no
<လပတ် စာမေးပွဲ>
ယွင်ဖန်းသည် သူတော့ ရူပဗေဒမေးခွန်းစာရွက်ကို လုပ်လို့ မပြီးနိုင်လောက်တော့ဟု ခံစားလိုက်ရသည်။
သူက နေ့လည်က ဖြစ်ခဲ့သည်တို့ကို ပြန်တွေးကြည့်လိုက်ပြီး ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်လိုက်တော့ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်ကို နားလည်သွားခဲ့သည်။ တစ်ဖက်လူက ရိချန်းလျန် ဖြစ်နေလျှင်တောင် သူတောင်းပန်သင့်သည်ပင်။
ထို့ကြောင့် ယွင်ဖန်းက မေးခွန်းစာရွက်များကို ဘေးဖယ်လိုက်ပြီး ကားစောင့်သည့် ခုံမှ ထရပ်လိုက်လိုက်ကာ ရိချန်းလျန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ရိချန်းလျန်မှာ သတိတကြီးဖြင့် နောက်ဆုတ်သွား၏။
ယွင်ဖန်းက လေသံကို တမင် ပျော့လိုက်ပြီး
"စောစောက မင်းကို အော်ခဲ့မိတာ ငါမှားသွားတယ်"
ရိချန်းလျန်က အေးစက်စက်သရော်လိုက်ပြီးနောက် သူ့ကို အပေါ်အောက် စုံဆန်ကြည့်ကာ တစ်ခုခုပြောချင်ဟန်ပေါက်နေပေမဲ့ တွန့်ဆုတ်နေလေ၏။
ယွင်ဖန်းသည် ဤကလေးက ချော့ရလွယ်လောက်ပါသည်ဟု တွေးလိုက်သည်။ မတိုင်ခင်က တီဗွီထဲမှာ မြင်ခဲ့ဖူးသော အဖေနှင့်သားကြား တုန့်ပြန်မှုကို သူပြန်တွေးကြည့်လိုက်ပြီးနောက် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"မင်းရဲ့ လည်ပင်းမှာ အညိုအမဲရာကိုမြင်လိုက်တော့ မင်းနောက်ကျောက ဒဏ်ရာကို စစ်ကြည့်ချင်သွားတာမို့ မင်းကို ထိလိုက်မိတာပါ။ ထပ်မဖြစ်စေရဘူး"
ရိချန်းလျန်က နှာဘူးတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဖြင့် သူ့ကိုကြည့်လာကာ
"မင်းက နောက်တစ်ခေါက် ထပ်လုပ်ချင်နေသေးတယ်ပေါ့?"
ယွင်ဖန်းမှာ သူ့၏ တုန့်ပြန်မှုကြောင့် ကြောင်အမ်းသွားရကာ ညင်ညင်သာသာအပြုံးတစ်ပွင့်ကို အတင်းဆွဲဆန့်ပြုံးပြလိုက်ရသည်။
"မင်း ရန်မဖြစ်သရွေ့ပေါ့"
ရိချန်းလျန်က တစ်ဖက်လူ၏ လှောင်ပြောင်သလို အမူအယာအားကြည့်ကာ တိုက်ရိုက် ဆွဲထိုးမိတော့မလိုပင်။ သို့ပေမဲ့ အဆုံးမှာတော့ သူက တစ်ဖက်လူ၏ ခွန်အားကို သတိရကာ ထိန်းထားလိုက်ရသည်။
"ငါ ရန်ဖြစ်ဖြစ် မဖြစ်ဖြစ် မင်းကိစ္စမဟုတ်ဘူး!"
ယွင်ဖန်းက အလေးအနက်ပြောလိုက်သည်။
"ငါက မင်းကိုအရမ်းသဘောကျတာလေ။ ဒါကြောင့် မင်းနဲ့အတူဖြစ်ချင်-"
"သောက်ကျိုးနည်း!"
ရိချန်းလျန်က ကြောက်လန့်တကြား နောက်ဆုတ်သွား၏။
"ငါ ယောက်ျားတွေကို မကြိုက်ဘူးကွ!"
ရုတ်တရက် ကြားဖြတ်အော်ခံလိုက်ရသော ယွင်ဖန်းက သူ မိုးရေထဲ ရောက်တော့မည်ကိုမြင်တော့ လက်လှမ်းကာ သူ့ကော်လာကို ဆွဲလိုက်ပြီးလှောင်ပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ငါက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တာလေ"
သို့ပေမဲ့ သိသာစွာပင် ရိချန်းလျန်က သူ့ကိုမယုံဘဲ ဒီ အရူးကောင် သူ့ဆီ ရုတ်တရက် ချည်းကပ်လာရသည့် အကြောင်းရင်းအမှန်ကို ရှာတွေ့သွားပြီဟု ယုံကြည်သွားလေပြီပင်။
သူပြောခဲ့တဲ့ အတန်းဖော်အချင်းချင်းကြား သောက်ကျိုးနဲ အပြန်အလှန်ကူညီပေးတာက ဘယ်ကလာရမှာလဲ! ဒီနှာဘူးကောင်က သူ့ကိုကြိုက်နေတာပဲ!
"ငါက ထိပ်ဆုံးငါးဆယ်ထဲတောင် မဝင်နိုင်ဘူး!"
ရိချန်းလျန်က တည်တည်ကြည်ကြည်ပြောလိုက်သည်။ သူ့၏ ညံ့ဖျင်းလှသော ပညာရေးလုပ်ဆောင်ချက်များကို ဘယ်တုန်းကမှ ဤလောက်ထိ ဂုဏ်မယူခဲ့ဖူးပါချေ။
"ငါက မင်းရဲ့ လိုအပ်ချက်တွေနဲ့ မပြည့်စုံနိုင်ဘူးလေ!"
ယွင်ဖန်းမှာ ခဏလောက် ပြောစရာမဲ့သွားခဲ့ကာ အထင်လွဲမှုကြီးကို ရှင်းပြရန် ကြိုးစားလိုက်သည်။
"တကယ်တော့ ဒါက ထိပ်ဆုံးငါးဆယ်ထဲပါ မပါက အကြောင်းမဟုတ်ဘူး၊ တကယ်တမ်းကျ-"
ဘတ်စ်ကား၏ ဟွန်းတီးသံက မိုးရေကန့်လန့်ကာကို ထိုးဖောက်ဝင်ရောက်လာကာ ရိချန်းလျန်က သူ့ကို ပြီးဆုံးအောင်ပြောဖို့ အခွင့်အရေးမပေးဘဲ ခုံတန်းရှည်ကို ခြေတစ်လှမ်းထဲဖြင့် ကျော်လှမ်းသွားလေသည်။
ယွင်ဖန်းမှာ မသိစိတ်ဖြင့် လှမ်းဆွဲလိုက်မိပေမဲ့ ဘာကိုမှ မဖမ်းမိလိုက်ချေ။ အဖြူနှင့်အပြာရောထားသည့်ကျောင်းဝတ်စုံ၏ အင်္ကျီဖျားလေးက သူ့ လက်ဖဝါးထဲမှချော်ထွက်သွားခဲ့ကာ အဝတ်လျှော် ဆပ်ပြာရည်၏ မှိန်ဖျော့ဖျော့ရနံ့လေးက သူ့နှာဖျားဝ၌ ဝေ့ကျန်ခဲ့၏။
သူ ခေါင်းလှည့်ကြည့်လိုက်သည်။ ရိချန်းလျန်ကတော့ အမိုးအောက်မှ ပြေးထွက်ကာ ဘတ်စ်ကားပေါ် တက်သွားခဲ့ပြီပင်။
ယွင်ဖန်း၏ တောင်းပန်ခြင်းက ကျရှုံးသွားခဲ့ကာ တဖက်လူကို ပိုပြီး အထင်လွဲအောင်တောင်မှ လုပ်မိလိုက်သေး၏။ သူ့မှာ ညစာစားချိန်ရောက်သည့်တိုင်အောင် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့ရလေသည်။
°°°°°°°°
ထန်ရိက အိပ်ခန်းထဲ ဖုန်းပြောနေသည်။ သူမ၏အသံက မတည်ငြိမ်ပေ။ ယွင်ဟဲယွီကတော့ ချက်ပြုတ်နေခဲ့ကာ ပြုတ်ပြီးသား ပြောင်းဖူးကို တူဖြင့် ညှပ်ယူလို့ ယွင်ဖန်းထံကမ်းပေးလာ၏။
"လာ..ပြောင်းဖူးနည်းနည်းစားပြီး အရင်ဆုံး ဗိုက်ဖြည့်ထားလိုက်ဦး။"
ယွင်ဖန်းက တူကိုယူလိုက်ပြီး ပြောင်းဖူးကို တစ်ကိုက်ကိုက်လိုက်တော့ ချိုမြနူးညံ့သည့်အရသာက သူ့ကို ခံစားချက် နည်းနည်း ပိုကောင်းသွားစေသည်။
"အဖေ…ကျွန်တော် ကျောင်းမှာ ဘယ်လိုနေလဲဆိုတာ အဖေသိလား?"
“သားရဲ့ အပြုအမူတွေက အမြဲတမ်း ကောင်းနေတာပဲမလား?"
ယွင်ဟဲယွီက ထမင်းခူးလိုက်သည်။
"ပြီးခဲ့တဲ့ လပတ်စာမေးပွဲအကြောင်း ထပ်တွေးမိနေပြန်တာလား?"
"အမ်း…."
ယွင်ဖန်းက ဝေဝေဝါးဝါးသာ တုန့်ပြန်လိုက်သည်။
ယွင်ဟဲယွီက မီးဖိုချောင်ထဲ တူသွားယူလိုက်ပြီး ယွင်ဖန်းဘေးမှာ ဝင်ထိုင်ကာ ပြောလာသည်။
"အဆင်ပြေပါတယ်။ အဆင့်တစ်ပဲရရ အဆင့်နောက်ဆုံးပဲရရ သားက မင်းအမေနဲ့ အဖေ့ရဲ့သားပဲဆိုတာ သိထားသင့်တယ်။ အနာဂတ်မှာ သားအများကြီး အရည်အချင်းရှိနေဖို့ အဖေတို့ မမျှော်လင့်ပါဘူး။ အဖေတို့က သားရဲ့ တစ်ဘဝလုံး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတာကိုပဲ မျှော်လင့်ရုံပါ"
ယွင်ဖန်းက မျက်လွှာချထားကာ ဘာမှ မပြောပေ။
ထန်ရိကလည်း သူ့ကို ထိုသို့ထပ်တူညီစွာပဲ ပြောခဲ့ဖူးသည်။ သို့ပေမဲ့ ထိုအချိန်က 'ယွင်ဖန်း' သေကြောင်းကြံစည်ရာမှ ကယ်တင်ခံရပြီး မကြာသေးသည့်အချိန်ဖြစ်ရာ ထိုစကားအား သူ့နှလုံးသားထဲအထိ မယူထားလိုက်ခဲ့ပေ။
" သားရဲ့ အမေနဲ့ အဖေ တို့က ပညာတတ်တွေ မဟုတ်တော့ သားရဲ့ စာလေ့လာမှုမှာ အများကြီး မကူညီပေးနိုင်ခဲ့ဘူး။ သားသာ ပျော်ရွှင်မယ်ဆိုရင် စာကိုကောင်းကောင်းလုပ်။ သားက မပျော်ရွှင်ဘူးဆိုရင်တော့ သားကိုယ်သား အရမ်းကြီး ဖိအားပေးနေစရာမလိုဘူး"
ယွင်ဟဲယွီက သူ့ပုခုံးကို ပုတ်လာ၏။
"ဒီအချိန်တွေအတွင်း သားအမေနဲ့အဖေတို့က သားရဲ့စိတ်ထဲမှာ အကြောင်းအရာတွေ အများကြီးရှိနေတာကို မြင်နေခဲ့ကြရတယ်။ သားနဲ့ စကားကောင်းကောင်းပြောချင်ခဲ့ပေမဲ့ သားစိတ်ဆိုးမှာကိုလည်း စိုးရိမ်မိခဲ့ကြတယ်"
"ကျွန်တော် စိတ်မဆိုးပါဘူး"
ယွင်ဖန်းက ခေါင်းခါလိုက်သည်။
တကယ်တော့ သူအတော်လေး အားကျမိ၏။
ယွင်ဖန်း၌ ဤသို့ သူရွေးချယ်သမျှအား ဘာကိုပဲဖြစ်စေ လေးစားမှုပေးတတ်သည့် ကောင်းမွန်လှသော မိဘနှစ်ပါးရှိနေသည်ကို သူ အားကျမိသည်။ သူ့၏ လိင်စိတ်တိမ်းညွှတ်မှုအပေါ် သဘောမတူခဲ့ကြပေမဲ့လည်း ယွင်ဖန်း၏ အသက်က ချိန်ခွင်ပေါ်တွင် ရှိနေချိန်မှာ သူတို့က အလျှော့ပေးဖို့ကို ရွေးချယ်ခဲ့ကြသည်။
ဤသည်က ထန်ရိနှင့် ယွင်ဟဲယွီတို့က ပွင့်လင်းသူများဖြစ်နေတာကြောင့်မဟုတ်ဘဲ သူတို့ကိုယ်တိုင် စိတ်ဆင်းရဲ ပူပန်နေရလျှင်တောင်မှ ယွင်ဖန်း၏ ပျော်ရွှင်မှုကိုသာ မျှော်လင့်ကြသူများ ဖြစ်နေတာကြောင့်ပင်။
ထန်ရိက ဖုန်းပြောပြီး အပြင်ထွက်လာတော့ သားအဖနှစ်ယောက်က အလေးအနက်မျက်နှာများဖြင့် ဆိုဖာတွင် ထိုင်နေကြသည်ကို မြင်လိုက်ရကာ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
"ဘာဖြစ်ကြလို့လဲ။နှစ်ယောက်ကိုကြည့်ရတာ ခေါင်းဆောင်နဲ့ အစည်းဝေးထိုင်နေတာ ကျနေတာပဲ"
ယွင်ဟဲယွီက ရယ်လိုက်သည်။
"ကိုယ် ထန်ထန်နဲ့ စကားပြောနေတာ"
ထန်ရိက ယွင်ဖန်းထံစပ်စုလိုစွာ ကြည့်လာ၏။
"ထန်ထန်… အမေ စိတ်ရောဂါပညာရှင် အန်တီတစ်ယောက်နဲ့သိတယ်။ သားမှာ အချိန်ရှိရင်.... သူနဲ့ သွားတွေ့ချင်လား?"
ယွင်ဖန်းက နှုတ်ခမ်းစေ့လိုက်၏။
"ကျွန်တော့မှာ ဘာ စိတ်ရောဂါမှ မရှိပါဘူး"
လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်ခြင်းက စိတ်ရောဂါတစ်ခု မဟုတ်ကာ ထို့အပြင် သူက ယွင်ဖန်းအစစ်လည်း မဟုတ်တာကြောင့် ယောက်ျားများကိုလည်း မကြိုက်ပေ။
"အမေက အဲ့လိုပြောချင်တာ မဟုတ်ပါဘူး"
ထန်ရိကပြောသည်။
"သားကို ကြည့်ရတာ ဖိအားတွေများနေပြီး အဖေနဲ့ အမေ့ကို ပြောမပြနိုင်တဲ့ အရာတွေ ရှိနေလားလို့လေ။ အဲ့ဒါမျိုးက ဆရာဝန်နဲ့ ပြောလိုက်တာ ပိုကောင်းတယ်။ စိတ်ပညာရှင်တွေက သားရဲ့ စကားတွေကို ပေါ့ပေါ့တန်တန် ထုတ်ဖော်မှာ မဟုတ်ဘူး။ သားပြောတာတွေကို အမေတောင် သိရမှာ မဟုတ်ဘူးလေ၊ အဲ့လိုဆိုရင်ရော?"
ဤသည်ကိုကြည့်ကာ ယွင်ဖန်းက ဤ မိဘနှစ်ပါးအတော်လေး သတိထားနေကြတာကို သည်းမခံနိုင်တော့စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။
"ဒီလ လပတ်စာမေးပွဲ ပြီးတဲ့အထိတော့ စောင့်ပေးဦး"
ထန်ရိမှာ သိသိသာသာပင် စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"ကောင်းတယ်။ ကောင်းတယ်။ အရင်ဆုံး စားကြစို့"
°°°°°°°
ဒုတိယ လပတ်စာမေးပွဲက အချိန်စာရင်းအတိုင်း ရောက်လာလေပြီ။
ပထမဆုံး စာမေးပွဲက တရုတ်စာပင်။ စာမေးပွဲမစခင်အထိ ယွင်ဖန်းက ပုံနှိပ်စာအုပ်ကို ကြည့်နေဆဲဖြစ်ကာ ရှေးခေတ် ကဗျာအနည်းငယ်လောက် ပိုမှတ်နိုင်ဖို့ရန် ကြိုးစားလိုက်သည်။
တရုတ်စာကဲ့သို့ ဘာသာရပ်မျိုးက အဆင့်ဆင့်ဆည်းပူးထားဖို့ အရေးကြီးကာ နည်းလမ်းများ နည်းစနစ်များဖြင့် အလျင်အမြန်တိုးတက်လာနိုင်သည့် သင်္ချာနှင့် တစ်ခြားဘာသာရပ်များကဲ့သို့မဟုတ်ပေ။ ထို့ကြောင့် ယွင်ဖန်းက စာမေးပွဲ နီးခါမှ ပြွတ်သိပ်ကျက်ဖို့ အလျင်မလိုခဲ့ပေ။ သူက သူ၏အဆင့် မည်သည့်နေရာတွင် ရှိနေသည်ကို သိချင်ရုံမျှသာ။
ခေါင်းလောင်းသံမြည်လာလေပြီ။ စာမေးပွဲခန်းစောင့်ဆရာက ကျောင်းသားများကို ပုံနှိပ်စာအုပ်များ ဘေးဖယ်ထားပြီး စာရေးကိရိယာပစ္စည်းများကို စစ်ဆေးရန် တိုက်တွန်းကာ မေးခွန်းစာရွက် စဝေလာ၏။
မေးခွန်းစာရွက် ရလိုက်သည့် တခဏမှာပင် ယွင်ဖန်း၏ အတော်လေး ကသိကအောက် ဖြစ်နေခဲ့သည့်စိတ်မှာ နောက်ဆုံး တည်ငြိမ်သွားခဲ့လေသည်။
သင်ယူခြင်းနှင့် အမှတ်များအတွက်သာ မကဘဲသူဟာ အတိတ်ဘဝနှင့် လုံးဝ ကွဲလွဲသည့် လမ်းမျိုးကို ရွေးချယ်ချင်ခဲ့ကာ အကောင်းဆုံးကြိုးစားခဲ့ပြီး တခြားဘဝမျိုး ရနိုင်မည်လားကို ကြည့်ချင်နေမိသည်။
ဤဘဝ၌ သူဘာကို လိုချင်မှန်း မသိခဲ့ပေမဲ့ ရှေ့ဆက်သွားသထပ် သွားနေလျှင်တော့ သူဖြစ်ချင်တာကို ရှာတွေ့လာလိမ့်မည်ပင်။
စာရေးသံများက ယွင်ဖန်းကို တည်ငြိမ်သွားစေသည်။ မေးခွန်းဖြေနေရင်းဖြင့် မိုးရေထဲသို့ တဟုန်ထိုး ပြေးထွက်သွားသော ရိချန်းလျန်၏ ပုံရိပ်က သူ့စိတ်ထဲ ဝင်လာပြန်လေသည်။
သူ မထိန်းနိုင်စွာ ရယ်လိုက်မိတော့သည်။
သုံးရက်တာ စာမေးပွဲနေ့များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ အခန်းသုံး၏ ထိပ်ဆုံးကျောင်းသားများက ဆရာများထံ ဘာသာတိုင်း၏ အဖြေများကို မေးကြပြီး အမှတ်တွေ ခန့်မှန်းကြည့်ကြကာ သူတို့၏အမှားများကို ပြင်ဆင်ကြလေသည်။
ဝူဟယ်က ရူပဗေဒ မေးခွန်းစာရွက်ကိုကိုင်ပြီး စောဒကတက်လာ၏။
"ပြီးသွားပြီ၊ ပြီးသွားပြီ။ ငါ ရူပဗေဒမှာ ရှစ်ဆယ် လောက်ပဲရမယ်ထင်တယ်။ ငါတော့သေပြီ၊ သေပြီပဲ!"
ချန်းချန်ယန်သည်လည်း ပျော်မနေပါချေ။
"လုပ်စမ်းပါ! စုစုပေါင်းအမှတ်က ဘယ်လောက်လဲ?"
အထက်တန်း ပထမနှစ်၌ ဝိဇ္ဇာနှင့် သိပ္ပံတန်းကို မခွဲထားသေးတာကြောင့် တရုတ်စာ၊ သင်္ချာ နှင့် အင်္ဂလိပ် များမှလွဲ၍ အခြားဘာသာများအား ဖလှယ်ဖို့လိုအပ်လေကာ စုစုပေါင်း အမှတ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနှင့် အတူတူပါပင်။ စုစုပေါင်း အမှတ် ၇၅၀ဖြစ်၏။
“အမှတ်ပေါင်း ခြောက်ရာ့ငါးဆယ်လောက်ပဲ"
ဝူဟယ်က ပြောသည်။
"သွားစမ်း၊ လစ်၊ လစ်။ နင်က ငါ့ထက် ဆယ်မှတ် ပိုများနေတယ်။!"
ချန်းချန်ယန်က မထိန်းနိုင်စွာ မျက်လုံးလှန်လိုက်တော့သည်။
အမှတ်ပေါင်း ခုနှစ်ရာ့ငါးဆယ်တွင် ခြောက်ရာ့ရှစ်ဆယ်ရသည်က အဆင့် တစ်ဆယ်ကနေ နှစ်ဆယ်အတွင်းဝင်ဖို့ လုံလောက်ပေသည်။
ဝူဟယ်မှာ မထိန်းနိုင်စွာ ခေါင်းလှည့်လို့ ယွင်ဖန်းကိုမေးလိုက်၏။
"စာလေ့လာရေးနတ်ဘုရားရေ…မင်းရဲ့အမှတ်ကို ခန့်မှန်းပြီးပြီလား?"
ချန်းချန်ယန်ကလည်း စိတ်ဝင်တစားနှင့် ခေါင်းလှည့်လာသည်။
"ဘယ်လောက်လဲ …ခုနှစ်ရာလား?"
"ခုနှစ်ရာထက်ကို နှစ်ဆယ် သုံးဆယ်လောက်တော့ ပိုလိမ့်မယ်"
ဝူဟယ်က မှတ်ချက်ပြုကာ
"ညီအစ်ကိုယွင်ရဲ့အဆင့်က အမြဲတမ်းကောင်းတာပဲကို သူသာ ဆက်ထိန်းထားနိုင်ရင် ရှင်းဟွာမဟုတ်ရင် ပီကင်းထဲ တန်းဝင်နိုင်မှာပဲ!"
ယွင်ဖန်က အမူအယာမဲ့စွာ ပြောလာ၏။
"ငါးရာနဲ့လေး"
"ငါသွားပြီ! အဲ့ဒါက တကယ်ကြီး ခုနှစ်ရာနဲ့လေးတဲ့!"
ဝူဟယ်က ခဏလောက် စိတ်လှုပ်ရှားသွားကာ သဲသဲကွဲကွဲ မကြားလိုက်ပေ။
"အစ်ကိုကြီးရေ၊ မင်းကတော့ ဒဏ္ဍာရီတွင်လောက်အောင်ပါပဲ"
ယွင်ဖန်းက သူနှင့် စကားမပြောချင်ပေ။
ချန်းချန်ယန်က သေချာမကြားလိုက်ရတာကြောင့်ထပ်မေးလာပြန်သည်။
"ယွင်ဖန်း.. နင် ဘယ်လောက်လို့ ပြောလိုက်တာ?"
"ငါးရာနဲ့လေး"
ယွင်ဖန်းက အတော်လေး တည်ငြိမ်စွာပင် ပြောလိုက်၏။
ထိုနေရာ၌ ဘေးမှခိုးနားထောင်နေသူ များ အနည်းငယ်ရှိနေခဲ့ကာ ၎င်းတို့၏မျက်နှာများမှာ ထိုသည်ကိုကြားသည်နှင့် အက်ကွဲသွားလေတော့သည်။
"လာနောက်နေတာလား?"
တစ်ယောက်ယောက်က တိတ်တိတ်ကလေးရေရွတ်လိုက်သည်။
"မင်းက ဘာအတွက် ဟန်ဆောင်နေတာလဲ!"
အတန်းမော်နီတာ ချီရှန်းက အးရောက်လာကာ သူ့ကို ငုံ့ကြည့်လိုက်လျက်
"မင်းက တအားတွေ နှိမ့်ချချင်နေတယ်ပေါ့။တကယ်လို့ မင်းသာ ငါးရာ့လေးမှတ်ပဲရရင် ငါ မင်းကို အဖေလို့ ခေါ်မယ်ကွာ!"
ယွင်ဖန်းက ပုံမှန်အားဖြင့် ကလေးများနှင့် မငြင်းခုန်တတ်ပေမဲ့ သူ့အမှတ်ကို တွက်ချက်ကြည့်ပြီးချိန်၌စိတ်ခံစားချက်က ကောင်းနေတာမဟုတ်ချေ။
ဤသည်ကိုကြားချိန်၌ သူက ခေါင်းညိတ်ကာ ချီရှန်းကိုကြည့်လိုက်သည်။
"ကောင်းပြီလေ။နောက်မှ မေ့မသွားနဲ့"
ချီရှန်းက သူ့ကို တစ်ချက်ကြည့်ကာ ထွက်သွားလေသည်။
"ငတုံးကောင်ကြောင့် အနှောက်အယှက် အဖြစ်မခံနဲ့"
ဝူဟယ်က မျက်မှောင့်ကြုတ်ကာ
"သူက မင်းသူ့ထက်အမြဲသာနေတာကို မနာလိုဖြစ်နေတာ။ဒီတစ်ခေါက်တော့ မင်း သူ့ကို စိတ်ပျက်အောင် နောက်ထပ် အမှတ်နှစ်ဆယ် ထပ်ချလိုက်တယ်တာပဲ”
ယွင်ဖန်း:"....."
ဟင်း…… အတန်းသုံးရဲ့ ပျှမ်းမျှအမှတ်ပေါင်းက သူ့အမှတ်ထက်ကို အမှတ်တစ်ရာကျော်ပိုများနေတာပဲ။
ရလဒ်ကို နောက်အပတ် တနင်္လာနေ့မှာ ကြေငြာလာခဲ့ကာ ကျောင်းသားများက အတန်းအသီးသီး၌ တင်ထားသော အမှတ်များကို ကြည့်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရှော့ခ်ရကုန်ကြလေသည်။
"သေစမ်း၊ ပထမနေရာက ယွင်းဖန်းမဟုတ်ဘူးပဲ!"
"ဒုတိယနေရာမှာလည်း သူမဟုတ်ဘူး!"
"ဘာတွေ ဖြစ်နေတာလဲ? ဒီတစ်ခေါက် ယွင်ဖန်းက စာမေးပွဲ မဖြေလိုက်ဘူးလား?"
"ဟေး၊ နေဦး! အဆင့် ငါးရာနဲ့ ရှစ်၊ ယွင်ဖန်း!"
"သေစမ်း၊ သေစမ်း!"
"အား အား အား--"
ဝူဟယ် ပေါက်ကွဲသွားလေသည်။
"ယွင်ဖန်း..ဘာတွေဖြစ်နေတာလဲ! ဘယ်လိုလုပ်ပြီး အမှတ်ပေါင်းက ငါးရာ့လေးနဲ့ မင်းရဲ့ အဆင့်တွေ အများကြီးကျသွားတယ်! မင်း တမင် လုပ်လိုက်တာလား?"
ယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ပေါက်ကွဲထွက်နေသည့် ရေဝဲများအလယ်၌ သူကသာ တခြားသူများထက်အတည်ငြိမ်ဆုံး ဖြစ်နေခဲ့ကာ
"မဟုတ်ဘူး၊ ငါအကောင်းဆုံး ကြိုးစားခဲ့တာ"
"ယွင်ဖန်း! လောင်ဟဲက မင်းကို ရုံးခန်းကိုလာဖို့ ခေါ်နေတယ်!"
တစ်ယောက်ယောက်က တံခါးကနေ အော်လာ၏။
"လောင်ဟဲရဲ့ မျက်နှာက မဲတူးနေပြီ၊ ဂရုစိုက်ဦး"
ယွင်ဖန်းက အကြောင်းအလန့်မရှိစွာ ရုတ်ရုတ်သဲသဲ လူအုပ်ကြားထဲမှ ထွက်သွားလိုက်၏။
အတန်း တစ်ဆယ်၌၊ ရိချန်းလျန်က အမှတ်ပေါင်း ငါးရာ့ဆယ့်လေးရှိနေပြီး အဆင့် ငါးရာ့ကိုးဆယ့်ခြောက်တွင် ရှိနေသော သူ့ရီပို့ကဒ်ကို ကြည့်ပြီး သန်းလိုက်သည်။
ဟင်း သာမန်ပါပဲ။
သူက စားပွဲထက် လှဲချပြီး တစ်ရေးအိပ်တော့မလို့ပြင်လိုက်စဉ် သူနှင့် သိပ်မဝေးသည့်နေရာမှ အမှတ်စုစုပေါင်း ငါးရာ့လေးနှင့် အဆင့် ငါးရာ့ ရှစ်တွင် ရှိနေသော ယွင်ဖန်း ဟူသည့် နာမည်ပြားတစ်ခုကို ရိပ်ခနဲ ရုတ်တရတ် ဖမ်းမိသွား၏
"ငါလူး!"
သူက ယွင်ဖန်း၏ အမှတ်ပေါင်းကို မယုံနိုင်စွာကြည့်ကာ မျက်နှာက ဆိုးသထက် ဆိုးလာခဲ့သည်။
ယွင်ဖန်း၏ ဘယ်လက်က မသန်နေလျှင်တောင် သူ့ညာလက်၏ စာရေးခြင်းစွမ်းရည်ကို ထိခိုက်စေမှာ မဟုတ်ပေ။ အဘယ့်ကြောင့် သူ့အဆင့်က ဤလောက်ထိ ကျသွားရသနည်း?
ရိချန်းလျန်က ချစ်သူကောင်လေးဖြစ်လာရန် ထိပ်ဆုံးအဆင့် ငါးဆယ်ထဲ ဝင်ရမည့် ကြောက်စရာလိုအပ်ချက်ကို မှတ်မိသွားခဲ့ကာ သူအဆင့်ငါးဆယ်ထဲ မဝင်နိုင်တာကြောင့်ဆိုပြီး ငြင်းခဲ့မိသည့် သူ့စကားများကို ပြန်မှတ်မိသွားခဲ့ပြီး ရုတ်တရက် သိပ်ပြီးနေလို့ မကောင်းတော့ပေ။
ယွင်ဖန်းဟာ အခန်းတစ်ခုထဲမှာ ရှိလိုသည်ကြောင့် သူ့ချစ်သူကောင်လေးအား အဆင့်ငါးဆယ်ထဲ ဝင်စေချင်မည်ပင်။ သူက ပထမနေရာ၌ ခိုင်မာစွဲမြဲစွာ ရှိနေခဲ့တာကြောင့် တခြားသူကိုသာ ပြင်းပြင်းထန်ထန် ကြိုးစားစေခဲ့ရုံ ရှိမည်။ သို့ပေမဲ့ အခုတော့ ထိုသူက အမှန်တကယ်ကို အဆင့် ငါးရာရှစ်ရလာသည်။ သေချာပေါက်ကို ထိူသူ့၏အစစ်အမှန် အဆင့်မဟုတ်လောက်ပေ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာသာ ဖြစ်လိမ့်မည်။
ကြောက်စရာကောင်းသည့် ဖြစ်နိုင်ချေကို တွေးလိုက်မိပြီးနောက် ရိချန်းလျန် ခေါင်းခါလိုက်သည်။
မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"အတန်းဖော်တွေ!"
အတန်းတစ်ဆယ်၏ အတန်းမော်နီတာက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့်စင်မြင့်ထက်မှ အလျင်စလိုအော်လာ၏။
"စာလေ့လာခြင်းနတ်ဘုရားက ငါတို့အတန်းကို ပြောင်းလာပြီ"
ဗြိ!
ရိချန်းလျန်၏ လက်ကတုန်ယင်သွားကာ ရိပို့ကဒ်အား နှစ်ပိုင်းဖြဲမိသွားလေသည်။
အရူးကောင်က သူနဲ့ အခန်းတူဖို့အတွက်လေးနဲ့ စာမေးပွဲကို တကယ်ကြီး ဒီအမှတ်ရအောင် ဖြေလာတယ်ပေါ့။
ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်တဲ့ နှာဗူးကောင်လဲ!
There is No Eng Version