်း မျက်နှာပျက်သွားသည်။

"ဒါပေမယ့် ဆရာ... ကျွန်တော် ကြောက်တယ်"

လင်းကျူးရွှေက လေသံကို ဖျော့ကာ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ကျိုးကျားယွီလည်း မင်းနဲ့အတူ လိုက်သွားလိမ့်မယ်"

ကျိုးကျားယွီ : “...” နေဦး၊ တစ်ခုခုတော့ မှားနေပြီ!

ရှန်ရိချွင်းသည် ကျိုးကျားယွီနှင့် အတူသွားရမည်ဆိုသောကြောင့် ပို၍ပင် ငိုချင်လာမိသည်။ ကျိုးကျားယွီ လိုက်လာပါက ပို၍ ဆိုးရွားပေလိမ့်မည်။ ကျိုးကျားယွီ၏ ခန္ဓာကိုယ်သည် သရဲတစ္ဆေများကို ဆွဲဆောင်နိုင်သည့် ဝိုင်ဖိုင်လွှင့်စက်ကြီးကဲ့သို့ ဖြစ်နေခြင်းကို သူ သိနေသောကြောင့် တစ်ယောက်တည်း သွားရခြင်းက ပို၍ ဘေးကင်းဦးမည်ဟု တွေးမိနေတော့သည်။

စာရေးသူ၏ စာကြွင်း။

လင်းကျူးရွှေ : အနီရောင် ကြိုးနဲ့ ချည်လိုက်ပြီမို့လို့ ဒီငါးလေးက ငါ့အပိုင်ပဲ။

ကျိုးကျားယွီ အလွန်ရှက်နေပြီး လင်းကျူးရွှေက သူ၏ နီရဲနေသာ နားရွက်ကို ခပ်ဖွဖွ ကိုက်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment