no

Font
Theme

အခန်း ၅၈

သန်းခေါင်ယံအချိန် နီးကပ်လာပြီဖြစ်၍ လမ်းမထက်တွင် ကားတစ်စီးတစ်လေမျှ မရှိတော့ဘဲ လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေသည်။ လူအနည်းငယ်သည် လမ်းဆုံတွင် ထမင်းပန်းကန်တစ်ခုကို ငြိမ်သက်စွာ ဝိုင်းရံထားကြပြီး အပေါ်တွင် ထိုးစိုက်ထားသော အမွှေးတိုင်များ ပြာကျသွားသည်အထိ ၁၀ မိနစ်ခန့် စောင့်ဆိုင်းနေကြသည်။ ထိုအတောအတွင်း ရှောင်မီသည် သူမ၏ လိုက်ဖ် ကြည့်ရှုသူများနှင့် စိတ်အားထက်သန်စွာ စကားပြောနေ၏။ ကြည့်ရှုသူများက ကြောက်သလားဟု မေးသောအခါ သူမက သနားစဖွယ် မျက်နှာလေးဖြင့် အနည်းငယ်တော့ ကြောက်မိကြောင်း၊ သို့သော် ဤကဲ့သို့ အယူသည်းမှုများကို မယုံကြည်သဖြင့် သက်သေပြရုံသာဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ကြည့်ရှုသူများက လက်ဆောင်များ တသီတတန်းကြီး ပေးပို့နေကြသည်။ ညနက်သန်းခေါင် ဖြစ်သော်လည်း လိုက်ဖ် ကြည့်ရှုသူ အရေအတွက် တရိပ်ရိပ် တက်လာသည်။ ကြည့်ရှုသူ ၃ သန်းနီးပါး ရှိလာသည်ကို မြင်သောအခါ ကျိုးကျားယွီ ချမ်းစိမ့်သွားသည်။

“တကယ်ပဲ ဒီလောက် လူတွေအများကြီး ကြည့်နေကြတာလား”

“အရေအတွက်တွေ လိမ်ထားတာလား” ရှန်ရိချွင်းက မေးလိုက်သည်။

ကျိုးကျားယွီက ခေါင်းခါပြကာ ပြောလိုက်သည်။

“အဲဒီလိုလုပ်ဖို့ မလိုပါဘူး၊ အရေအတွက်က အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် သူတို့ နံပါတ်က အဆင့်တစ်မှာ ရှိနေမှာပဲ”

နောက်နေ့သည် အလုပ်တက်ရမည့် နေ့ဖြစ်သဖြင့် တင်ဆက်သူအများစု လိုက်ဖ် ပိတ်သွားကြပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကြည့်ရှုသူ သိန်းဂဏန်းပင် များလှပြီဟု ဆိုရမည် ဖြစ်သော်လည်း ရှောင်မီ၏ လိုက်ဖ်သည်၂ သန်းကျော်မှ ၃ သန်းသို့ ဦးတည်ကာ ထိုးမြင့်နေသည်။

“စိတ်ဝင်စားစရာပဲ၊ အဲဒီကိန်းဂဏန်းတွေက ငါ့ကြည့်ရသလောက်တော့ အစစ်တွေပဲ။ ဒါပေမယ့် ကြည့်နေတဲ့သူတွေက လူတွေလား သရဲတွေလား ဆိုတာပဲ ငါ သိချင်တော့တယ်” လင်းကျွယ်က အေးစက်စွာ ပြောလိုက်သည်။

အားလုံး၏ မျက်နှာများ ပျက်ယွင်းသွားပြီး တည်ကြည်လေးနက်လာကြသည်။ အမွှေးတိုင်များ ပြာကျသွားပြီ ဖြစ်သည်။ ရှောင်မီက အပြုံးဖြင့် ပန်းကန်ကို မယူလိုက်ပြီး တူဖြင့် အမွှေးတိုင်ပြာများကို ထမင်းနှင့် သမအောင် နယ်ဖတ်လိုက်သည်။

“ရပြီ၊ စားလို့ရပြီ”

သူမသည် ထမင်းများကို အပုံလိုက်ခွဲကာ အပေါင်းအဖော်များကို ဝေပေးလိုက်သည်။ ၎င်းတို့သည် ပန်းကန်များကို ယူကာ ပြာနှင့်နယ်ထားသော ထမင်းများကို ပါးစပ်ထဲသို့ ထည့်လိုက်ကြသည်။ အုပ်စုထဲမှ အနည်းငယ် ကြောက်တတ်ပုံရသော မိန်းကလေးတစ်ဦးက တွန့်ဆုတ်နေပြီး မျက်နှာတွင် မလိုလားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

“နင် ဒါကို မလုပ်နိုင်ဘူးဆိုရင် နောက်ဆို ငါတို့ လိုက်ဖ်မှာ ပါလို့မရတော့ဘူးနော်၊ ကြည့်ရှုသူတွေအတွက် ဒီလိုလုပ်ပြမှ ရမှာ” ရှောင်မီက တိုးတိုးလေး ပြောလိုက်သည်။

ကြည့်ရှုသူများသည်လည်း မှတ်ချက်များတွင် ထိုမိန်းကလေးကို စားရန် တိုက်တွန်းအားပေးကာ ဝိုင်းဝန်း အော်ဟစ်နေကြသည်။ ရွေးချယ်စရာ မရှိတော့သဖြင့် ထိုမိန်းကလေးက ထမင်းအနည်းငယ်ကို မြိုချလိုက်ရသော်လည်း သူမသည် ၎င်းတို့အနက် အနည်းဆုံး စားခဲ့သူဖြစ်သည်။ ရှောင်မီက ကျန်ရှိသည့် ထမင်းများကို အကုန်စားပစ်လိုက်ပြီး ပန်းကန်ကို အနီးနားရှိ အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။

“အမလေး၊ ဘာမှမဖြစ်ပါလား” သူမက ပြောလိုက်သည်။

လမ်းမကြီး ထူးဆန်းစွာ တိတ်ဆိတ်နေသည်။ ၎င်းတို့အပြင် လမ်းပေါ်တွင် လူတစ်ယောက်၊ ကားတစ်စီးမျှ မရှိချေ။ လေပြင်းများ တိုးဝှေ့တိုက်ခတ်နေသဖြင့် ရှောင်မီ၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ ၎င်းတို့အုပ်စုသည် ထူးဆန်းသော အရာတစ်ခုခုကို တွေ့ရနိုးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုနေကြသော်လည်း ၎င်းတို့၏ မျက်နှာအမူအရာများအရ မျှော်လင့်သလို ဖြစ်မလာပုံရသည်။

“တကယ်ပဲ ဘာမှမရှိပါဘူး၊ မြင်တယ်မလား၊ ဒါတွေက အယူသည်းတာသက်သက်ပဲလို့ ငါပြောသားပဲ။ အားလုံးပဲ သရဲဆိုတာကို မယုံကြပါနဲ့…” ရှောင်မီက ပြောလိုက်သည်။

နောက်ဆုံးစကားလုံး ပြောအပြီးတွင် လူတစ်ယောက်က သွေးပျက်ဖွယ် ကောင်းလောက်အောင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ရှောင်မီ ထိတ်လန့်တုန်လှုပ်သွားကာ ဒေါသတကြီး မေးလိုက်သည်။

“ဘာဖြစ်တာလဲ၊ ဘာလို့ ဒီလောက် အော်နေရတာလဲ”

ထိုအော်သံသည် ထမင်းကို အနည်းဆုံး စားခဲ့သည့် မိန်းကလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် ဝပ်ကာ မျက်လုံးများကို လက်ဖြင့်အုပ်လျက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေသည်။

“ငါတို့ အရိပ်တွေ… ငါတို့ အရိပ်တွေ…”

“နင် ရူးနေတာလား” ရှောင်မီက မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်သည်။ သို့သော် ထိုမိန်းကလေး ညွှန်ပြသည့် ၎င်းတို့၏ အရိပ်များရှိရာသို့ ငုံ့ကြည့်လိုက်သည့်အခါ ရှောင်မီ၏ မျက်နှာသဘ်လည်း တောင့်တင်းသွားသည်။

ကျိုးကျားယွီသည် သူမ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများကို မြင်နေရသည်။ ကင်မရာက ထိုနေရာသို့ မလှည့်ရသေးသဖြင့် သူမ ဘာကို မြင်တွေ့နေရသည်ကို ၎င်းတို့ မသိနိုင်သေးပေ။ ထို့နောက် ရှောင်မီသည်လည်း ကြောက်မက်ဖွယ်ကောင်းသော အော်သံဖြင့် အော်ဟစ်လိုက်သည်။

“ဒါ ဘာကြီးလဲ၊ ငါတို့ အရိပ်တွေ ဘယ်ရောက်ကုန်တာလဲ” သူမက အော်ဟစ်လိုက်ပြီးနောက် လိုက်ဖ် ကင်မရာသည် ရုတ်တရက် တုန်ခါသွားသည်။ ကျိုးကျားယွီသည် ၎င်းတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားမှ အရိပ်များအကြောင်းကိုသာ မရေမရာ ကြားလိုက်ရသည်။

လိုက်ဖ် ကြည့်ရှုသူများလည်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ သို့သော် ပုံမှန်ဆိုလျှင် သူမ၏ ပုံရိပ်ကို အလွန်ဂရုစိုက်သော ရှောင်မီသည် ယခုအခါ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ လှုပ်ခါနေသော ကင်မရာမြင်ကွင်းအရ ၎င်းတို့ ထွက်ပြေးနေကြပုံရသည်။ ရင်ဘတ်တွင် ချိတ်ထားသော ဖုန်း ပြုတ်ကျသွားပြီး မြင်ကွင်းသည်လည်း ဖရိုဖရဲ ဖြစ်ကာ ဘာမှန်းမသိရတော့ပေ။

“ငါတို့ ဘယ်ရောက်နေတာလဲ၊ ငါတို့ ဘယ်မှာလဲ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ထို့နောက် ကားဘရိတ်အုပ်သံ အကျယ်ကြီးနှင့် တိုက်မိသံတစ်ခု ထွက်ပေါ်လာပြီး လိုက်ဖ်သည်လည်း မှောင်အတိ ကျသွားတော့သည်။

လိုက်ဖ် မပြတ်တောက်မီတွင် ကြည့်ရှုသူ အရေအတွက် ၄၄.၄၄ သန်းတွင် ရပ်တန့်သွားသည်ကို ကျိုးကျားယွီ သတိထားလိုက်မိပြီး ခဏအတွင်းပင် တစ်သန်းကျော်သို့ ပြန်ကျသွားသည်။ ရှောင်မီနှင့် သူမ၏ သူငယ်ချင်းများ ထူးဆန်းသော ဖြစ်ရပ်ဆန်းနှင့် တကယ်တမ်း ရင်ဆိုင်လိုက်ရပြီ ဖြစ်ကြောင်း ကျိုးကျားယွီ သေချာပေါက် သိလိုက်သည်။ အခန်းထဲတွင် တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောကြချေ။ အတန်ကြာမှ ရှန်ရိချွင်းက တိုးတိုးလေး ပြောလိုက်သည်။

“သူတို့ အဆင်ပြေပါ့မလား၊ နောက်ဆုံး ကားသံ ကြားလိုက်ရသလိုပဲ”

“ထားလိုက်တော့၊ နားကြရအောင်၊ အခု စိုးရိမ်နေလည်း ဘာမှထူးမဟုတ်ဘူး။ မနက်ကျမှ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်” လင်းကျွယ်က ဆိုသည်။

ဤသည်မှာ ထိုအချိန်တွင် ၎င်းတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ နံနက် ၁ နာရီ ရှိနေပြီဖြစ်သောကြောင့် အလန့်တကြားဖြစ်နေခြင်းက မည်သူ့ကိုမျှ အကူအညီ ဖြစ်စေမည် မဟုတ်ပေ။ အားလုံး ကိုယ့်အခန်းကိုယ် ပြန်သွားကြသည်။ မအိပ်မီ ကျိုးကျားယွီသည် ဖိုရမ်ကို တစ်ချက် ပြန်စစ်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ဖြစ်ရပ်နှင့် ပတ်သက်သော ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။ ရွှီရူဝမ်ပင် ထိုညက လိုက်ဖ်ကို ကြည့်လိုက်သလားဟု မက်ဆေ့ခ်ျ ပို့ထားလေသည်။ ကြည့်လိုက်ကြောင်း ကျိုးကျားယွီက ပြန်စာပို့လိုက်သည်။

ရွှီရူဝမ်သည် ပြန်စာမပို့တော့ပေ။ သူ အိပ်ပျော်သွားခြင်း သို့မဟုတ် ကွန်ပျူတာရှေ့တွင် ရှိမနေခြင်း ဖြစ်နိုင်သည်။ ကျိုးကျားယွီက ခဏစောင့်ကြည့်ပြီးနောက် အိပ်ရာဝင်သွားလေသည်။ သူသည် အမှန်တကယ်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ အနည်းဆုံးတော့ ထူးဆန်းသော အိမ်မက်များ မမက်ဘဲ နံနက်တွင် လန်းလန်းဆန်းဆန်း နိုးထလာခဲ့သည်။ နောက်နေ့တွင် ကျိုးကျားယွီသည် မနက်စာပြင်ရန် အောက်ထပ်သို့ ဆင်းလာသည်။ ညက အိပ်ရာဝင် နောက်ကျသဖြင့် အားလုံး နိုးလာချိန်တွင် နံနက် ၉ နာရီ နီးပါးရှိနေပြီ ဖြစ်သည်။ ကျိုးကျားယွီက လွယ်ကူစေရန် ကျန်နေသော ကြက်စွပ်ပြုတ်ကို နွှေးပြီး ခေါက်ဆွဲပြုတ်ကာ ကြက်ဥအချို့ကိုလည်း ကြော်လိုက်သည်။ ရိုးရှင်းသော မနက်စာတစ်ခုပင်။

ထိုသို့ ရိုးရှင်းလှသော်လည်း အားလုံးက မြိန်ယှက်စွာ စားသောက်ကြသဖြင့် ခေါက်ဆွဲနှင့် စွပ်ပြုတ် တစ်စက်မျှပင် မကျန်တော့ပေ။ မနေ့က အလုပ်ကိစ္စဖြင့် အပြင်သွားနေသော လင်းကျူးရွှေသည်လည်း ယနေ့ မနက်စာတွင် ၎င်းတို့နှင့်အတူ ပါဝင်စားသောက်နေသည်။ စားသောက်နေစဉ်အတွင်း လင်းကျွယ်က မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။

“သေခြင်းတရားကို ကိုယ်တိုင်သွားရှာနေတဲ့ လူတွေကို ငါ မကူညီချင်ဘူး၊ ငါက လူသားအားလုံးကို ကယ်တင်မယ့် ဘုရားလောင်း မဟုတ်ဘူး၊ လူတိုင်းကိုတော့ မကယ်နိုင်ဘူးလေ” လင်းကျူးရွှေက အေးစက်စွာ ပြောလိုက်သည်။

လင်းကျွယ် အားကိုးရာမဲ့သွားပုံပေါ်သော်လည်း ထိုစကားကြောင့် အံ့ဩသွားပုံမရပေ။

“ဟုတ်ပါတယ်လေ”

၎င်းတို့၏ အလုပ်နယ်ပယ်တွင် အကူအညီ လိုအပ်နေသူ မြောက်မြားစွာနှင့် တွေ့ဆုံရလေ့ရှိပြီး အများစုသည် မသိနားမလည်ဘဲ ခံရသူများ ဖြစ်သည်။ သို့သော် ဖျော်ဖြေမှုအတွက်နှင့် အသက်ကို ရင်းကာ စွန့်စားတတ်သော ရှောင်မီကဲ့သို့ လူမျိုးသည် အလွန်နည်းပါးလှသည်။ စိတ်ရှည်သည်ဆိုသော လင်းကျွယ်ပင် တည်ငြိမ်ရန် ခဲယဉ်းနေလျှင် လင်းကျူးရွှေကဲ့သို့ လူမျိုးအတွက်မူ ဆိုဖွယ်ရာ မရှိပေ။

“ဒါပေမယ့် ရှောင်မီ အဆင်ပြေပုံရပါတယ်၊ ဒီမနက်တင် Weibo မှာ စာတင်ထားသေးတယ်” ရှန်ရိချွင်းက ကြက်ဥကို မြိုချရင်း ပြောလိုက်သည်။

“သူ စာတင်ထားတယ်လား” ကျိုးကျားယွီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ရှန်ရိချွင်းက ဖုန်းကို ကမ်းပေးလိုက်သည်။

“ရော့၊ ကိုယ်တိုင်ပဲ ကြည့်လိုက်တော့”

ကျိုးကျားယွီ ဖုန်းကို ယူကြည့်လိုက်သည့်အခါ ရှောင်မီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခု အမှန်တကယ် တင်ထားကြောင်း တွေ့လိုက်ရသည်။

“ကျွန်မတို့ သရဲတစ္ဆေတွေနဲ့ လုံးဝ မတွေ့ခဲ့ပါဘူး! လမ်းဆုံမှာ ကားတစ်စီး ဖြတ်မောင်းသွားတာကို လန့်ပြီး ထွက်ပြေးမိတာပါ။ အဲဒီလို ပြေးနေတုန်း လိုက်ဖ်လွှင့်တဲ့ဖုန်း ပြုတ်ကျပြီး ပျက်သွားလို့ လိုင်းပြတ်သွားရတာပါ။ စိတ်မပူကြပါနဲ့၊ ကျွန်မတို့အားလုံး အေးအေးဆေးဆေးပါပဲ” ဟု ရေးသားထားပြီး ၎င်းတို့အဖွဲ့၏ ဓာတ်ပုံတစ်ပုံကိုပင် တွဲတင်ထားလေသည်။ အလင်းရောင်အရ နေထွက်ပြီးနောက် ရိုက်ထားပုံရပြီး လူဦးရေသည်လည်း လိုက်ဖ်လွှင့်စဉ်က အရေအတွက်နှင့် ကိုက်ညီနေသည်။

ထူးဆန်းလိုက်တာ။

ကျိုးကျားယွီသည် သံသယများ စိတ်ထဲ တိုးဝင်လာရင်း ဖုန်းကို အခြားလူများထံ လက်ဆင့်ကမ်းပေးလိုက်သည်။

လင်းကျွယ်က Weibo ပို့စ်ကို အသံထွက်ဖတ်ပြီး မေးလိုက်သည်။

“ဒါဆို သူတို့ တကယ် အဆင်ပြေနေကြတာပေါ့?”

ဓာတ်ပုံတွင်လည်း မည်သည့်ထူးခြားချက်မျှ မရှိပေ။

“မသေချာဘူး” ရှန်ရိချွင်းက ဆိုသည်။ “ဒါပေမယ့် နောက်ရက်အနည်းငယ်အတွင်း နောက်တစ်ခါ လိုက်ဖ်ပြန်လွှင့်မယ်လို့တော့ ပြောထားတယ်”

“နောက်တစ်ခါ ဟုတ်လား?” ရှန်အာပိုင်က ခေါင်းခါရင်း ပြောလိုက်သည်။

“သူတို့က အယူသီးတာတွေကို ချေဖျက်ချင်တာလား ဒါမှမဟုတ် ပရိသတ်တွေဆီက လက်ဆောင်ပစ္စည်းတွေနဲ့ ပိုက်ဆံရှာချင်တာလား?”

ကျိုးကျားယွီ သက်ပြင်းချလိုက်သည်။

“နှစ်ခုလုံး ဖြစ်နိုင်တာပဲ”

ထိုတစ်ညတည်းတင် ကြည့်ရှုသူများဆီမှ လက်ဆောင်များကို ခန့်မှန်းခြေ တွက်ကြည့်ရုံဖြင့် အနည်းဆုံး သောင်းချီ ရရှိခဲ့ပုံပေါ်သည်။ အချို့လူများအတွက် ထိုသို့သော အကျိုးအမြတ်သည် အသက်အန္တရာယ်နှင့်ပင် လဲရကျိုးနပ်ပုံရသည်။

“သူတို့ မသေဘူးပေါ့?” လင်းကျွယ်က သံသယဖြင့် ကြည့်နေသည်။ သို့သော်လည်း တစ်ခုခုသာ အမှန်တကယ် ဖြစ်ခဲ့လျှင် ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်လာမည်မှာ အသေအချာပင်။ ယခုအခါ ဘာမှမဖြစ်သလို ပို့စ် တင်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိလောက်တော့ပေ။ လင်းကျူးရွှေကတော့ တစ်လျှောက်လုံး မည်သည့်စိတ်ဝင်စားမှုမျှ မရှိပေ။ ပြဿနာကို ကိုယ်တိုင်ရှာဖွေသူများအပေါ် စိတ်ရှည်သည်းခံမှု မရှိကြောင်း သူ၏ အမူအရာက သက်သေပြနေပြီး ၎င်းတို့ကို လှည့်ပင် ကြည့်ချင်ပုံ မပေါ်ပေ။

ဆိုးဆိုးရွားရွား ဘာမှမဖြစ်ဘဲ လူတိုင်း အသက်ရှင်နေကြသဖြင့် ၎င်းတို့ စိုးရိမ်ခဲ့သမျှ အလကား ဖြစ်သွားရသည်။ ကျိုးကျားယွီသည် မှတ်ချက်များကို လိုက်ဖတ်ကြည့်ရာ အများစုက ထိုလူငယ်များ၏ အသက်အန္တရာယ်ကို အမှန်တကယ် စိုးရိမ်နေကြပြီး ဆက်မလုပ်ရန် တားမြစ်နေကြသည်။ သို့သော်လည်း အချို့ကမူ ဖျော်ဖြေရေးသက်သက်ဟု သဘောထားကာ နောက်တစ်ကြိမ် လိုက်ဖ်အတွက် ပို၍ကြောက်စရာကောင်းသည့် ထူးဆန်းသော ရိုးရာကျင့်စဉ်များကိုပင် အကြံပေးနေကြသည်။ ကျိုးကျားယွီ မှတ်ချက်များကို ဖတ်နေရင်း အသုံးပြုသူတစ်ဦး၏ ပရိုဖိုင်ပုံသည် သူ့မျက်စိထဲတွင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ပုံကို ချဲ့ကြည့်လိုက်သည့်အခါမှ ထိုပုံသည် ရှောင်မီက “ရှောင်ရှု့” ဟု ခေါ်ခဲ့သော၊ အော်ဟစ်ကာ ထွက်ပြေးသွားသည့် မိန်းကလေးဖြစ်ကြောင်း သိလိုက်ရသည်။

စပ်စုလိုစိတ်ဖြင့် ကျိုးကျားယွီ သူမ၏ ပရိုဖိုင်ထဲ ဝင်ကြည့်လိုက်သည်။ သူမ၏ ဆိုရှယ်မီဒီယာသည် သပ်ရပ်နေပြီး နေ့စဉ်ဘဝ အကြောင်းအရာများသာ အများဆုံး တင်ထားသည်။ ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် သူမ၏ လူနေမှုဘဝသည် အတော်လေး အဆင်ပြေပုံရသည်။ သို့သော် ကျိုးကျားယွီ၏ အာရုံကို ဖမ်းစားသွားသည်မှာ ထိပ်ဆုံးတွင် တင်ထားသော ပို့စ်တစ်ခု ဖြစ်သည်။ ၎င်းသည် လူခေါ်စာဖြစ်ပြီး “အကယ်၍ နောင်လုပ်မယ့် လိုက်ဖ်တွေမှာ ပါဝင်ချင်တယ်ဆိုရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။ သတ်မှတ်ချက်တွေက ရိုးရှင်းပါတယ်— သတ္တိရှိပြီး ဒီမြို့မှာ နေထိုင်တဲ့လူ ဖြစ်ရပါမယ်” ဟု ရေးသားထားသည်။

“ဒီအဖွဲ့ထဲမှာ လူဘယ်နှယောက်တောင် ရှိနေတာလဲမသိဘူး” ကျိုးကျားယွီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပြန်စဉ်းစားကြည့်သည့်အခါ ရှောင်မီ၏ လိုက်ဖ်နှစ်ခုလုံးတွင် သူမဘေးရှိ လူများသည် တစ်ခါနှင့်တစ်ခါ မတူကြပေ။ သို့သော် ထိုစဉ်က ၎င်းတို့သည် ရှောင်ရှု့ကိုသာ အာရုံစိုက်နေမိသောကြောင့် အခြားလူများကို သတိမထားမိခဲ့ပေ။

“မသိဘူးလေ” ရှန်ရိချွင်းက ပြောလိုက်သည်။ “ဒါပေမယ့် သူတို့မှာ ဖန်ဂရုရှိတယ်လို့ ကြားတယ်။ ငါ အဲဒီထဲကို ဝင်ပြီး သွားကြည့်လိုက်မယ်”

ရှောင်မီသည် အမှန်တကယ် နာမည်ကြီးသူဖြစ်ရာ အဖွဲ့ဝင် တစ်ထောင်စီပါသော ဖန်ဂရု ပေါင်း ၂၀ ကျော်မျှ ရှိနေသည်။ ရှန်ရိချွင်းက နောက်ဆုံး ဖွဲ့စည်းထားသော ဂရုတစ်ခုထဲသို့ အမှတ်မထင် ဝင်လိုက်ရာ ထိုဂရုသည် အတော်လေး စည်ကားနေသည်ကို တွေ့လိုက်ရသည်။ အဖွဲ့ဝင်အများစုသည် သာဘာဝလွန်ဖြစ်ရပ်များနှင့် ထူးဆန်းထွေလာကိစ္စရပ်များကို စကားစမြည် ပြောဆိုနေကြသည်။

ကျိုးကျားယွီသည် ရှန်ရိချွင်းဘေးတွင် ထိုင်ရင်း ဖုန်းစခရင်ကို ကြည့်ကာ ပြောလိုက်သည။

“ဟင်? ဂရုရဲ့ ကြေညာချက်ကို ကြည့်ပါဦး။ ဒီအဖွဲ့ထဲမှာကို ဘယ်လိုဝင်ရမလဲ ဆိုတာ ရေးထားတယ် ထင်တယ်”

ရှန်ရိချွင်းက နှိပ်ကြည့်လိုက်သည့်အခါ အမှန်တကယ် ထိုသို့ရေးသားထားလေသည်။ ညွှန်ကြားချက်များသည် အလွန် အသေးစိတ်လှပြီး Weibo တွင် တင်ထားသည်ထက်ပင် သတ်မှတ်ချက်များက ပို၍ တင်းကျပ်နေသည်။ ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ရမည့်အပြင် ဗဟိုအဖွဲ့သို့ ဝင်ရောက်နိုင်ရန် အဆင့်နှစ်ဆင့်ဖြင့် စစ်ဆေးမှုများကို ဖြတ်ကျော်ရမည်ဟု ဖော်ပြထားသည်။

“ဒီလောက်တောင် ရှုပ်ထွေးတာလား? ဒါပေမယ့် လူတွေကတော့ အတော်များသားပဲ…” ရှန်ရိချွင်းက ဆိုသည်။

ကျိုးကျားယွီလည်း သူ့စကားကို ထောက်ခံလိုက်သည်။ ဒါဇင်ပေါင်းများစွာသော ဤဂရုများကို ပေါင်းလိုက်လျှင် အနည်းဆုံး လူတစ်သောင်းခန့်ရှိမည်ဖြစ်ရာ လူ အနည်းငယ်မျှသာ အဖွဲ့ထဲဝင်လျှင်ပင် လူရာချီ ရောက်ရှိနေမည် ဖြစ်သည်။

“ကိုယ်ရေးအချက်အလက် အတုတစ်ခု လုပ်ပြီး သွားစုံစမ်းကြည့်ရင်ရော ဘယ်လိုလဲ?” ရှန်ရိချွင်းက အကြံပြုလိုက်သည်။

“မင်းတို့သဘောပါ” လင်းကျွယ်က ပြန်ဖြေသည်။ သူမကမူ စိတ်ဝင်စားမှု လျော့နည်းသွားပုံရသည်။ သူမတို့က ဤနယ်ပယ်၏ ကျွမ်းကျင်ပညာရှင်ဖြစ်သော သူမသည် နာမည်ကြီးဖို့အတွက် ကိုယ့်အသက်ကို ပေါ့ပေါ့တန်တန် သဘောထားနေသည့် ရှောင်မီကဲ့သို့ လူစားမျိုးကို မနှစ်မြို့မိပေ။ ပြီးနောက် ဘယ်သူမှ မသေဆုံးခဲ့ေသာကြောင့် သူမအနေဖြင့် ပါဝင်ပတ်သက်ရန် မလိုအပ်ဘူးဟု ယူဆထားပုံရသည်။

“ကောင်းပြီလေ၊ လုပ်ကြည့်ကြတာပေါ့” ကျိုးကျားယွီက ပြောလိုက်သည်။

ထို့ကြောင့် သူနှင့် ရှန်ရိချွင်းသည် မည်သို့ မည်ပုံ အချက်အလက်အတု ပြုလုပ်ပြီး ခိုးဝင်ကြမည်ကို တိုင်ပင်နေကြတော့သည်။ အချက်အလက် စစ်ဆေးမှုသည် အတော်လေး တင်းကျပ်ပြီး ၎င်းတို့သည် မှတ်ပုံတင်ဓာတ်ပုံကိုပင် တောင်းဆိုထားသည်။ ရှန်ရိချွင်းသည် ခေတ္တစဉ်းစားပြီးနောက်Meitu ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲကာ သူ၏ ဓာတ်ပုံကို အသုံးပြု၍ မှတ်ပုံတင်အတုတစ်ခု ကမန်းကတန်း ဖိုတိုရှော့ ပြုလုပ်လိုက်သည်။

ကျိုးကျားယွီက ထိုဖြစ်စဥ်ကို ကြည့်ရင်း အံ့အားသင့်သွားသည်။

‘ဒီလိုနည်းနဲ့လည်း ရတာပဲလား?’

ရှန်ရိချွင်းက ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။

“ငါ အသက် ၁၄ နှစ်မှာ ဒီကို မရောက်ခင်တုန်းက အင်တာနက် စွဲလမ်းနေတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တာလေ။ နောက်မှ… ဖြတ်လိုက်တာ”

ရှန်ရိချွင်း၏ ယခင်စကားများကို အခြေခံပြီး သူ့အသက် ၁၄ နှစ်အရွယ်တွင် ဘဝသည် အတော်လေး လှုပ်ရှားမှုဖြင့် ပြည့်နှက်ခဲ့မည်ဟု ကျိုးကျားယွီ ခန့်မှန်းလိုက်သည်။ ၎င်းတို့နှစ်ယောက် ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေစဉ် အခြားလူများက ကိုယ့်အလုပ်ကိုယ် လုပ်ရန် ထွက်သွားကြသည်။ နောက်ရက်အနည်းငယ်အတွင်း ရှန်မုစစ်နှင့် ရှန်အာပိုင်တို့သည် လင်းကျူးရွှေ၏ အမိန့်အရ ထူးခြားသော ကျောက်စိမ်းအချို့ သွားဝယ်ရန် ရှိသဖြင့် ထိုအလုပ်ကို အလေးအနက်ထားနေကြသည်။ ဘယ်သူမှ မသေခဲ့ကြောင်း သေချာသွားပြီးနောက် လင်းကျွယ်သည် ရှောင်မီအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိတော့ပေ။ ဘာမှ မထူးခြားလျှင် ဂရုစိုက်စရာ မလိုဘဲ၊ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့လျှင်လည်း ကိုယ်တိုင် ပြဿနာရှာခြင်းသာ ဖြစ်သဖြင့် မည်သည်ကိုမျှ ဂရုမစိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။

ကျိုးကျားယွီနှင့် ရှန်ရိချွင်းကတော့ စပ်စုလိုစိတ် သက်သက်သာဖြစ်ပြီး လင်းကျူးရွှေသည်လည်း ဝင်မတားမြစ်ဘဲ ၎င်းတို့နှစ်သက်သလို လုပ်ခွင့်ပေးထားသည်။ ဂရုထဲ ဝင်ခွင့်ရဖို့ စောင့်နေစဉ်အတွင်း ဂရုထဲက လူများက ထူးဆန်းသော ဂိမ်းများအကြောင်း ခဏခဏ ပြောနေကြခြင်းကို ကျိုးကျားယွီ သတိထားမိသွားသည်။ ညဘက်ဆိုလျှင် ပို၍ပင် စည်ကားလာပြီး အချို့က ၎င်းတို့ ဆော့ကစားနေသည့် ထူးဆန်းသော ဂိမ်းအကြောင်းများကို စာဖြင့် တိုက်ရိုက် တင်ဆက်နေကြသည်။ ထိုအထဲတွင် ဘောပင်ဝိညာဉ်ကဲ့သို့သော ဂိမ်းများသည် ပစ္စည်းကိရိယာနှင့် နေရာ သိပ်မလိုသဖြင့် လူကြိုက်အများဆုံး ဖြစ်နေသည်။

ပြီးခဲ့သည့်ညက ရွှီရူဝမ်ထံ ပို့ထားသော မက်ဆေ့ချ်မှ ထိုအချိန် ပြန်စာ ရောက်လာသည်။ ရွှီရူဝမ်က တစ်ခုခု ဖြစ်သွားပြီဟု သူ့ထံ သီးသန့် စာပို့လာခြင်းဖြစ်သည်။

ကျိုးကျားယွီ ဇဝေဇဝါ ဖြစ်သွားသည်။

“တစ်ခုခု ဖြစ်သွားတယ်? လိုက်ဖ်အကြောင်း ပြောတာလား? ဒါပေမယ့် ဒီနေ့ပဲ ရှောင်မီဆိုတဲ့ တစ်ယောက် ပို့စ် တင်ထားသေးတယ်လေ။ သူ အဆင်ပြေတယ် မဟုတ်ဘူးလား?”

ရွှီရူဝမ်က စာမပြန်ဘဲ ကျိုးကျားယွီထံ ဓာတ်ပုံတစ်ပုံ ပို့ပေးလာသည်။ ကျိုးကျားယွီသည် ပုံကို ဖွင့်ကြည့်လိုက်သည့်အခါ လန့်ဖြန့်သွားသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ယာဉ်တိုက်မှု မြင်ကွင်းတစ်ခု ဖြစ်သည်။ ကုန်တင်ကားတစ်စီးသည် လမ်းတစ်ဖက်ခြံစည်းရိုးကို တိုက်မိထားပြီး ခြံစည်းရိုးသည် ပြိုကျလုနီးပါး ပျက်စီးနေသည်။ အနီးအနားရှိ မြေပြင်ပေါ်တွင် သွေးအိုင်ထဲ လဲလျောင်းနေသော လမ်းသွားလမ်းလာ အချို့ကို တွေ့နေရသည်။

ကျိုးကျားယွီ သေချာ လေ့လာကြည့်လိုက်သည့်အခါ ဤနေရာသည် ရှောင်မီ ပြီးခဲ့သည့်ညက လိုက်ဖ်လွှင့်ခဲ့သည့် နေရာဖြစ်နေကြောင်း သိလိုက်ရသည်။

“၅ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့လူက အခု ဆေးရုံမှာ။ ကုန်တင်ကားမောင်းတဲ့လူလည်း သေသွားပြီ။ စုံစမ်းမှုတွေအရ ဘရိတ်ပေါက်တာလို့ ယူဆရတယ်တဲ့” ရွှီရူဝမ်က ထပ်မံ စာပို့လာသည်။

ကျိုးကျားယွီ : “…အဲဒီ မတော်တဆမှုက ဘယ်အချိန် ဖြစ်တာလဲ?”

ရွှီရူဝမ်က ပြန်ဖြေသည်။

“မနေ့ညက”

ကျိုးကျားယွီ ဓာတ်ပုံကို ကြည့်ရင်း ကြက်သေသေနေမိသည်။ ရှန်ရိချွင်းက ဘေးကနေ လှမ်းကြည့်ပြီး မေးလာသည်။

“ဟင်? အဲဒါ ဘာလဲ?”

သူလည်း စခရင်ပေါ်က ပုံကို မြင်သွားသည်။

“အဲဒါ… ကားတိုက်မှု ပုံလား?”

ကျိုးကျားယွီ ခေါင်းညိတ်လိုက်သည်။

“အင်း၊ မနေ့ညက ဖြစ်တာတဲ့”

“မနေ့ညက? ဒါပေမယ့် သူတို့ လိုက်ဖ်လွှင့်နေကြတာ မဟုတ်ဘူးလား? ဒါမှမဟုတ် ညသန်းခေါင်မှာ ဖြစ်တာလား?” ရှန်ရိချွင်းက မေးလိုက်သည်။

ကျိုးကျားယွီ ဘာမှပြန်မပြောဘဲ သေဆုံးသူများ မညသူမည်ဝါဖြစ်သည်ကို ရွှီရူဝမ်ထံ မေးလိုက်သည်။

“လူငယ်တွေချည်းပဲ” ရွှီရူဝမ်က ပြန်ဖြေသည်။ “ဒါပေမယ့် သူတို့ထဲက တစ်ယောက်မှ လိုက်ဖ်လွှင့်တဲ့ထဲမှာ ပါမလာဘူး”

“တစ်ယောက်မှ မပါဘူးလား။ ဒါဆို သူတို့က လိုက်ဖ်နဲ့ ဘာမှမဆိုင်ဘူးပေါ့” ကျိုးကျားယွီက မေးလိုက်သည်။

“မသိရသေးဘူး။ အသက်ရှင်ကျန်တဲ့လူက အခုထိ သတိမရသေးတော့ သူနိုးလာတဲ့အထိ စောင့်ကြည့်ရမှာပဲ” ရွှီရူဝမ်က ပြောလိုက်သည်။

အချက်အလက် အများအပြား ကြားလိုက်ရပြီးနောက် တစ်ခုခုမှားနေပြီဟု ကျိုးကျားယွီ ခံစားလိုက်ရသည်။ ရွှီရူဝမ်က အလွန်အမင်း စိတ်မပူရန် အားပေးစကား အနည်းငယ် ပြောလာသည်။ သူ၏ဆရာသည် ဤအမှုကို လွှဲပြောင်းယူထားပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဆိုလာသည်။ ရွှီရူဝမ်က ထိုသို့ပြောလာသဖြင့် ကျိုးကျားယွီသည်လည်း အလွန်အမင်း စိုးရိမ်မနေတော့ပေ။ ရွှီရူဝမ်၏ ဆရာဆိုသည်မှာ လင်းကျူးရွှေနှင့်အတူ ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပါဝင်နိုင်သူဖြစ်ရာ သူ၏စွမ်းဆောင်ရည်ကို လျှော့တွက်၍မရနိုင်ပေ။

နောက်ရက်များတွင် ရှောင်မီက ထူးဆန်းသော သဘာဝလွန် ထုံးတမ်းစဉ်လာများကို လိုက်ဖ်ဆက်လွှင့်နေဆဲ ဖြစ်သည်။ မတော်တဆမှုဖြစ်ပွားမှုကြောင့် သူမကို ပို၍ပင် လူကြိုက်များလာကြသည်။ ပရိသတ်အများအပြားသည် သူမ၏ အစီအစဉ်များကို ကြည့်ရှုရန် ညနှောင်းပိုင်းအထိ မအိပ်ဘဲ စောင့်ဆိုင်းနေကြသည်။ ကျိုးကျားယွီသည် ရွှီရူဝမ်ထံမှ ကြားသိသမျှကို လင်းကျွယ်အား ပြန်ပြောပြလိုက်သည်။ နားထောင်ပြီးနောက် လင်းကျွယ် ခေတ္တတိတ်ဆိတ်သွားသည်၊ သို့သော် ရွှီရူဝမ်၏ဆရာ ရွှီကျန်းက အမှုကို ကိုင်တွယ်နေသဖြင့် ၎င်းတို့ ဝင်ရောက်စွက်ဖက်ရန် မလိုတော့ကြောင်း ကောက်ချက်ချလိုက်သည်။ သို့သော် ကျိုးကျားယွီနှင့် ရွှီရူဝမ်တို့ ဆက်သွယ်မှုရှိနေကြောင်း သိသွားပြီးနောက် လင်းကျွယ်က ၎င်းတို့နှစ်ဦး၏ ပတ်သက်မှုကို မသိမသာ စုံစမ်းမေးမြန်းလိုက်သည်။ သူမ၏ မေးခွန်းများက အလွန်ပါးနပ်သဖြင့် ကျိုးကျားယွီ ဘာမှ သတိမထားမိပေ။

“ကျွန်တော်တို့ ပြိုင်ပွဲမှာ အတူတူ ယှဉ်ပြိုင်ခဲ့ကြတာလေ” ကျိုးကျားယွီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ “အဲဒီနောက် သူက ‘ဝမ်နွီ’ (သေဆုံးသွားသောမိန်းကလေး) ဆိုတဲ့ အမည်ဝှက်နဲ့ ဖိုရမ်မှာ စာတင်ပြီး အဲဒီအဖွဲ့ကို ဖုန်းမသုံးဖို့ လိမ်ပြောခဲ့တာ…”

လင်းကျွယ် : “...” ရွှီရူဝမ်က အဲ့ဒီ့ပေါက်ကရ အကောင့်ပိုင်ရှင် ပေါ့လေ။

၎င်းတို့ ဝင်ပါရန် မလိုဘူးဟု လင်းကျွယ်က ယူဆထားသော်လည်း ရှန်ရိချွင်း၏ တုပထားသော ကိုယ်ရေးအချက်အလက်များသည် အစီအစဉ်အတိုင်း ရှောင်မီ၏ ဗဟိုအုပ်စုထဲသို့ ရောက်ရှိသွားခဲ့သည်။ အုပ်စုထဲ ရောက်သွားသည့်အခါ ရှန်ရိချွင်းသည် မျှော်လင့်ထားသည်ထက် လူအင်အား ပိုများနေကြောင်း တွေ့လိုက်ရသည်။ လူဦးရေသည် တစ်ထောင်ကျော်ပင် ရှိနေသည်။ အဖွဲ့ဝင်သစ် စိစစ်သူများသည် ငယ်ရွယ်သူများကို ပိုမိုနှစ်သက်ပုံရပြီး ရှန်ရိချွင်းအား မိဘများနှင့် ခွဲခွာနေထိုင်နေရသည့် ကလေးတစ်ယောက်အဖြစ် သိရှိသွားသောအခါ အထူးနွေးထွေးစွာ ဆက်ဆံလာကြသည်။

“အဖွဲ့ထဲမှာ ဒီလောက်တောင် လူများတာလား” ကျိုးကျားယွီက မေးလိုက်သည်။

“ဟုတ်တယ်။ အများစုက တော်တော်လေးလည်း ငယ်ကြတယ်” ရှန်ရိချွင်းက ပြန်ဖြေလိုက်သည်။

ကျိုးကျားယွီသည် ပြီးခဲ့သည့်ညက လိုက်ဖ်တွင် တွေ့ခဲ့ရသည့် မျက်နှာသစ် လူငယ်များကို ပြန်သတိရသွားသည်။ ထိုစဉ်က သိပ်သတိမထားမိသော်လည်း ယခုပြန်စဉ်းစားကြည့်လျှင် ထိုလူများသည် တော်တော်လေး ငယ်ရွယ်ပုံရသည်။ ‘မကြောက်မရွံ့’ ဆိုသည့်စကားအတိုင်း ရှောင်မီ၏အဖွဲ့သည် ယခုကဲ့သို့ သတ္တိရှိလှသော လူငယ်များကို ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်သည်။

လင်းကျူးရွှေနှင့်အတူ အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ရပြီးနောက် ရှန်ရိချွင်းသည် သရဲမရှိဘူးဟူသော နုံအသည့်အယူအဆကို စွန့်လွှတ်လိုက်သည်မှာ ကြာမြင့်ပြီဖြစ်သည်။ သူသည် ထိုကဲ့သို့သော သဘာဝလွန်ဂိမ်းများကို ဘယ်သောအခါမှ ကစားမည်မဟုတ်ပေ။ ထို့ကြောင့် အုပ်စုထဲမှလူများ မဆင်မခြင် ကစားနေကြသည်ကို မြင်သောအခါ ဆိုဖာပေါ်တွင် စောင်လေးခြုံကာ ခပ်တိုးတိုး ရေရွတ်နေမိသည်။

“ဒီလူတွေ တကယ့်ကို သတ္တိခဲတွေပဲ”

ကျိုးကျားယွီသည်လည်း သဘောတူလိုက်သည်။

“ဒီနေ့တစ်ရက်တည်းတင် အယောက်ဒါဇင်ကျော် အပြင်ထွက်ပြီး အဲဒီလိုဂိမ်းတွေ သွားကစားနေတာ။ ငါသာဆိုရင်…” ရှန်ရိချွင်းက ပြောရင်း မှောင်စပြုနေသည့် အပြင်ဘက်ကို ကြည့်ပြီးနော တည်ကြည်စွာ ပြောလိုက်သည်။

“ငါသာဆိုရင် အခုချိန် ကုတင်ပေါ်မှာ အိပ်ပျော်နေလောက်ပြီ”

“သူတို့က ရှောင်မီနဲ့အတူ ကစားတာ မဟုတ်ဘူးလား” ကျိုးကျားယွီက မေးလိုက်သည်။

“မဟုတ်ဘူး။ အဖွဲ့ထဲမှာ ရှောင်မီတစ်ယောက်တည်းရှိတာမှ မဟုတ်တာ။ သူက လိုက်ဖ်လွှင့်ရတဲ့အတွက် အဖွဲ့ရဲ့ အဓိက မျက်နှာတစ်ခုဖြစ်နေတာ။ လူတွေ စိတ်ဝင်စားလာပြီဆိုရင် တခြားလူတွေ ဝင်လာပြီး ဂိမ်းတွေ ဦးဆောင်ကစားပေးကြတာ” ရှန်ရိချွင်းက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ သူတို့က ဘာကို လိုချင်နေကြတာလဲ” ကျိုးကျားယွီ နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။

ရှန်ရိချွင်း : “စိတ်လှုပ်ရှားစရာ ရှာနေကြတာ ဖြစ်မှာပေါ့”

၎င်းတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြပြီး တစ်ညက ၎င်းတို့တံခါးကို တစ်စုံတစ်ခုက လာခေါက်ခဲ့သည့်အဖြစ်ကို ပြန်သတိရသွားကြသည်။ စိတ်လှုပ်ရှားစရာဆိုသည်လည်း ၎င်းတို့ကဲ့သို့ ကြောက်တတ်သူများအတွက်တော့ မလွယ်ကူပေ။ ကျိုးကျားယွီသည် စိတ်အေးသွားစေရန် သူ၏ မြွေပါလေးကို အမြန်ပွတ်သပ်လိုက်သည်။

ရှန်ရိချွင်းတွင် ပွတ်သပ်စရာ မြွေပါမရှိသဖြင့် စောင်ကိုသာ ပိုမြဲအောင်ခြုံရင်း ခပ်တိုးတိုး ပြောလိုက်သည်။

“သရဲမြင်ချင်ရင် လွယ်ပါတယ်။ မင်းနဲ့အတူ ညဘက် အပြင်ထွက် စားသောက်လိုက်ရုံပဲ…”

“…ဟေးကျိုက်၊ မင်း အဲဒီလို ပြောရင် ငါတို့ သူငယ်ချင်းအဖြစ်က ပြတ်သွားမှာတော့နော်” ကျိုးကျားယွီက ပြန်ပြောလိုက်သည်။

“ဒါကအမှန်တရားပဲ မဟုတ်ဘူးလား” ရှန်ရိချွင်းက မေးလိုက်သည်။

ကျိုးကျားယွီသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားကြည့်ပြီး ဘာမှ ပြန်မငြင်းနိုင်တော့ပေ။

“ဒါပေမယ့် သူတို့က ငါတို့နဲ့ သိပ်မဝေးဘူးပဲ။ ငါတို့နဲ့ အိမ်နီးချင်းမြို့မှာ။ ငါ အဲဒီထဲမှာ ပိုပြီး နေရာရလာပြီဆိုရင် ရှောင်မီနဲ့တောင် အတူတူ လိုက်ဖ်လွှင့်လို့ရနိုင်တယ်” ရှန်ရိချွင်းက ပြောလိုက်သည်။

ရှန်ရိချွင်း၏ စိတ်လှုပ်ရှားနေသော မျက်နှာကိုကြည့်ကာ ကျိုးကျားယွီက သူနှင့်အတူ လုံးဝ မလိုက်နိုင်ကြောင်း ချက်ချင်း ပြောလိုက်သည်။

ရှန်ရိချွင်း : “အာ… ဒါဆို ငါတစ်ယောက်တည်း သွားရမှာလား”

ကျိုးကျားယွီ : “ငါ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အဲဒါမျိုး သွားကစားတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ”

သူသည် ငြိမ်ငြိမ်လေး ရပ်နေလျှင်ပင် ထိုအရာများစွာကို ဆွဲဆောင်နေသူဖြစ်ရာ ထိုကဲ့သို့သော ဂိမ်းမျိုးကိုသာ အမှန်တကယ် သွားကစားပါက အလောင်းပင် ပြန်ရရန် မလွယ်ကူနိုင်ပေ။

“အင်း… မင်းပြောတာလည်း ဟုတ်တာပဲ” ရှန်ရိချွင်းက ခေါင်းညိတ်သည်။

ထို့ကြောင့် ထိုလူများ၏ ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ရက်အနည်းငယ် ထပ်မံ စောင့်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ဘာမှ မသိရသေးမီ ရှောင်မီ၏ အဖွဲ့တွင် နောက်ထပ် အဖြစ်အပျက်တစ်ခု ထပ်ဖြစ်သွားခဲ့သည်။ ယခုတစ်ကြိမ်တော့ ဟောင်းနွမ်းနေသော အဆောက်အဦးတစ်ခုတွင် Bloody Mary ဂိမ်းကို တိုက်ရိုက်လွှင့်နေစဉ် ကြည့်ရှု့သူများသည် ကျယ်လောင်သော အသံများနှင့် အော်ဟစ်သံများ ကြားလိုက်ရပြီးနောက် လိုက်ဖ် ပြတ်တောက်သွားခဲ့သည်။ နောက်ရက်တွင် ဖျက်သိမ်းရန် သတ်မှတ်ထားသည့် အဆောက်အဦးဟောင်းတစ်ခု ပြိုကျသွားကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အပျက်အစီးများကြားတွင် လူငယ်အလောင်း အများအပြားကို တွေ့ရှိခဲ့ရသည်။

သို့သော် အံ့ဩစရာအကောင်းဆုံးအချက်မှာ ထိုအပျက်အစီးများအောက်တွင် ပါသွားသင့်သည့် ရှောင်မီသည် လုံးဝ ဒဏ်ရာမရရှိခဲ့ခြင်း ဖြစ်သည်။ သူမက အဆောက်အဦး မပြိုကျမီ သူမနှင့် သူမ၏အဖွဲ့သားများ လွတ်မြောက်ခဲ့ကြောင်း၊ သေဆုံးသူများသည် သူမနှင့် ဘာမှမပတ်သက်ကြောင်း Weibo ပေါ်တွင် စာတင်ထားသည်။ သူမသည် ဘေးကင်းကြောင်း သတင်းစကားနှင့်အတူ ဓာတ်ပုံတစ်ပုံကိုပင် တင်ခဲ့သည်။ ဓာတ်ပုံ၏ နောက်ခံတွင် နေထွက်ချိန်ကို ပြသထားသော်လည်း ကျိုးကျားယွီက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။

သူသည် ဓာတ်ပုံကို ထောက်ပြပြီး ပြောလိုက်သည်။

“ရှန်ရိချွင်း၊ ဒီပုံကို ကြည့်ဦး”

ရှန်ရိချွင်း : “ဘာဖြစ်လို့လဲ”

“ဒါက နေထွက်ချိန်ထက်… နေဝင်ချိန်နဲ့ ပိုမတူဘူးလား” ကျိုးကျားယွီက ပြောလိုက်သည်။

ရှန်ရိချွင်း၏ မျက်နှာအမူအရာသည်လည်း ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

စာရေးသူ၏ စာကြွင်း။

ကျိုးကျားယွီ : ဆရာ… ဘာလို့ ထမင်းမစားတာလဲ။

လင်းကျူးရွှေ : ဗိုက်ဝနေလို့။

ကျိုးကျားယွီ : ဘာစားထားလို့လဲ။

လင်းကျူးရွှေ : ရှလကာရည် (သဝန်တိုခြင်းကို တင်စားခြင်း)။

ကျိုးကျားယွီ : …(:з」∠)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment