no

Font
Theme

အခန်း ၅၇

အိမ်ပြန်ရောက်ပြီးနောက် ဘဝနေထိုင်မှု အခြေအနေသည် အေးအေးလူလူနှင့် ပျော်စရာကောင်းလှသည်။ နေ့စဉ် ထမင်းဟင်းချက်လိုက်၊ မန္တန်စာရွက်များ ရေးဆွဲလိုက်နှင့် ဤမျှသာယာသည့်ဘဝမျိုး ရှိနိုင်တော့မည် မဟုတ်ပေ။ အထူးသဖြင့် ဟင်းချက်လက်ရာ ပြောင်မြောက်လှသည့် ကျိုးကျားယွီ ရောက်ရှိလာပြီးနောက် ထမင်းစားချိန်တိုင်း အလွန်တရာ အနှစ်သာရရှိသော အချိန်များ ဖြစ်လာခဲ့သည်။ အိမ်ပြန်ရောက်ပြီးနောက် စက္ကူရုပ်လေး အနည်းငယ် ပိုကြီးထွားလာသည်ဟု ကျိုးကျားယွီ ခံစားနေရသည်။ မိမိစိတ်ထင်နေခြင်းလားဟု သူတွေးတောနေစဉ်ပင် ရှန်ရိချွင်းက ပေကြိုးအပျော့လေး တစ်ချောင်းကိုင်ကာ ရောက်လာပြီး စက္ကူရုပ်လေးကို တိုင်းထွာကြည့်ကာ ပြောလိုက်သည်။

“တကယ်ကြီး အရပ်ရှည်လာတာပဲ”

စက္ကူရုပ်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်လေးကို ကော့လိုက်သည်။ ထို့နောက် ရှန်ရိချွင်းက မြွေပါလေးဘက် လှည့်ကာ မေးလိုက်သည်။

“မင်းကိုရော တိုင်းပေးရမလား”

မြွေပါလေးက “ဂဂ” ဟု စူးရှရှ အသံနှစ်ချက်ပြုကာ ရှန်ရိချွင်းကို မျက်လုံးအိမ် ကျဉ်းကျဉ်းလေးများဖြင့် အထင်သေးသလို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကျိုးကျားယွီ၏ ပုခုံးပေါ်သို့ ခုန်တက်ကာ ပဝါတစ်ထည်ကဲ့သို့ ပြန်လည်နေရာယူလိုက်လေသည်။ မြွေပါလေး၏ မာနကြီးလှသော ပုံစံကြောင့် ရှန်ရိချွင်း ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။

‘ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ၊ မင်းအရပ်မရှည်တာ ငါ့အပြစ်မှ မဟုတ်တာ’

ကျိုးကျားယွီက စက္ကူရုပ်လေးကို ရှောင်ကျစ် (စက္ကူလေး) ဟု ရိုးရိုးရှင်းရှင်းပင် အမည်ပေးလိုက်သည်။ ရှောင်ကျစ်က ထိုအမည်ကို အတော်လေး သဘောကျပုံရသော်လည်း မြွေပါလေးကမူ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“သူ့ကို သွားမရယ်နဲ့၊ မင်းနာမည်ကလည်း ရှောင်ဟွမ် (အဝါလေး) မဟုတ်ဘူးလား” ရှန်ရိချွင်းက ခပ်အေးအေးပင် ဝင်ပြောလိုက်သည်။

မြွေပါလေး : “...”

ယခုဆိုလျှင် စက္ကူရုပ်လေးနှင့် မြွေပါလေးတို့ ယခင်ကကဲ့သို့ မကြာခဏ ရန်မဖြစ်ကြတော့သော်လည်း တစ်ဦးကိုတစ်ဦး ကြည့်မရကြသေးပေ။ ၎င်းတို့သည် ကိစ္စလေးများမှစ၍ ပြိုင်ဆိုင်တတ်ကြပြီး အဓိကအားဖြင့် တစ်ဖက်လူ၏ ဂရုစိုက်မှုကို လိုချင်ကြခြင်းသာ ဖြစ်သည်။ အစပိုင်းတွင် ကျိုးကျားယွီက ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ကောင်သည် ထိုသို့ပြိုင်ဆိုင်ရခြင်းကိုပင် ပျော်မွေ့နေကြပြီး အမှန်တကယ် ထိခိုက်မှုမရှိကြောင်း သိလိုက်ရသဖြင့် လွှတ်ထားလိုက်သည်။

နွေဦးရနံ့များ ပိုမိုသိသာလာကာ ဆောင်းရာသီ၏ ဖြူဖျော့ဖျော့ အအေးဓာတ်များ လန်းဆန်းသည့် အစိမ်းနုရောင် အလင်းတန်းများကို နေရာဖယ်ပေးလိုက်ရပြီ ဖြစ်သည်။ အပင်များ ပြန်လည်ရှင်သန်လာကာ သစ်ကိုင်းသစ်ခက်များတွင် အဖူးအပွင့်သစ်များ ဝေဆာလာပြီး ချမ်းစိမ့်စိမ့်လေထုသည်လည်း နွေးထွေးနူးညံ့လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ကျိုးကျားယွီသည် ဆောင်းရာသီကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘဲ နွေးထွေးသည့် ရာသီဥတုကိုသာ ပို၍ သဘောကျသူ ဖြစ်သည်။

လင်းကျွယ်သည်လည်း လတ်တလော အလုပ်သိပ်မရှိပုံရပြီး လင်းအိမ်တော်တွင် နေထိုင်နေသည်။ သို့သော် သူမသည် ကျိုးကျားယွီတို့ရှိသည့် သစ်သားအဆောက်အဦးတွင် မဟုတ်ဘဲ အိမ်တော်၏ အနောက်တောင်ဘက်ရှိ ကိုယ်ပိုင်အဆောင်တွင် နေထိုင်ခြင်း ဖြစ်သည်။ လင်းကျူးရွှေသည် ကျိုးကျားယွီကို အိမ်တော်အတွင်းရှိ လမ်းကြောင်းများကို မှတ်သားရန် အချိန်ပေးသင်ကြားပေးလိုက်သည်။ ၎င်းသည် အလွတ်ကျက်မှတ်ရုံသာ အဆင်ပြေမည့်ပုံစံမျိုးဖြစ်ပြီး သိပ္ပံနည်းကျ ပြောရလျှင် ဖော်မြူလာတစ်ခုထဲသို့ ကိန်းဂဏန်းများ ထည့်သွင်းတွက်ချက်ရသလိုမျိုး ဖြစ်သဖြင့် ကျိုးကျားယွီအတွက် အတော်လေး ခက်ခဲလှသည်။ ရှန်ရိချွင်းကမူ သူကိုယ်တိုင်ပင် ထိုလမ်းကြောင်းများကို မှတ်မိစေရန် ခြောက်လခန့် အချိန်ယူခဲ့ရကြောင်း၊ ထိုကာလအတွင်း အခန်းထဲ အောင်းပြီး မန္တန်စာရွက်များ ရေးဆွဲနေခဲ့ရကြောင်းနှင့် မလောရန် နှစ်သိမ့်ပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ကျိုးကျားယွီ၏ မန္တန်ရေးဆွဲသည့် ကျွမ်းကျင်မှုများ သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ ရှုပ်ထွေးလှသည့် ကံကောင်းမှုမန္တန်များကိုပင် အလွယ်တကူ ဆွဲနိုင်လာသည်။ သူသည် ဤမန္တန်များတွင် ဘေးထွက်ဆိုးကျိုး ရှိသလားဟု လင်းကျူးရွှေကို တစ်ခါက မေးဖူးသည်။ မန္တန်အများစုက အထောက်အကူပြုရုံသာ ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အချို့သော အခြေအနေများတွင် မမျှော်လင့်ထားသည့် ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း လင်းကျူးရွှေက ပြန်လည်ဖြေကြားခဲ့သည်။ ထိုစကားကို ကြားသောအခါ ကျိုးကျားယွီသည် ရှန်ရိချွင်း၏ ကံဆိုးလှသော မတော်တဆမှုကို ချက်ချင်း သတိရသွားပြီး ကြက်သီးပင် ထသွားမိသည်။ အချိန်မီ သိလိုက်ရသောကြောင့် တော်လှပေသည်၊ မဟုတ်လျှင် သူသည်လည်း ညိုမည်းမည်းနှင့် မိန်းမဆန်လှသော လူကောင်သေးသေးလေး ဖြစ်သွားနိုင်သည်။

ကျိုးကျားယွီသည် အိပ်ရာမဝင်မီတွင် အင်တာနက် သုံးလေ့ရှိသည်။ ဖုန်းရွှေဖိုရမ်သည် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည့် ဇာတ်လမ်းပေါင်းစုံနှင့် အမြဲတစေ စည်ကားနေဆဲဖြစ်ပြီး အချို့သည် အတော်လေး ယုံကြည်လောက်စရာ ကောင်းလှသည်။ အထွေထွေဆွေးနွေးမှု ကဏ္ဍတွင် ကျိုးကျားယွီသည် “ဝမ်နွီ” ဆိုသည့် အသုံးပြုသူအမည်ကို ထပ်မံတွေ့ရှိလိုက်ပြန်သည်။ ထိုလင့်ခ်ကို နှိပ်ကြည့်လိုက်သောအခါ အန္တရာယ်ကင်းသည့် ဖုန်းရွှေနည်းလမ်းအချို့ကို ဝေမျှနေကြောင်း သူ တွေ့လိုက်ရသည်။

ထိုမျှနှင့်ဆိုလျှင် ဘာမှမထူးဆန်းသော်လည်း ကျိုးကျားယွီသည် အောက်က မှတ်ချက်များကို ဖတ်ကြည့်လိုက်သောအခါ ထိုင်ခုံပေါ်မှပင် လိမ့်ကျမတတ် ဖြစ်သွားရသည်။ မှတ်ချက်တိုင်းက ထိုပို့စ်တင်သူကို “နတ်ဘုရားမ” ဟု ခေါ်ဝေါ်နေကြပြီး သူမ၏ ဗဟုသုတ ကြွယ်ဝမှုကို ချီးမွမ်းနေကြသည်။ အချို့ကလည်း ဖုန်းကို စွန့်လွှတ်လိုက်ပြီးနောက် စိတ်ကြည်လင်လာကာ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုများပင် ပျောက်ကွယ်သွားကြောင်း စိတ်လှုပ်ရှားစွာ ရေးသားထားကြသည်။ ကျိုးကျားယွီ၏ မျက်နှာအမူအရာ တစ်ချက်တွန့်သွားသည်။

‘ဒီလူတွေက တစ်နေ့ကုန် ဖုန်းငုံ့ကြည့်နေလို့ ဇက်ကြောတက်နေတာ နေပါ’

သို့သော် ၎င်းတို့ ကိုးကွယ်နေသည့် “နတ်ဘုရားမ” ဆိုသူသည် တကယ်တမ်းတွင် ခြောက်ပေကျော် အရပ်နှင့် ဗလတောင့်တောင့် ကတုံးကြီးတစ်ယောက် ဖြစ်နေမှန်း သိသွားလျှင် မည်သို့ဖြစ်သွားမည်နည်းဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။ မှန်သည်၊ ဝမ်နွီဆိုသည် ရွှီရူဝမ်၏ အကောင့်ခွဲတစ်ခုသာ ဖြစ်သည်။ ကျိုးကျားယွီသည် သာကြောင်းမာကြောင်းနှင့် အရှေ့မြောက်ဘက် တောင်ပေါ်သို့ သွားကာ အမှန်တကယ် သီးသန့်ကျင့်ကြံနေလားဟု သူ့ထံသို့ စာတိုပေးပို့၍ မေးလိုက်သည်။ ရွှီရူဝမ်က ချက်ချင်းပင် စာပြန်လာပြီး တကယ်သာ တောင်ပေါ်ရောက်နေလျှင် အင်တာနက်နှင့် ပြတ်တောက်နေမည်ဖြစ်ရာ ဖိုရမ်တွင် စကားပြောနေရန် အချိန်ရှိမည်မဟုတ်ကြောင်း ဆိုသည်။ ထို့အပြင် သူ နေကောင်းကြောင်းနှင့် ဆံပင်များ ပြန်ပေါက်လာပြီဖြစ်၍ ဓာတ်ပုံကြည့်ချင်လားဟုပင် မေးလာသည်။

ကျိုးကျားယွီကလည်း “ကြည့်တာပေါ့” ဟု ပြန်ပြောလိုက်သည်။

ရွှီရူဝမ် ဓာတ်ပုံပို့လာသောအခါ ဓာတ်ပုံကို ကြည့်ပြီး ဆံပင်ရှိနေလျှင် သူ ယခင်ကဲ့သို့ ကြောက်စရာ မကောင်းတော့ဘူးဟု ကျိုးကျားယွီ တွေးမိသွားသည်။ သို့သော်လည်း နေကာမျက်မှန်နှင့် ရွှေကြိုးကြီးသာ ဆွဲလိုက်လျှင်တော့ လူမိုက်တစ်ယောက်နှင့် တူနေဦးမည်ဖြစ်သည်။

“မင်းရော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” ရွှီကျင်းဟော့က မေးလိုက်သည်။

ကျိုးကျားယွီက သူ အဆင်ပြေကြောင်းနှင့် မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် ကိစ္စများကို အကျဉ်းချုံး ပြောပြလိုက်သည်။ ရွှီရူဝမ်သည် ထိုအကြောင်းများကို ကြားပြီး အံ့ဩသွားလေသည်။ ကျိုးကျားယွီက အကျဉ်းရုံးပြောပြထားသော်လည်း အန္တရာယ်များလှကြောင်း သိသာလှသည်။ ထို့နောက် သူက “အော် ဒါနဲ့၊ မင်း အခု ဖုန်းရှိပြီမလား၊ ဖုန်းနံပါတ်ချင်း လဲရအောင်” ဟု ထပ်ပြောလိုက်သည်။

ကျိုးကျားယွီက နောက်လိုက်သည်။

“မင်းပဲ လူတွေကို ဖုန်းသုံးတာ မကောင်းဘူးလို့ ပြောနေတာ မဟုတ်လား”

ရွှီရူဝမ်က မျက်နှာပြောင်တိုက်ကာ ပြန်ပြောလိုက်သည်။

“မကောင်းဘူးလေ၊ မျက်စိလည်း ပျက်စီးတယ်၊ အချိန်လည်း ကုန်တယ်၊ ငါက သူတို့ အကျင့်ဆိုးတွေကို ဖျောက်ပေးနေတာပါ”

ကျိုးကျားယွီ ဘာပြန်ပြောရမှန်း မသိတော့ပေ။

“ဒါပေမယ့် ဒီတစ်လော ဒီနားမှာ ထူးဆန်းတာတွေ ဖြစ်နေတယ်” ရွှီရူဝမ်က ရုတ်တရက် ပြောလာသည်။ “ကလေးတစ်စု အဖွဲ့အစည်းတစ်ခု ထောင်ထားကြပုံပဲ”

“ဘယ်လို အဖွဲ့အစည်းလဲ” ကျိုးကျားယွီက မေးလိုက်သည်။

“သူတို့ကိုယ်သူတို့ ‘သဘာဝလွန်အမှန်တရား ရှာဖွေသူများ’ လို့ ခေါ်ကြတယ်၊ ငါ့အမြင်တော့ ‘သေမင်းကို သွားခေါ်နေတဲ့ အဖွဲ့’ နဲ့ ပိုတူတယ်”

“ဟင်… ဘာလို့လဲ” ကျိုးကျားယွီ မေးလိုက်သည်။

“ဒီကောင်တွေက တော်တော် သတ္တိရှိကြတာ၊ မှော်ဝင်ထုံးတမ်းစဉ်လာ အမျိုးမျိုးကို ရှာဖွေစုဆောင်းပြီး တစ်ခုပြီးတစ်ခု လက်တွေ့စမ်းသပ်ပြနေကြတာ၊ လိုက်ဖ်လွှင့်ပြီးတော့လေ” ရွှီရူဝမ်က ဆိုသည်။

ကျိုးကျားယွီသည် တစ်ချိန်က သဘာဝလွန်ကိစ္စများကို မယုံကြည်သူတစ်ဦး ဖြစ်ခဲ့သော်လည်း အတွေ့အကြုံများပြားလာပြီးနောက် သူ၏ အမြင်များ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ လူတို့သည် သဘာဝလွန်အရာများကို မယုံကြည်လျှင်ပင် အရာရာအပေါ် ရိုသေလေးစားမှု ရှိနေသင့်သည်။ ဤကဲ့သို့ အန္တရာယ်ကို သွားရောက်စိန်ခေါ်ခြင်းသည် တကယ်တမ်း မကောင်းဆိုးဝါးများ ထွက်မလာလျှင်ပင် စိတ်ပိုင်းဆိုင်ရာအရ စွဲလမ်းမှုများ ဖြစ်ပေါ်စေကာ လက်တွေ့ဘဝအမြင်ကို ဝေဝါးသွားစေနိုင်သည်။ ကံဆိုးမှုမှန်သမျှကို သဘာဝလွန်အရာများကြောင့်ဟု ပုံချမိသွားတတ်သည်။ ထိုအချက်လည်း အစွန်းရောက်မှု တစ်ခုဖြစ်သည်။

“သူတို့တွေ တော်တော် သတ္တိရှိနေတာပဲ၊ ထူးဆန်းတာတွေရော ကြုံနေရပြီလား” ကျိုးကျားယွီက မေးလိုက်သည်။

“အခုထိတော့ မကြုံသေးဘူး၊ ဒါပေမယ့် ဒီအတိုင်း ဆက်လုပ်နေရင်တော့ မကြာခင် ကြုံရတော့မှာ၊ ငါ သူတို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ထားလို့ သူတို့ လိုက်ဖ်တွေကို စောင့်ကြည့်နေတာ” ရွှီရူဝမ်က ပြောလိုက်သည်။

“ငါ့ကို လင့်ခ် ပို့ပေးဦး၊ ငါလည်း ဝင်ကြည့်ချင်လို့” ကျိုးကျားယွီက ပြောလိုက်သည်။

ရွှီရူဝမ် ပေးလာသည့် လင့်ခ်ကို နှိပ်ကြည့်လိုက်သောအခါ ထိုချန်နယ်တွင် ဖော်လိုဝါ သုံးသိန်းကျော်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးကျားယွီ အံ့ဩသွားသည်။ ၎င်းသည် နာမည်ကြီး လိုက်ဖ်လွှင့်သူများနှင့် ရင်ပေါင်တန်းနိုင်သည့် အရေအတွက်ပင်။

“သူတို့က ဘယ်အချိန်တွေ လိုက်ဖ်လွှင့်တတ်လဲ” ကျိုးကျားယွီက မေးလိုက်သည်။

“ပုံသေအချိန်ဇယားတော့ မရှိဘူး၊ ဒါပေမယ့် များသောအားဖြင့် ညကိုးနာရီဝန်းကျင်လောက်ပဲ။ မနေ့ကလည်း လွှင့်သွားသေးတယ်...” ရွှီရူဝမ်က ပြောလိုက်သည်။

ကျိုးကျားယွီလည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ အနည်းငယ်မျှ စကားစမြည်ပြောဆိုပြီးနောက် ၎င်းတို့နှစ်ဦး စကားလက်စသတ်လိုက်ကြသည်။ ကျိုးကျားယွီသည် ဖိုရမ်ကို ပိတ်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။ ရွှီကျရူဝမ် ပို့ပေးထားသည့် လင့်ခ်ကို သူ သိပ်ပြီး အရေးတယူ မရှိခဲ့ပေ။ သို့သော် ရက်အနည်းငယ်အကြာ လင်းကျွယ်က ညသန်းခေါင်စာ စားချင်သည်ဟု ဆိုလာသည့်အခါတွင် အခြေအနေများ ပြောင်းလဲသွားသည်။ ကျိုးကျားယွီသည် လတ်လတ်ဆတ်ဆတ် ရောက်ရှိလာသော ငါးများကို အသုံးပြု၍ ငါးကင်စားတော်ပွဲကြီး ပြင်ဆင်လိုက်သည်။ သစ်သီးပင်မှရလာသော မီးသွေးခဲများဖြင့် ကင်ထားခြင်းကြောင့် ရိုးရိုးမီးသွေးဖြင့် ကင်ထားခြင်းနှင့်မတူဘဲ သင်းပျံ့သောရနံ့ကို ရရှိစေသည်။ ငါးအရေခွံများ ကြွပ်ရွနေပြီး အသားများ အလွန်နူးညံ့လှကာ အာလူး၊ တိုဟူး အစရှိသည်တို့ဖြင့်လည်း ဝေဝေဆာဆာ ရှိလှသည်။

လင်းကျွယ်က ရေခဲသေတ္တာထဲမှ အေးခဲနေသော ဘီယာများကို ထုတ်ယူကာ လူတိုင်းအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ ကျိုးကျားယွီသည် အရက်သောက်လေ့ရှိသူမဟုတ်သော်လည်း အိမ်တွင် ရှိနေသည့်အတွက် အနည်းငယ် မူးသွားလျှင်ပင် ပြဿနာမရှိနိုင်ဘူးဟု တွေးလိုက်သည်။

“ဝါး... ဒီငါးကင်ကတော့ တကယ် လက်ရာမြောက်တာပဲ” ရှန်ရိချွင်းက ပထမဆုံးတစ်လုပ်ကို မြည်းစမ်းကြည့်ပြီးနောက် မျက်ရည်ဝဲလုမတတ် ရေရွတ်လိုက်သည်။ ငါးအသားသည် အရည်ရွှမ်းပြီး အရသာရှိလှသည့်အပြင် လျှာပေါ်တွင် သစ်သီးနံ့သင်းသင်းလေး စွဲကျန်နေခဲ့သည်။ ရွှေအိုရောင်သန်းကာ ကြွပ်ရွနေသော အရေခွံသည် အကောင်းဆုံးအပိုင်းဖြစ်ပြီး ပါးစပ်ထဲရောက်သည်နှင့် ရနံ့များ ပေါက်ကွဲထွက်လာသကဲ့သို့ပင်။

“ဟုတ်တယ်” လင်းကျွယ်သည်လည်း သဘောတူဟန်ဖြင့် ဘီယာတစ်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ရင်း ထောက်ခံလာသည်။

“ကျိုးကျားယွီ... မင်း မချက်တတ်တဲ့ ဟင်းရော ရှိသေးရဲ့လား”

ကျိုးကျားယွီက ပြုံးပြီး ပြန်ပြောလိုက်သည်။

“အများကြီးရှိပါသေးတယ်။ ဒါပေမယ့် မချက်တတ်ရင်တောင် ချက်နည်းကို လေ့လာလိုက်ရင်တော့ အကြမ်းဖျင်း တတ်သွားတာပါပဲ”

လင်းကျွယ်က ခေါင်းညိတ်ရင်း သူ့ကို လက်မထောင်ပြလိုက်သည်။ ၎င်းတို့သည် စကားတပြောပြောဖြင့် စားသောက်နေကြစဉ် လွန်ခဲ့သော ရက်အနည်းငယ်က ရွှီရူဝမ် ပို့ထားသော လင့်ခ်အကြောင်းကို ကျိုးကျားယွီ ရုတ်တရက် သတိရသွားပြီး စကားဝိုင်းထဲသို့ ထည့်ပြောလိုက်သည်။ ထူးဆန်းသည်မှာ ထိုအကြောင်းကြားသည်နှင့် လင်းကျွယ်၏ မျက်နှာ အမူအရာ ပျက်ယွင်းသွားခြင်းပင်။

“သူတို့တွေ ကိုယ့်ကိုယ်ကို သေတွင်းထဲ ပို့နေကြတာလား။ သဘာဝလွန်နည်းတွေနဲ့ ဒီလိုမျိုး လျှောက်ဆော့လို့ မရဘူးလေ” သူမက ပြောလိုက်သည်။

ကျိုးကျားယွီက ပြောလိုက်သည်။

“သူတို့က လူငယ်တွေဆိုတော့ အလေးအနက်မထားဘဲ ဆော့နေကြတာ ဖြစ်မှာပါ...”

ရှန်မုစစ်က တည်ကြည်သော အမူအရာဖြင့် ဖြည့်စွက်ပြောလိုက်သည်။

“လက်တွေ့ ကိုယ့်ကိုယ်ကို သတ်သေနေတာနဲ့ အတူတူပဲ”

ကျိုးကျားယွီက အချိန်ကို ကြည့်လိုက်သည်။

“အခု ဆယ်နာရီ ကျော်သွားပြီ။ Laptop သွားယူလိုက်ဦးမယ်၊ သူတို့ လိုက်ဖ် လွှင့်နေလား ကြည့်ရအောင်”

အားလုံး သဘောတူလိုက်ကြသဖြင့် ကျိုးကျားယွီသည် လပ်တော့ပ်ကို သွားယူပြီး ရွှီရူဝမ် ပေးထားသော လင့်ခ်သို့ ဝင်လိုက်သည်။ ဝဘ်ဆိုက်စာမျက်နှာ ပွင့်လာသည်နှင့် လိုက်ဖ်လွှင့်နေသော ဗီဒီယိုကို မြင်လိုက်ရသည်။ ထိုအဖွဲ့သည် လိုက်ဖ်လွှင့်နေဆဲ ဖြစ်သည်။ မှတ်ချက်များနှင့် လက်ဆောင်များသည် စခရင်ပေါ်တွင် တစ်ရွေ့ရွေ့ တက်နေပြီး ဘယ်ဘက်အပေါ်ထောင့်ရှိ ကြည့်ရှုသူအရေအတွက် တစ်သန်းကျော်နေသည်။ သို့သော် ပလက်ဖောင်း၏ တွက်ချက်မှုအရ အမှန်တကယ် ကြည့်ရှုသူ တစ်သိန်းဝန်းကျင်ခန့်သာ ရှိပေလိမ့်မည်။ ကျိုးကျားယွီသည် စခရင်ကို အပြည့်ချဲ့လိုက်သည်။ လိုက်ဖ်လွှင့်သူနှင့် သူငယ်ချင်းအဖွဲ့သည် ဟောင်းနွမ်းပျက်စီးနေသော အိမ်အိုကြီးတစ်လုံးထဲ ရောက်နေကြပြီး ထိုညတွင် ဆော့ကစားမည့် ဂိမ်းအကြောင်း ပရိသတ်ကို ရှင်းပြနေကြသည်။

“ဒီညတော့ ကျွန်မတို့ ‘ထောင့်လေးထောင့် ပခုံးပုတ်တမ်း’ ကစားကြပါ။ ဒါက လူသိများတဲ့ ဂိမ်းတစ်ခုဆိုတော့ တချို့လည်း စမ်းဖူးကြမှာပါ” အသက်နှစ်ဆယ်ကျော်အရွယ် ချောမောသော လိုက်ဖ်လွှင့်သူ အမျိုးသမီးငယ်က ပြောလိုက်သည်။

“စည်းကမ်းက ရိုးရိုးလေးပါ။ လူလေးယောက်က အခန်းလွတ်ရဲ့ ထောင့်လေးထောင့် နံရံကို မျက်နှာမူပြီး ရပ်နေရမယ်။ တစ်ယောက်က နောက်တစ်ယောက်ဆီ လမ်းလျှောက်သွားပြီး ပခုံးကို ပုတ်ရမယ်။ အပုတ်ခံရတဲ့သူက နာရီလက်တံအတိုင်း နောက်ထပ် ထောင့်တစ်ခုဆီကို ရွှေ့သွားရမယ်။ အကယ်၍ အားနေတဲ့ ထောင့်တစ်ခုကို ရောက်သွားရင်တော့ တစ်ချက် ချောင်းဆိုးပြရမယ်...” သူမက တခစ်ခစ် ရယ်မောလိုက်သည်။

“ပုံမှန်ဆိုရင်တော့ ထောင့်တစ်ခုက အမြဲအားနေဆိုတော့ တစ်ယောက်ယောက်က ချောင်းဆိုးနေမှာပဲ။ ဒါပေမယ့် ကြားဖူးတာကတော့ အလှည့်များများ ကစားပြီးတဲ့အခါ ဘယ်သူမှ ချောင်းမဆိုးတော့တဲ့ အချိန်တစ်ခု ရောက်လာလိမ့်မယ်တဲ့...”

သူမက ကြောက်စရာကောင်းသော လေထုအခြေအနေဖြစ်လာအောင် အသံကို တမင်နှိမ့်၍ ပြောလိုက်သည်။

“အခု ရှောင်မီတော့ နည်းနည်း ကြောက်လာပြီနော်... ရှောင်မီ့ကို အားပေးတဲ့အနေနဲ့ အားလုံးက လက်ဆောင်လေးတွေ ပို့ပေးကြပါဦးနော်” သူမက သနားစရာကောင်းသော အမူအရာလေး လုပ်ပြလိုက်သည်။

ချက်ချင်းပင် လိုက်ဖ်ဗီဒီယိုထဲ၌ လက်ဆောင်များစွာ တက်လာတော့သည်။ ကျိုးကျားယွီကမူ ထိုလက်ဆောင်များ မည်မျှများပြားသည်ကို သိပ်မသိသော်လည်း ရှောင်မီ၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် တော်တော်များများ ရလိုက်ခြင်းဖြစ်ကြောင်း သိသာလှသည်။

“ကဲ... ဒါဆိုရင် အားလုံးပဲ သေချာကြည့်ထားကြနော်၊ ဂိမ်းက စတော့မှာ” တင်ဆက်သူ ရှောင်မီက အပြုံးဖြင့် ပြောပြီးနောက် ကင်မရာကို သူမ၏ ရင်ဘတ်တွင် ချိတ်ဆွဲလိုက်သည်။

လင်းကျွယ်၏ တူသည် လေထဲတွင် ရပ်တန့်သွားပြီး ဒေါသထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီလူငယ်တွေ တကယ် အသက်ကို မနှမြောကြတာပဲ။ ဒီလိုကိစ္စတွေကို လျှောက်စမ်းနေကြတယ်”

“ဟုတ်ပါ့၊ သူတို့တွေ အင်အားကြီးတဲ့ တစ်ခုခုကို ဆွသလို ဖြစ်သွားမှာကို မကြောက်ကြဘူး” ရှန်ရိချွင်းသည်လည်း ဝင်ပြောလိုက်သည်။

“ဒီလို နည်းလမ်းတွေက တကယ်ပဲ အလုပ်ဖြစ်လို့လား” ကျိုးကျားယွီက မေးလိုက်သည်။

“အဲဒါကိုတော့ အတိအကျ ပြောလို့မရဘူး။ အလွယ်ပြောရရင် ဒီနည်းလမ်းတွေက လော်စပီကာနဲ့ မသန့်ရှင်းတဲ့အရာတွေကို အမြဲတမ်း လှမ်းခေါ်နေသလိုပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလိုရိုးရာနည်းလမ်းတွေက စွမ်းအားမရှိပါဘူး၊ ဒါပေမယ့် တစ်ခုခုက အနားမှာ ရှိနေပြီး အဲဒီအသံကို ကြားသွားမယ်ဆိုရင်တော့... သူတို့တွေ ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး” လင်းကျွယ်က ပြန်ပြောလိုက်သည်။

ကျိုးကျားယွီတစ်ယောက် ဆွံ့အသွားသည်။ လူများသည် အွန်လိုင်းတွင် အာရုံစိုက်ခံရဖို့အတွက် ဤမျှ အစွန်းရောက်နိုင်ကြသလားဟုသာ တွေးမိလိုက်တော့သည်။ ၎င်းတို့ စကားပြောနေစဉ်ပင် ရှောင်မီက အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဂိမ်းကို စတင်လိုက်သည်။

‘ကလပ်... ကလပ်... ကလပ်’ ဟု သူမ၏ ဒေါက်ဖိနပ်နှင့် သစ်သားကြမ်းပြင် ရိုက်ခတ်သံများ ပြတ်သားစွာ ထွက်ပေါ်လာသည်။ အိမ်ကြီးထဲတွင် တိတ်ဆိတ်နေပြီး အသက်ရှူသံသဲ့သဲ့ကိုသာ ကြားနေရသည်။ ရှောင်မီက သူငယ်ချင်းတစ်ယောက်၏ ပခုံးကို ပုတ်လိုက်ပြီး ထိုသူငယ်ချင်း ရှေ့သို့ တိုးသွားသည်ကို ကြည့်နေလိုက်သည်။

‘အဟွတ်... အဟွတ်’

မကြာမီပင် လူလေးယောက် တစ်ပတ်လည်သွားကြပြီး အားနေသည့်ထောင့်သို့ ရောက်သွားသူထံမှ ကျယ်လောင်သော ချောင်းဆိုးသံကို ကျိုးကျားယွီ စခရင်မှတစ်ဆင့် ကြားလိုက်ရသည်။ လိုက်ဖ်ထဲတွင် လက်ဆောင်များ တစ်ဖန် ပြန်တက်လာပြန်သည်။ ရှောင်မီက သူမ၏ ဖုန်းကို ကြည့်ကာ ကြည့်ရှုသူများနှင့် စာမှတစ်ဆင့် ပျော်ရွှင်စွာ ဆက်သွယ်ရင်း နောက်ထပ် သူငယ်ချင်းတစ်ယောက်၏ ပခုံးကို ပုတ်လိုက်သည်။ သူမသည် ဂိမ်းတစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်ပုံမရဘဲ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေဆဲပင်။

တစ်လှည့်ပြီး တစ်လှည့်၊ ချောင်းဆိုးသံများ အချိန်မှန်မှန် ပြန်ထွက်လာပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပေ။ ဂိမ်းကစားနေစဉ် စကားမပြောရသောကြောင့် ရှောင်မီက စာရိုက်လိုက်သည်။

‘အို... အလှည့်တွေ အများကြီး ကစားပြီးတာတောင် ဘာမှ မထူးခြားသေးဘူး။ ရှောင်မီတော့ ပိုပိုပြီး ကြောက်လာပြီနော်~’

ကြည့်ရှုသူများသည်လည်း သူမကို နှစ်သိမ့်သည့်အနေဖြင့် လက်ဆောင်များ ထပ်မံ ပို့ပေးလိုက်ကြသည်။ ထိုအချိန်တွင် ရှောင်မီ၏ ပခုံးကို တစ်ယောက်ယောက် လာပုတ်သည်ကို ခံစားလိုက်ရသည်။ သူမသည် ဘာမှ ထွေထွေထူးထူး မစဉ်းစားဘဲ နောက်တစ်ထောင့်သို့ ကူးသွားကာ ရှေ့ကလူ၏ ပခုံးကို ပုတ်လိုက်သည်။ သို့သော် မကြာမီ သူမ ဖုန်းကြည့်၍ စာရိုက်နေစဉ် သူမ၏ ပခုံးကို တစ်ယောက်ယောက်က နောက်ထပ် တစ်ကြိမ် လာပုတ်ပြန်သည်။

‘ဒီလောက် မြန်မြန်ကြီးလား’ သူမ တွေးလိုက်မိသည်။

သို့သော် တစ်ခုခု ထူးခြားနေသည်ကို ကြည့်ရှုသူများက ဦးစွာ သတိထားမိသွားကြသည်။ မကြာမီပင် မှတ်ချက်များ၌ ‘ဘာလို့ ဘယ်သူမှ ချောင်းမဆိုးတော့တာလဲ’ ‘ချောင်းဆိုးသံ ဘယ်ရောက်သွားတာလဲ’ ဆိုသည့် စာသားများဖြင့် ပြည့်နှက်သွားတော့သည်။ ရှောင်မီသည် ထိုမှတ်ချက်များကို ဖတ်လိုက်ရသည့်အခါ သူမ၏ အမူအရာ သိသိသာသာ တောင့်တင်းသွားသည်။ သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့သွားခဲ့ရာ စောစောက ပျော်ရွှင်နေသော အမူအရာ လုံးဝ ပျောက်ကွယ်သွားသည်။

ကျိုးကျားယွီက စခရင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။

“သူတို့တွေ တကယ်ကြီး တစ်ခုခုကို ဆွဲဆောင်လိုက်မိပြီလား”

“မပြောတတ်ဘူး။ ပုံရိပ်က ဝေဝါးနေပြီး မြင်ကွင်းအပြည့်လည်း မမြင်ရတော့ တစ်ခုခု တကယ် ရောက်လာသလားဆိုတာ ဘယ်သူသိမှာလဲ” လင်းကျွယ်က ဆိုသည်။

သို့သော် ချောင်းဆိုးသံများ တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် လူလွတ်နေရမည့် ထောင့်၌ အမည်မသိ ‘လူ’ တစ်ယောက်က မည်သို့မည်ပုံ ရောက်ရှိလာသည် မသိပေ။ အခြားလူများကဲ့သို့ပင် ထိုအရာသည် ဖြည်းညှင်းစွာ အရှေ့သို့ လှမ်းတက်လာပြီး ရှေ့ကလူ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို ညင်သာစွာ တင်လိုက်လေသည်။ ရှောင်မီသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ သူမ လုပ်ယူထားသည့် အပြုံးလေး ပျောက်ကွယ်သွားပြီဖြစ်ကာ မျက်နှာပေါ်တွင် တောင့်တင်းသော အရိပ်အမြွက်များသာ အစားထိုးဝင်ရောက်လာသည်။ စခရင်အပြင်ဘက်မှ ကြည့်နေသော ကျိုးကျားယွီပင် သူမ၏ ကြောက်ရွံ့မှုကို ခံစားနေရသည်။

တချို့သော ကြည့်ရှုသူများသည် ထိတ်လန့်နေကြသော်လည်း တချို့ကမူ အစီအစဉ်တင်ဆက်သူ ဟန်ဆောင်နေခြင်းဖြစ်သည်ဟု စွပ်စွဲနေကြသည်။ တချို့သည်လည်း ဆက်လုပ်ရန် လှောင်ပြောင်တွန်းအားပေးနေကြပြန်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကြောက်ရွံ့မှုများ အလွှာလိုက် ထူထပ်လာပြီး ပါဝင်သူတို့၏ စိတ်အာရုံကို တိုက်စားလာသည်။ နောက်ဆုံးတွင် မိန်းကလေးတစ်ယောက် မခံစားနိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ "ဒုန်း ဒုန်း ဒုန်း" နှင့် လှေကားပေါ်မှ ပြေးဆင်းသွားတော့သည်။

ထိုအသံကြောင့် လေးလံထိုင်းမှိုင်းနေသော တိတ်ဆိတ်မှု ကျိုးပျက်သွားပြီး ရှောင်မီသည်လည်း သိသိသာသာ စိတ်သက်သာရာရသွားကာ ဟန်လုပ်ရယ်မောလိုက်သည်။

"ကဲ... ငါတို့ စမ်းသပ်ချက်က အောင်မြင်သွားတာပဲ မဟုတ်လား... ဟဲဟဲ... ခေါ်လိုက်တဲ့ သရဲက ဘယ်လိုပုံစံလဲဆိုတာတော့ မသိဘူးပေါ့လေ ဟားဟား..."

သူမ၏ အပြုံးတွင် ချိုသာမှုတို့ မရှိတော့ဘဲ စကားသံသည်လည်း ကြောက်ရွံ့မှုကြောင့် တုန်ရင်နေသည်။

"ဟားဟားဟား၊ အဲဒီလောက် မလန့်စမ်းပါနဲ့" အမျိုးသားတစ်ယောက်က နောက်ပြောင်လိုက်သည်။ "ငါပါဟ... ငါ တမင် မချောင်းဆိုးဘဲ နေလိုက်တာ၊ မင်းတို့ကို ခြောက်ချင်လို့"

ရှောင်မီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ဘယ်လို နောက်ပြောင်မှုမျိုးလဲ"

သူမသည် လိုက်ဖ်လွှင့်နေဆဲဖြစ်ကြောင်း သတိရသွားကာ အခြေအနေကို အမြန်ပြန်ထိန်းချုပ်လိုက်သည်။

"နင့်ကြောင့် ငါတို့ သေမတတ် လန့်သွားတာနော်"

ထိုအမျိုးသားက ကိုးရိုးကားရား ရယ်မောနေသည်။

"ကဲ ဒီနေ့အတွက် လိုက်ဖ်ကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်" ရှောင်မီက အလျင်အမြန် အဆုံးသတ်လိုက်သည်။

"ရှောင်ရှု့တော့ တော်တော်လေး လန့်သွားပုံပဲ၊ သူ့ကို သွားချော့လိုက်ဦးမယ်" သူမသည် နောက်ပြောင်သလို လေသံဖြင့် ပြောလိုက်သော်လည်း တောင့်တင်းနေသော အသံနှင့် မျက်နှာပေးကြောင့် သူမ မည်မျှ ကြောက်လန့်နေသည်ကို ပရိသတ်များ သိနိုင်ပေသည်။

သဘာဝလွန်ဖြစ်ရပ်များကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သော ရှောင်မီပင် ယခုစမ်းသပ်ချက်အပြီးတွင် ဝေခွဲမရ ဖြစ်လာခဲ့သည်။ လိုက်ဖ်လွှင့်ခြင်း ရုတ်တရက် ရပ်တန့်သွားသည်။

"ဒါက ယုတ္တိမရှိဘူး၊ အဲဒီလူ လိမ်နေတာ အသိသာကြီး" ရှန်ရိချွင်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ဟုတ်ပါ့" ကျိုးကျားယွီ ထောက်ခံလိုက်သည်။

ချောင်းမဆိုးဘဲ နေခဲ့သည်ဟု ပြောသောလူ တစ်ယောက်တည်းသာ မဖြစ်နိုင်ကြောင်း ၎င်းတို့အားလုံး သတိထားမိကြသည်။ အဘယ်ကြောင့်ဆိုသော် လူ လဲလှယ်ကြရာတွင် ထိုထောင့်ကွက်လပ်တွင် ရပ်နေသူသည် တစ်ယောက်စီ ပြောင်းလဲနေသောကြောင့်ဖြစ်သည်။ အကယ်၍ တစ်ယောက်တည်းကသာ နောက်ပြောင်ခြင်းဖြစ်လျှင် အကြိမ်တိုင်းတွင် ချောင်းဆိုးသံ ပျောက်ကွယ်နေမည် မဟုတ်ပေ။ ထိုအချက်အရ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိတော့သည်။ ပါဝင်သူ လေးယောက်စလုံး ကြိုတင်ဇာတ်တိုက်ထားခြင်း သို့မဟုတ် ထိုအိမ်ထဲတွင် အမှန်တကယ် အပိုလူတစ်ယောက် ရှိနေခြင်းပင်။ အစီအစဉ်တင်ဆက်သူ ရှောင်မီသည် သူငယ်ချင်းတစ်ယောက်၏ အရှေ့တွင် အမြဲရှိနေသောကြောင့် ပထမအချက် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အမှန်တရားသည် တစ်ခုသာ ကျန်ရှိတော့သည်။

"ဒါဆို... သူတို့ တကယ်ပဲ သရဲတစ်ကောင်ကို ဆွဲဆောင်လိုက်တာလား" ကျိုးကျားယွီက မေးလိုက်သည်။

"အသိသာကြီးလေ" လင်းကျွယ်က ဘီယာတစ်ငုံ သောက်ရင်း စိတ်တိုတိုနှင့် ပြန်ဖြေလိုက်သည်။ "ဒီကလေးတွေကတော့... သေရမှာကို မကြောက်ကြတာပဲ"

"ဟူး..." ရှန်ရိချွင်းက သက်ပြင်းချလိုက်သည်။

၎င်းတို့၏ ပျော်ရွှင်နေသော စိတ်အခြေအနေများ လုံးဝ ပျက်စီးသွားရသည်။

"ဒါက အန္တရာယ်ရှိနိုင်လား" ကျိုးကျားယွီက မေးလိုက်သည်။

"မသိနိုင်ဘူး၊ စခရင်ပေါ်က ကြည့်ရုံနဲ့တော့ ပြောလို့မရဘူး၊ အဲဒီလူတွေနဲ့ ကိုယ်တိုင် တွေ့ကြည့်မှ သိရမှာ" လင်းကျွယ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါကို မကြည့်ခဲ့သင့်ဘူး" ကျိုးကျားယွီသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ အခြားလူများ သေမင်းနှင့် ကစားနေသည်ကို မြင်ရခြင်းကြောင့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားရစေသည်။

ကံကောင်းထောက်မစွာဖြင့် ရက်အနည်းငယ်အကြာတွင် ထိုလူငယ်များ ဘာမှမဖြစ်ကြောင်း ကျိုးကျားယွီ အွန်လိုင်းတွင် ပြန်တွေ့လိုက်ရသည်။ ရှောင်မီသည်လည်း သူမတို့ ဘေးကင်းကြောင်း Weibo ပေါ်တွင် တင်ထားခဲ့သည်။ ထိုအဖွဲ့အနေဖြင့် ဤမျှနှင့် ရပ်တန့်သွားလိမ့်မည်ဟု ကျိုးကျားယွီ ထင်ထားခဲ့သော်လည်း "သေလမ်းရှာနေသူကို တားမရ" ဆိုသည့်အတိုင်း ဖြစ်လာခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ရှောင်မီတို့အဖွဲ့သည် ပိုမိုပြင်းထန်သော သရဲခေါ်နည်းကို ထပ်မံပြုလုပ်ဦးမည်ဟု ကြေညာထားကြောင်း ကျိုးကျားယွီ တွေ့လိုက်ရသည်။ သူသည် ထမင်းစားချိန်တွင် အခြားလူများကို ထိုအကြောင်း ပြောပြလိုက်သည်။

"ဒါက တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ၊ ဒီလူတွေက ပြဿနာကို မီးထွန်းသွားရှာနေတာပဲ" လင်းကျွယ်က ထိုလူငယ်များ၏ မဆင်မခြင်လုပ်ရပ်ကို ဒေါသတကြီး ပြောလိုက်သည်။

"တစ်ခုခု မှားနေပြီဆိုတာ သိသိကြီးနဲ့ ဆက်လုပ်ချင်နေသေးတာလား၊ ဒါက သေလမ်းရှာနေတာ မဟုတ်ရင် ဘာလဲ"

"ဒီတစ်ခါရော ဘာဂိမ်းတဲ့လဲ" ရှန်မုစစ်က စိတ်ဝင်တစား မေးလိုက်သည်။

ကျိုးကျားယွီက အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းတို့သည် သန်းခေါင်ယံအချိန်တွင် လမ်းဆုံတစ်ခုသို့ သွားကာ ထမင်းဖြူထည့်ထားသော ပန်းကန်ထဲသို့ အမွှေးတိုင် သုံးတိုင် စိုက်ထူမည်ဖြစ်သည်။ အမွှေးတိုင်များ ကုန်သွားပြီးနောက် ထိုထမင်းကို စားရမည်ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝိညာဉ်များကို မြင်တွေ့နိုင်သည်ဟု ဆိုကြသည်။

"အထင်ကြီးစရာပဲ၊ စိတ်ကူးယဉ်တတ်လိုက်တာ... ငါ ဆရာ့နောက်ကို လိုက်လာတာ ဒီလောက်ကြာပြီ၊ ဒီလိုနည်းမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး" ရှန်ရိချွင်းက လက်အုပ်ချီကာ ကဲ့ရဲ့သလို ပြောလိုက်သည်။

"ဒါက တကယ်ရော အလုပ်ဖြစ်လောက်လား" ကျိုးကျားယွီက မေးလိုက်သည်။

လင်းကျွယ်က မျက်နှာထားတင်းနေသော်လည်း ဘာမှပြန်မပြောပေ။ ရှန်မုစစ်ကမူ သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။

"အလုပ်ဖြစ်မဖြစ်တော့ မသိဘူး၊ ဒါပေမယ့် အချိန်နဲ့ နေရာအနေအထားအရ တစ်ခုခု မြင်ရရင်တောင် ငါ မအံ့ဩတော့ဘူး"

"သူတို့ကို တားမယ့်သူ မရှိတော့ဘူးလား" ကျိုးကျားယွီ ခေါင်းညိတ်ရင်း မေးလိုက်သည်။

"ရှိတာပေါ့၊ ဒါပေမယ့် သူတို့တွေ လက်လွှတ်နိုင်မှာ မဟုတ်ဘူး၊ သူတို့ရဲ့ လူကြိုက်များမှုက အထွတ်အထိပ် ရောက်နေတာလေ" ရှန်ရိချွင်းက ဆိုသည်။

ဆိုလိုရင်းသည် မည်သူမျှ ဝင်ရောက်ကူညီရန် မရနိုင်ပေ။

"ညကျရင် ကြည့်ကြတာပေါ့၊ သန်းခေါင်ယံ မဟုတ်လား" လင်းကျွယ်က ပြောလိုက်သည်။

ကျိုးကျားယွီ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ၎င်းတို့အားလုံး သန်းခေါင်ယံတွင် လိုက်ဖ် အတူတူကြည့်ရန် သဘောတူလိုက်ကြသည်။ ကျိုးကျားယွီက မီးဖိုချောင်ထဲဝင်ကာ ဟင်းအနည်းငယ်ချက်ပြီး ဘီယာအချို့ ယူလာခဲ့သည်။ လိုက်ဖ်သည် သန်းခေါင်ယံမတိုင်မီကပင် စတင်နေပြီဖြစ်သည်။ ရှောင်မီက သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး စကားပြောရင်း လူစုနေသည်။ ယခင်တစ်ခေါက်က ထိတ်လန့်သွားသော ရှောင်ရှု့ကို ယခုတစ်ကြိမ်တွင် မတွေ့ရတော့ဘဲ မျက်နှာသစ်အချို့ ပါဝင်လာသည်။ သို့သော် ၎င်းတို့အားလုံးအနက် တူညီသော အချက်တစ်ခုမှာ ငယ်ရွယ်သူများဖြစ်နေကြခြင်းပင်။ "လူများရင် သတ္တိရှိတယ်" ဆိုသကဲ့သို့ ထိုအုပ်စုသည် လမ်းဆုံတွင် ထိုင်ရင်း ကြောက်ရွံ့ပုံမရဘဲ ပြက်လုံးများပင် ထုတ်နေကြသည်။

ညဉ့်နက်လာသည်နှင့်အမျှ လမ်းပေါ်တွင် လူသွားလူလာ ကျဲလာသည်။ သန်းခေါင်ယံနီးလာသောအခါ ကားပင် မရှိသလောက် ဖြစ်သွားသည်။ ထိုအခါ ရှောင်မီက ဆန်ပန်းကန်နှင့် အမွှေးတိုင်များကို ထုတ်ယူကာ စတင်တော့မည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။ ရှောင်မီက ထမင်းထဲသို့ အမွှေးတိုင်များ စိုက်ကာ မီးခြစ်နှင့် ညှိလိုက်စဉ် သူငယ်ချင်းများက ဝိုင်းအုံကြည့်နေကြသည်။

"ဂိမ်းစပါပြီ" ရှောင်မီက ပြုံးလျက် ပြောလိုက်သည်။ "ဒီဂိမ်းက မိုက်တယ်လို့ ထင်ရင် လက်ဆောင်လေးတွေ ပေးဖို့ မမေ့နဲ့ဦးနော်"

ထူးဆန်းသည်မှာ သူမ၏ နောက်ဆုံးစကားသံသည် လိုင်းမကောင်းသကဲ့သို့ တုန်ခါသွားကာ ခေတ္တမျှ ကြောက်မက်ဖွယ်ကောင်းအောင် အသံပြောင်းသွားခြင်းပင်။ သို့သော် ထိုအချိန် ခဏမျှသာဖြစ်ပြီး သူမ၏ အသံသည် ပုံမှန်အတိုင်း ပြန်လည် ချိုသာသွားသည်။ သူမသည် အပြုံးဖြင့် ပန်းကန်ကို လမ်းလယ်တွင် ဂရုတစိုက် အောက်ချလိုက်ကာ၊ အမွှေးတိုင်များ တဖြည်းဖြည်း လောင်ကျွမ်း၍ ပြာများ ထမင်းဖြူပေါ်သို့ ကြွေကျနေခြင်းကို ကြည့်နေသည်။

---

စာရေးသူ၏ စာကြွင်း။

ကျိုးကျားယွီ : ဒီနေ့ ဆရာ မပါဘူးလား။

လင်းကျူးရွှေ : ငါ့ကို လွမ်းနေတာလား။

ကျိုးကျားယွီ : အင်း။

လင်းကျူးရွှေက ကျိုးကျားယွီ၏ ပါးကို နမ်းပြီး : ဘာမှမဖြစ်ပါဘူး။ မနက်ဖြန် ငါရှိနေမှာပါ။

(ချစ်ခွင့်ပန်ဖို့ အချိန်မတန်သေးပါဘူး ဟားဟား... ကွမ်းအာအပေါ်ထားတဲ့ ဆရာ့ရဲ့ ခံစားချက်တွေက ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် မကြာခင် လှုပ်ခတ်လာတော့မှာပါ)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment