no
<အတန်းပေါင်း၍သင်ကြားခြင်း>
ကာယအတန်းချိန်ပြီးနောက်တွင် ဓာတုဗေဒအတန်းချိန်ဖြစ်၏။ ဓာတုဗေဒဆရာမ၏ မျိုးရိုးနာမည်က လီဖြစ်ကာ ကျောင်းသားများကြား ရေပန်းစားသည့်အရှည်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ပင်။
ဆရာမလီက ဖတ်စာအုပ်ကိုင်ကာ အတန်းထဲ ဝင်လာသည်။
"ကျောင်းသားတို့ ဒီနေ့တော့ ဆရာမတို့တွေ အတန်းငါးနဲ့ အတန်းပေါင်းပြီးသင်သွားမယ်နော်"
စာသင်ခန်းထဲ ဆူညံညံဆွေးနွေးသံများ ပေါက်ကွဲထွက်လာလေ၏။
အတန်းပေါင်း၍သင်ခြင်းဆိုသည်က ငြီးငွေ့ဖွယ်ရာ အထက်တန်းကျောင်းသားဘဝ၏ လမ်းလွှဲတစ်ခုဟု ပြောနိုင်ပေသည်။
အတန်းငါးမှ ကျောင်းသားများက စာအုပ်ကိုယ်စီ ထိုင်ခုံကိုယ်စီဖြင့် အတန်းတစ်ထဲ ဝင်လာကြသည်။ ထိုအတန်းထဲ အသိကျောင်းသားရှိနှင့်ပြီးသော ကျောင်းသားများက သူတို့သူငယ်ချင်းကိုရှာကာ ထိုစားပွဲဆီအတူသွားထိုင်ရင်း တီးတိုး သဖန်းပိုး လုပ်ကြ၏။
အတန်းထဲ ရင်းနှီးသူမရှိသည့် ကျောင်းသားများကတော့ စာသင်ခုံများကြားလျှောက်လမ်းတွင် ဖြစ်စေ စာသင်ခန်းနောက်ဆုံးတွင်ဖြစ်စေ ၎င်းတို့၏ အတန်းဖော်များနှင့်အတူ ထိုင်ကြသည်။ အတန်းခေါင်းလောင်း မမြည်ခင်အထိ အတန်းထဲ ဆူညံပွက်လောရိုက်နေခဲ့၏။
ယွင်ဖန်းက အမြဲလို နောက်ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်တတ်သည်။ သူ့ကို သိကြသူများပုံရပေမဲ့လည်း ထိပ်တန်းကျောင်းသားဟူသည့် ဂုဏ်သတင်းကြောင့် သူ့အနားကို ချည်းကပ်ရဲသူမရှိပါချေ။
သို့ငြား သိပ်မကြာခင်မှာပင် သူ့စာရေးခုံထက်သို့ 'စုန့်ချွင်' ဟု နာမည်တပ်ထားသော ဓာတုဗေဒစာအုပ်တစ်အုပ် ရောက်လာလေ၏။
" ငါတို့ထပ်တွေ့ကြပြန်ပြီနော်၊ အတန်းဖော်ဟောင်းလေး!"
ယွင်ဖန်းမော့ကြည့်လိုက်တော့ သိပ်မကြာသေးခင်က သူ့အတွက် စူပါမားကပ်၌ ကဒ်ဖြတ်ပေးခဲ့သူဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာလဲ၊ ခဏလေးပဲရှိသေးတာတောင် မင်းငါ့ကို မမှတ်မိတော့တာလား?"
စုန့်ချွင်က မျက်လုံးထဲ စနောက်ချင်သည့်အရိပ်အယောင်နှင့်အတူ သူ့ကိုကြည့်လာသည်။
ယွင်ဖန်းက သူ့ကိုခေါင်းညိတ်ပြလိုက်သည်။ စာသင်ရာစင်မြင့်ပေါ်မှ ဆရာမကတော့ စတင်၍ ပို့ချနေပြီပင်။
စုန့်ချွင်က သူ့ခုံကို ချကာ သူ့ဘေး၌ ဝင်လျှက် သူ့ဘက်ကို ခေါင်းစောင်းကာ ကြည့်လာသည်။
"ဒီတစ်လော မင်းအရမ်းပြောင်းလဲသွားတယ်"
ဆရာမလီတွင် အတန်းချိန်အတွင်း အတန်းထဲ စာမေးတတ်သည့် အကျင့်ရှိ၏။ ယွင်ဖန်းက ဓာတုဗေဒ periodic tableကို မှတ်ရင်းဖြင့် အလုပ်ရှုပ်နေခဲ့ကာ သူ့အား အာရုံမပေးအားခဲ့ပေ။
စုန့်ချွင်က သူ့ကို အံ့အားသင့်စွာကြည့်နေခဲ့ပြီးနောက် သူသည်လည်း စာသင်ခြင်းဘက်ကို အလေးအနက်ထား နားထောင်လိုက်တော့သည်။
ထင်သည့်အတိုင်းပင် ဆရာမလီက ယွင်ဖန်းနာမည်ကို ခေါ်လာသည်။ သူက ထရပ်ကာ သတ်မှတ်ထားသည့်အပိုင်းကို အလွတ်ရွတ်ပြလိုက်သည်။ အလယ်ပိုင်းတွင် နည်းနည်းလောက် ထစ်သွားခဲ့ပေမဲ့ အဆုံးမှာတော့ အဆင်ပြေသွားခဲ့သည်ပင်။
ဆရာကိုကြောက်ရွံ့ခြင်းက တကယ့်ကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး ဆယ်ငါးနှစ်အရွယ်ဖြစ်စေ သုံးဆယ့်ငါးနှစ်အရွယ်ဖြစ်စေ မကျော်လွှားနိုင်ပါချေ။
သင်ခန်းစာများကို နားထောင်နေရင်းဖြင့် ယွင်ဖန်းက သူ မရသေးသောအပိုင်းကို ကူးရေးလိုက်သည်။ လက်ရှိ၌ ရူပဗေဒနှင့် ဓာတုဗေဒက သူ့အတွက် အနည်းငယ် ခက်ခဲနေပေမဲ့ သင်္ချာကိုတော့ လိုက်မမှီနိုင်တော့ပေ။ သူ အထက်တန်း ပထမနှစ်မှာသာ ရှိသေးတာကို ရုတ်တရက် ဝမ်းသာမိသွားသည်။ တတိယနှစ်မှာသာဆိုလျှင် ရုန်းကန်ဖို့နေရာရှိမှာ မဟုတ်တော့ပါပေ။
သူ့ဘေးမှာထိုင်နေသည့်စုန့်ချွင်ကမူ စိတ်ပျံ့လွင်စွာဖြင့် သင်ခန်းစာများကို လိုက်နားထောင်ရင်းမှ သူ့ကိုသာ ဆက်တိုက်ကြည့်လျက်ရှိနေသည်။ ကံမကောင်းစွာပင် ယွင်ဖန်းကတော့ စာလေ့လာရင်းသာ အလုပ်ရှုပ်နေခဲ့ပြီး သတိမထားမိခဲ့ပါချေ။
အတန်းပြီးခေါင်းလောင်းမြည်လာချိန်တွင် စုန့်ချွင်မှာ ထိန်းမထားနိုင်တော့။
"ယွင်ဖန်း…မင်းဆီမှာ ငါ့ကိုပြောစရာ ဘာမှ မရှိဘူးလား?"
အတန်းတစ်ချိန်စာ ဓာတုဗေဒ၏ နှိပ်စက်ညှင်းပမ်း ခံထားရသော ယွင်ဖန်းက သူ့အကြမ်းစာအုပ်ထက် အစီစဉ်မကျသည့် ညီမျှခြင်းများ ချရေးနေခဲ့တာဖြစ်သည်။ ပြောလာသည့်စကားကို သူကြားတော့ မျက်လွှာပင့်ကာ သူ့ကို ကြည့်လိုက်သည်။
"ဟွန်?"
သူ့ထံမှ ထိုသိုအကြည့်ခံလာချိန် စုန့်ချွင်မှာ အလိုလို ခါးမတ်လိုက်မိ၏။ မူလပြောတော့မည့်စကားတို့မှာ လည်ချောင်းထဲ တစ်သွားလျက်
"မဟုတ်ဘူး၊ ဘာမှ မဟုတ်တော့ဘူး။ ငါသွားတော့မယ်"
ယွင်ဖန်း၏ အကြည့်တို့မှာ အကြမ်းစာရွက်ပေါ် ပြန်ရောက်သွားခဲ့ကာ ဘောပင်ကိုင်ထားသည့်လက်ဖြင့် ဝတ်ကျေတမ်းကျေယမ်းပြလာသည်။။
အတန်းထဲမှ ထွက်လာပြီးချိန်တွင် စုန့်ချွင်သည် အလိုလို စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချမိသွား၏။ ထူးဆန်းလေသည်။ ယွင်ဖန်း၏ခုလေးတင် သူ့ကိုကြည့်ခဲ့သည့်အကြည့်က အလွန်ကြောက်စရာကောင်းကာ သူ့အဖေ သူ့ကို ဆူငေါက်နေချိန် ကြည့်တတ်သော အေးစက်စက်မျက်လုံးများနှင့်တောင် တူနေလိုက်သေးသည်။
ဖီ ဖီ ဖွ ဖွ !
စုန့်ချွင်တစ်ယောက် သူ့ဖခင်ကိုတောင် အမှတ်တမဲ့ သတိရသွားမိသည့်အဖြစ်ကို ယွင်ဖန်းကတော့ မသိခဲ့ပေ။ သူ့က အတန်းနားချိန်လေးကို အသုံးချကာ သူ့ကိုပေးထားခဲ့သည့် မေးခွန်းစာရွက်များထဲမှ အဖြေမှန်ရွေးသည့် မေးခွန်းဆယ်ခုလုပ်လိုက်သည်။ သူ့ရှေ့ရှိ ဝူဟယ်နှင့် ချန်းချန်ယန်တို့ကတော့ အဖြေတိုက်နှင့်နေကြပြီပင်။
“ယွင်ဖန်း မင်း မေးခွန်းနံပါတ် ဆယ့်နှစ်မှာ ဘာရွေးထားလဲ?"
ဝူဟယ်က ခေါင်းလှည့်ကာ မေးလာ၏။
ယွင်ဖန်းက စကားလုံးအပြည့်ပါသည့် ရွေးချယ်စရာများကို အကြည့်တစ်ချက်ပို့ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ငါ မရွေးရသေးဘူး"
"မင်းရဲ့အရှိန်နှုန်းက သိပ်မကောင်းဘူး"
ဝူဟယ်က ရေရွတ်လာ၏။
"မင်းဆီမှာ ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့ စတိုင်လည်း မရှိဘူး"
ယွင်ဖန်းကနှုတ်ခမ်းတွန့်ကာ သူ့ခေါင်းကို တွန်းလိုက်၏။
"ငါစာလုပ်နေတာကို လာမနှောက်ယှက်နဲ့"
မူလပိုင်ရှင်ကတော့ အတန်းတစ်ချိန်တွင် မေးခွန်းတစ်စုံလောက် လုပ်နိုင်လောက်ပေမဲ့ သူ့အတွက်ကတော့ အတန်းတစ်ချိန်၌ အဖြေမှန်ရွေးရသည့် မေးခွန်း ဆယ်ခုက ကြီးမားသည့် အလုပ်တစ်ခုဟု ပြောနိုင်လေသည်။ လူတိုင်း၏ ဦးနှောက်က အရမ်းကောင်းနေလိမ့်မည်ဟု မည်သူက အမှန်တကယ်ကြီး တွေးမိလိမ့်ပါ့မလဲ?
ယွင်ဖန်က သူ့လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီဖြစ်သည်။ သူက ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ်ပေ၊ သူ့အိုင်ကျူက သာမာန်လူများနှင့် ဘာမှ မကွာလှ။ ယွင်ဖန်း၏ မူလအဆင့်ထိရောက်အောင် အချိန်တိုအတွင်းထိန်းထားနိုင်ဖို့ဆိုသည်က သူ့အနေနှင့် မဖြစ်နိုင်သော်ငြား လုံ့လဝီရိယက နိဗ္ဗာန်ထိပင် ရောက်စေနိုင်သည်မဟုတ်ပါလား။ ထို့ပြင် ယွင်ဖန်း၏ ဒိုင်ယာရီရေးတတ်သည့်အကျင့်ကျေးဇူးကြောင့် မူလပိုင်ရှင်က အသုံးဝင်သညိ့ သင်ကြားရေးနည်းလမ်းများကို မှတ်တမ်းတင်ထားခဲ့လေသည်။
ထို့ကြောင့် ယွင်ဖန််းက သင်ခန်းစာကိုသာ အရင်ဆုံး စိတ်ရှည်ရှည်နှင့် လုပ်ရန် ဆုံးဖြတ်ထားသည်။ အနည်းဆုံးတော့ ပုံမှန်ကျောင်းသားတစ်ယောက်၏ တိုးတက်နှုန်းအထိ အမှီလိုက်နိုင်ရန် လုပ်ရမည်ဖြစ်ကာ ထို့နောက်မှ သူ၏ လက်ရှိအခြေအနေကို ကြည့်၍ ဆရာငှားဖို့ ပစ်မှတ်ထားထားသည်။
ယွင်ဖန်း၏ စာလုပ်ခြင်းအပေါ် ထားသည့် စိတ်ရှည်မှုက သူ တာဝန်များထမ်းဆောင်ရသည့်တုန်းထက်တောင် ဆယ်ဆလောက် ဆွဲဆန့်ထားသေးသည်။
ခုချိန်ကစပြီး မြေအောက်လောကအလုပ်များကို အနားယူလိုက်ပြီဖြစ်ကာ လူကောင်းတစ်ယောက်ဖြစ်လာအောင်လုပ်၍ ကလေးများအတွက် အထူးသဖြင့် ရိချန်းလျန်အတွက် နမူနာကောင်းဖြစ်အောင် လုပ်ပြရမည်ပင်။
ထိုသို့တွေးပြီးနောက် ယွင်ဖန်းသည် လက်ထဲရှိ ဓာတုဗေဒ မေးခွန်းစာရွက်ကို အချစ်နှင့်အမုန်း ဒွန်တွဲလျှက် ကြည့်လိုက်ကာ သူ့ကိုယ်သူ စာလေ့လာမှုထဲ ပစ်ထည့်လိုက်လေတော့သည်။
°°°°°°°
စာလေ့လာနေစဥ်မှာပင် ရက်များက အလျင်အမြန်ပင် ကုန်ဆုံးသွားပြီဖြစ်သည်။ ယွင်ဖန်းက နေ့ဘက်၌ အတန်းထဲက သင်ခန်းစာများကို ကြိုးကြိုးစားစား နားထောင်ကာ ညဘက်၌ အချိန်ပိုအတန်းများ ထပ်တက်သည်။ လူတစ်ကိုယ်လုံးက လေုထုဖိအားနည်းရပ်ဝန်းထဲ နစ်မြုပ်နေခဲ့လျက်ရှိ၏။
ညနေပိုင်း ညစာစားကြချိန်၌ ထန်ရိက ယွင်ဖန်းကို ရုတ်တရက်ပြောလာသည်။
"ထန်ထန်… သား ကိုယ်အလေးချိန်တွေ ကျသွားတာလား?"
ယွင်းဖန်းမှာ နံရိုးကိုက်နေရာမှ တန့်သွားကာ သူမကို အလိုလို ကြည့်လိုက်မိသည်။
"မကျပါဘူး?
"လူဆိုးလေး…နေ့တိုင်း အသားစားနေတာတောင် ဝမလာဘူး"
ယွင်ဟဲယွီက ကြားတော့ ရယ်လိုက်ကာ
"ကိုယ်အလေးချိန် ချချင်နေကြတဲ့ အဲ့ဒီ မိန်းကလေးတွေဆီကနေ မသင်ယူစမ်းပါနဲ့ကွာ"
ယွင်ဖန်းမှာ ခဏလောက် ဆွံ့အမိသွား၏။
"ကျွန်တော်က မိန်းကလေးမှ မဟုတ်တာ"
ယွင်ဟဲယွီက အိုးတို့အမ်းတန်းပြုံးလိုက်ကာ
"ဟုတ်တယ်။ ဟုတ်တယ်။ အဖေတို့မိသားစုရဲ့ ထန်ထန်က ယောက်ျားတစ်ယောက်ပဲ"
ယွင်ဖန်းက နံရိုးကို အာရုံစိုက်ကာ ကိုက်နေလျှက် ရေရွတ်လိုက်သည်။
"ကျွန်တော့်ကို ထန်ထန်လို့ ထပ်မခေါ်ပါနဲ့တော့"
ထန်ရိခေါ်တာကို သည်းခံထား၍ ရသေးပေမဲ့ ဤလူအိုကြီးက သူ့ကို ထန်ထန်ဟုခေါ်နေသည်ကတော့ ရန်ဖြစ်ချင်စဖွယ်ပင်။
"အင်းပါ အင်းပါ၊ အဖေ မင်းကို အဲ့လို ထပ်မခေါ်တော့ဘူး"
ယွင်ဟဲယွီက စိတ်ထဲ ထားမနေပါဘဲ သူ့အား နောက်ထပ် နံရိုးတစ်ဖက် ထည့်ပေးလာပြန်သည်။
ဖခင်အိုကြီးထံမှ ကျွေးမွေးပြုစုခြင်းကို အတင်းလက်ခံလိုက်ရသော ယွင်ဖန်းခမျာ တွန့်ဆုတ်စွာဖြင့်ပင် ထိုလူကို ခွင့်လွှတ်ပေးလိုက်ရတော့သည်။
ညစာစားပြီးနောက် ယွင်ဖန်းက စာကြည့်စားပွဲ၌ အလွန်သတိရှိရှိဝင်ထိုင်ကာ ကိုယ်ပိုင်စာလေ့လာခြင်းအချိန်ကို စတင်လိုက်သည်။ ယခုတော့ သူက အလယ်တန်းတတိယနှစ် ရူပဗေဒကို လေ့လာပြီးတော့မှာဖြစ်၏။ နောက်ဆုံးသင်ခန်းစာကို လှန်လိုက်ချိန်မှာတော့ စာအုပ်ထဲ ထည့်ညှပ်ထားသည့် ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရလေသည်။
လူနှစ်ယောက်၏ ဓာတ်ပုံဖြစ်၏။
ဓာတ်ပုံထဲ၌ ကောင်လေးနှစ်ယောက် ပါဝင်ကာ အနက်နှင့်အဖြူရောထားသည့် အလယ်တန်းကျောင်းဝတ်စုံကို ဝတ်ထားကြပြီး သစ်ပင်အကြီးကြီးတစ်ပင်အောက်ဝယ် ရပ်နေခဲ့ကြသည်။ ယွင်ဖန်း ခေါင်းနည်းနည်းစောင်းလိုက်ရင်း အကြည့်တို့က သူ့ကို ဖက်ထားခဲ့သည့် ကောင်လေးအပေါ် ကျသွားသည်။ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားခဲ့သည်ပင်။
ယွင်ဖန်းကို ဖက်ထားသည့်ကောင်လေးက တောက်တောက်ပပ ပြုံးနေခဲ့ပြီး 'V' ဆိုသည့် လက်ဟန်ကို ယွင်ဖန်း၏ ခေါင်းအထက်၌ လုပ်ထားခဲ့၏။ ထိုသူက သူ့ကိုယ်သူ အတန်းဖော်ဟောင်းဟု အခိုင်အမာဆိုခဲ့သည့် အတန်းငါးမှ စုန့်ချွင်ပင်ဖြစ်လေသည်။
သူက တကယ့်ကို အတန်းဖော်ဟောင်းပင်။
ယွင်ဖန်းက ဓာတ်ပုံကို ယူလိုက်ပြီး တစ်ဖက်ကို လှန်ကြည့်လိုက်တော့ နောက်ကျောထက်၌ ရေးထားသည့် စာတန်းလေးကို မြင်လိုက်ရသည်။
စုန့်ချွင်နဲ့ ယွင်ဖန်း…
ထိုထဲတွင် တုန့်ဆိုင်းစွာအစွန်းထွက်နေခဲ့သည့် စာလုံးတစ်လုံးပါရှိနေကာ မူလက အသည်းပုံဆွဲချင်ခဲ့ပုံရပေမဲ့ အကြောင်းပြချက် တချို့ကြောင့်အတင်းပြန်ရုတ်သိမ်းလိုက်ရပုံပင်။
ဆယ်ကျော်သက်တို့၏ သတိထားနေရသည့် နှစ်သက်သဘောကျနေခြင်း ကဲ့သို့ပါပင်။
ဤသည်က မူလယွင်ဖန်း၏ စရိုက်နှင့် အတော်လေးကိုက်ညီလှပေသည်။
ယွင်ဖန်းက လက်ထဲမှ ဓာတ်ပုံကိုစိုက်ကြည့်ရင်း အံဆွဲထဲမှ မူလပိုင်ရှင် ရေးထားခဲ့သော သေကြောင်းကြံစည်ခြင်း မှတ်စုကို ယူထုတ်လိုက်၏။
အလယ်တန်းမှ အထက်တန်းအထိ အဆင့်တစ်သာရခဲ့ဖူးသော ကောင်းကင်ဘုံ၏ ဂုဏ်ယူရသောသားလေး၌ အကျင့်ဆိုးဆိုသည်မျိုး မရှိကာ မိဘများ၏ ချစ်ခင်ခံရပြီး အတန်းဖော်များနှင့် ရင်းရင်းနှီးနှီးရှိကာ 'ကြိတ်ချစ်ရသူ'ပင် ရှိနေလိုက်သေးသည်။ သို့ငြား သူ့အဆင့်များ ကျဆင်းလာသည်ဟု တွေးမိတာကြောင့် သူ့မိဘများထံ ဖွင့်ဟဝန်ခံလာချိန်၌ မိဘများ၏ ဆူပူမာန်မဲမှုကြောင့် တောင့်မခံနိုင်တော့ဘဲ အိပ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ရွေးချယ်ခဲ့လေခြင်း။
ယွင်ဖန်း မျက်မှောင်ကြုတ်သွားတော့သည်။
သေကြောင်းကြံစည်သည့်မှတ်စုကို စိုက်ကြည့်ရင်း သူခံစားနေရသည့် ကျိုးကြောင်းမညီသည့် ခံစားချက်ပြင်းပြင်းက ဘယ်ကလာသည်ကို နောက်ဆုံးမှာ တွေ့သွားခဲ့ပြီပင်။
ထိုသို့သော ဝေးကွာလွန်းလှသည့် အကြောင်းပြချက်ကြောင့် သေကြောင်းကြံစည်ခြင်းဆိုသည်မှာ ထိပ်တန်းကျောင်းသားတစ်ယောက်၏ အမူအကျင့်နှင့် မကိုက်ညီလှပေ။
ဤကာလများအတွင်း သူက မူလယွင်ဖန်း၏ ဒိုင်ယာရီကို ထပ်ကာ ထပ်ကာ ဖတ်ထားခဲ့တာကြောင့် မူလယွင်ဖန်းက အသေးစိတ်တွေးတတ်ကာ ခိုင်မာသည့် ယုတ္တိဗေဒကို အခြေခံသူတစ်ယောက်ဆိုသည်ကို သူ သိထားခဲ့၏။ စာကြောင်းများကြားမှ ထိုသူ၏ မာနကိုပင် ဝေဝါးဝါး ခံစားနိုင်ခဲ့သည်ပင်။
သူ မူလယွင်ဖန်းနေရာကနေ ဝင်ခံစားကာ တွေးကြည့်လိုက်သည်။ မိဘများဆီက ကြိမ်းမောင်းခံရသော ထိုးနှက်ချက်က စာမေးပွဲမှာ ပထမ မရတာလောက် မကြီးမားလောက်ပါချေ။
ဆိုတော့… မူလပိုင်ရှင်က ဘာလို့ သေကြောင်းကြံစည်ခဲ့ရတာလဲ?
ယွင်ဖန်းမှာ အနည်းငယ် ခေါင်းကိုက်သွားရသည်။ သူက ပုံမှန်အားဖြင့် တခြားသူများကို မည်သို့သတ်ရမည်ကိုသာ စဉ်းစားနေတတ်သူဖြစ်ကာ တခြားသူများ မည်သို့သေဆုံးသွားသည်ကို စုံစမ်းရှာဖွေရခြင်းကတော့ သူ့အတွက် ခက်လှသည်ပင်။
သူက ဓာတ်ပုံကိုကိုင်ထားခဲ့ကာ အကြာကြီးကြည့်နေခဲ့ပေမဲ့ အဖြေမရခဲ့ပေ။ ထို့နောက်မှာတော့ ရူပဗေဒမေးခွန်းစာရွက်ကို ဆွဲထုတ်လိုက်ကာ စာ,စလုပ်တော့သည်။
သင့်၏ အိုင်ကျူက မမြင့်သေးဘူးဆိုလျှင် ယင်းအဓိပ္ပါယ်က မေးခွန်းများ လုံလောက်အောင် မလုပ်ရသေးတာကြောင့် ဟူ၍ပင်။
°°°°°°°°
"နောက် ဗုဒ္ဓဟူးနေ့က လပတ်စာမေးပွဲနေ့ပဲ!"
ဝူဟယ်က စိတ်ပျက်စွာဖြင့် ဂန္တဝင်တရုတ်စာအပြည့်ပါသည့် သူ့ မှတ်စုစာအုပ်ကို လှုပ်ယမ်းလိုက်၏။
"ဘာလို့များ မမှတ်မိနိုင်ရတာလဲလို့!"
ချန်းချန်ယန်က လက်ထဲ ကိုင်ထားသည့် နို့သစ်သီးဖျော်ရည်ကို အလုတ်အနည်းငယ်သောက်လိုက်ကာ
"ရဲဘော်ဝူဟယ် .. စာကိုဆက်ပြီးကျက်နေ။ဒါက နင် အတန်းသုံးမှာ ဆက်နေနိုင် မနိုင်နဲ့ သက်ဆိုင်နေတာလေ"
"ငါထွက်သွားရရင်တော့ သေချာပေါက် နင့်ကိုပါအတူခေါ်သွားမှာ!"
ဝူဟယ်က စိတ်တိုစွာနှင့် စာရွက်ကို လုံးချေလိုက်သည်။
ခေါင်းငုံ့နေသော ယွင်ဖန်းက ဂန္တဝင်တရုတ်စာထဲ မှတ်ချက်များကူးထည့်နေရင်းမှ ဝင်ပြောလိုက်သည်။
"လပတ်စာပေးပွဲနှစ်ခုပြီးရင် အတန်းတွေကို ပြန်စီမှာလား?"
"အဲ့ဒါက တကယ်ကြီး အတန်းခွဲတာဝောာ့မဟုတ်ပါဘူး"
ချန်းချန်ယန်က ဖိုင်အိတ်ထဲမှ မေးခွန်းစာရွက်အပုံလိုက်ကို ကြည့်ရန် ထုတ်လိုက်သည်။
"တကယ်လို့ ဒီအခန်းထဲက တစ်ယောက်ယောက်က ထိပ်ဆုံး ငါးဆယ်ထဲကနေ ကျသွားရင် ပုံမှန်အခန်းဆီ အပို့ခံရမှာ။ တကယ်လို့ ပြန်လာချင်တယ်ဆိုရင်တော့ နောက်လစာမေးပွဲကျရင် ထိပ်ဆုံးငါးဆယ်ထဲ ပြန်ဝင်အောင် လုပ်မှ ရမယ်။ ဒါပေမဲ့ ထိပ်ဆုံးကျောင်းသားတစ်ယောက်ဖြစ်တဲ့ နင်က ဒီပြဿနာကို စိုးရိမ်နေစရာမှမလိုတာ"
မှတ်စုများလိုက်ရေးနေသော ယွင်ဖန်း၏လက်က တန့်သွားလေသည်။ ဤသည်က သူစိုးရိမ်နေသည့်အရာအတိအကျပါပင်။
“သူတို့က ဘယ်အတန်းဆီ ပို့မှာလဲ?"
ယွင်ဖန်းက မေးလိုက်သည်။
"အဆင့်နဲ့ခွဲတာလေ"
ဝူဟယ်ကပြောသည်။
"အတန်းသုံးနဲ့ အတန်းကိုးက စမ်းသပ်အတန်းတွေ။ ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသားအယောက်တစ်ရာက ဒီ နှစ်တန်းမှာရှိတာ။ ကျန်တဲ့သူတွေကတော့ နေရာအနှံ့မှာပဲ။ ဒါက ဘယ်အတန်းက တစ်ယောက်က ထိပ်ဆုံးတစ်ရာထဲ ဝင်လာနိုင်မလဲဆိုတာနဲ့ သက်ဆိုင်တယ်။ နေရာလဲခံလိုက်ရတဲ့ ဘယ်သူမဆိုပေါ့။ငါပြောချင်တာတော့ ဒီ အရွေ့က တကယ့်ကို ရက်စက်ကြမ်းကြုတ်ပြီး ရိုးရိုးရှင်းရှင်းကို ရန်သူတွေ ဖန်တီးနေတာပဲ”
•••••
ရိချန်းလျန်က စာရွက်အကြမ်းပေါ်မှာ သင်္ချာတွက်နေသည်။ စာရွက်တစ်မျက်နှာလုံး ရေးပြီးတာတောင်မှ သူ့မှာ အဖြေမရနိုင်သေးပေ။ သူ ဒေါသထွက်စွာဖြင့် စာရွက်ကို လုံးချေလိုက်ကာ နောက်က အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။
“ရိချန်းလျန်.. မင်းကိုတစ်ယောက်ယောက် ရှာနေတယ်”
တစ်စုံတစ်ယောက်က အော်ပြောလာသည်။
ရိချန်းလျန်က စိတ်မကြည်သည့် အမူအယာဖြင့်ကြည့်လိုက်တော့ အနောက်ဘက်တံခါး၌ ယွင်ဖန်း ရပ်နေသည်ကို မြင်လိုက်ရသည်။
ဤသည်က ပုံကြီးချဲ့တတ်သော စပ်စုလိုသူအများကြီး မဖြစ်စေခဲ့ပေမဲ့ သူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေသူများတော့ ရှိနေသေးလေသည်။ တကယ်တော့ အဆင့်တစ်ရသူ ဆိုသည် ဘွဲ့က အတော်လေး ဆွဲဆောင်မှုရှိကာ သဘာဝတကျပင် ထိုသူလာရှာသောသူအပေါ် လူများက အာရုံစိုက်မိမှာပဲဖြစ်သည်။
ရိချန်းလျန်က တခြားသူများထံမှ အကြည့်ခံရတာကို မကြိုက်ပေ။ သူကထရပ်ကာ ယွင်ဖန်းကို ဆွဲခေါ်သွားလိုက်သည်။ အတန်းတစ်ဆယ်က ခြောက်လွှာမှာရှိတာဖြစ်ကာ အပေါ်ထပ်ကတော့ သော့မခတ်ထားသည့် ခေါင်းမိုးထပ်သာဖြစ်ပြီး လူအနည်းစုသာ ထိုနေရာကို လာတတ်ကြသည်။
"မင်းကဘာအတွက် ငါ့ကိုရှာတာလဲ?"
ရိချန်းလျန်က မသိစိတ်အရ သူ့ဘယ်လက်ကိုကြည့်လိုက်မိသည်။
"မတွေ့တာကြာပြီဆိုတော့ မင်းကို လာကြည့်တာလေ"
ယွင်ဖန်းက ညာဘက်တွင် စာရွက်အိတ်ကိုကိုင်ထား၏။
"ပြီးတော့ မင်းအတွက် တစ်ခုခုယူလာတယ်။"
ရိချန်းလျန်က သူ့အား သံသယဖြင့်ကြည့်လာသည်။
"ဘာကြီးလဲ?"
"သင်ထောက်ကူ ပစ္စည်းတွေ"
ယွင်ဖန်းက မျက်မှန်ကိုတင်လိုက်ကာ စာရွက်အိတ်ကို ကမ်းပေးလိုက်သည်။
"လပတ်စာမေးပွဲက လာတော့မှာ။မင်း ဒါကို လိုအပ်လိမ့်မယ်"
ရိချန်းလျန်က အနည်းငယ် ကသိကအောက်ဖြစ်သွားခဲ့၏။
"ဆရာက မင်းကို ငါ့အတွက် စာကူလုပ်ခိုင်းတယ်ဆိုရင်တောင်မှ အလေးအနက်ကြီး လုပ်ဖို့မလိုပါဘူး။ ဆရာက ဒီအတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်တာပဲနေမှာ"
ယွင်ဖန်းက အလေးအနက်ပြောလိုက်သည်။
"ကျောင်းသားတွေ အချင်းချင်းကူညီပြီး အတူတူ တိုးတက်အောင် လုပ်တာက ဖြစ်သင့်တယ်လေ။"
ရိချန်းလျန်က စာရွက်အိတ်ကို ကိုင်လိုက်သည်။
"ကောင်းပြီလေ၊ မင်းပစ္စည်းလာပေးတာမလား၊ အခုမြန်မြန်ပေးပြီး လစ်တော့"
ယွင်ဖန်းက စိတ်အားထက်သန်စွာဖြင့် ညွှန်ကြားလိုက်သေး၏။
"စာကို ကြိုးကြိုးစားစားလုပ်နော်"
ကြောင်တောင်တောင်နဲ့!
ရိချန်းလျန်က တိတ်တဆိတ် ဆဲရေးလိုက်ကာ တစ်ဖက်လှည့်ပြီး ထွက်သွားဖို့ ဟန်ပြင်လိုက်ပေမဲ့ ရလဒ်အနေနှင့် တစ်ဖက်လူ၏ အနောက်မှနေ ကော်လာဆွဲထားခြင်းကို ခံလိုက်ရလေသည်။
There is No Eng Version