no
<ကြောင်ကလေး>
ဝူမြို့၏ နွေရာသီက အတော်ရှည်လျားသည်။ရှည်လွန်း၍ ဆုံးရော ဆုံးပါ့ဦးမလားဟုပင် ရိချန်းလျန်တွေးဖူးသည်။
ဤသည်က တစ်စုံတစ်ယောက်ကိုသတ်ပြီးနောက် လူငယ်ထိန်းသိမ်းရေးစခန်းသို့ အပို့ခံလိုက်ရသည့် ရိချန်းလျန်၏ အတွေးဖြစ်ပေ၏။
°°°°°°
ကျောင်း၏အသစ်ခင်းထားသော ကတ္တရာလမ်းသည် နေ၏အငွေ့ပျံမှုအောက်တွင် ထူးဆန်းသော အနံ့များ ထွက်နေကာ လမ်း၏ဘေးနှစ်ဖက်ရှိ စိမ်းလန်းစိုပြေသော ဝူးထုံပင်များသည် ကစားကွင်းအဝင်ပေါက်အထိ ရှည်လျားလျှက် အဝေးမှကြည့်လျှင် ဒဏ္ဍာရီပုံပြင်ထဲက မှော်ဆန်သော တောအုပ်တစ်ခုလိုပါပင်။
ယွင်ဖန်းခေါင်းနည်းနည်း ငဲ့ကြည့်လိုက်တော့ သူ့ဘေးမှာလျှောက်နေသည့် လူငယ်လေး၏ ချောမွေ့သည့်ဘေးတိုက်ပုံရိပ်ကို မြင်လိုက်ရသည်။
ရိချန်းလျန်က ကျောင်းမှထုတ်ပေးသည့် အဖြူနှင့်အပြာ ကျောင်းအင်္ကျီကို ဝတ်ထားကာ နက်ပြာရောင်ကျောင်းဘောင်းဘီနှင့် ကွာတော့မလိုဖြစ်နေသည့်ကင်းဗက်ရှူးတစ်စုံနှင့်ဖြစ်ကာ မူလအဖြူရောင်ကင်းဗက်ရှူးက သူ့၏မူလအရောင်ကိုပင် မမြင်ရတော့ပေ။
ယွင်ဖန်း မှတ်မိပါသေးသည်။သူ ထိုရှူးဖိနပ်ကို အလွန်နှစ်သက်ခဲ့ပြီး အတော်ကြာအောင် စီးထားခဲ့ကာ ခြေထောက်နှင့် မတော်တော့သည့်အချိန်မှာတောင် လွှင့်ပစ်ဖို့ ဝန်လေးခဲ့ဖူးပေ၏။
ကင်းဗက်ရှူးထံမှ သူ့အကြည့်ကို ခွာလိုက်ချိန်တွင် ရိချန်းလျန်က သတိနှင့် သံသယအပြည့်ဖြစ်နေသည့်မျက်နှာဖြင့် သူ့ကိုကြည့်နေတာကို တွေ့လိုက်ရသည်။ နှာဘူးတစ်ယောက်အား ကြည့်သည့်အကြည့်မျိုးပါပင်။
ယွင်ဖန်းက သူ့အကြည့်ကို ပေါ့ပေါ့ပါးပါးပင် ပြန်ရုတ်သိမ်းလိုက်၏။ အမှတ်တစ်အထက်တန်းကျောင်း၏ ကစားကွင်းက အတော်ကြီးလှသည်။ ဝူဟယ်နှင့် ကျန်းကျဲဟိုင်တို့က အတန်းသုံးမှ အတန်းဖော်များနှင့်အတူကစားကွင်း၏ အနောက်ဘက်နားတွင် ဘက်စကတ်ဘောကစားနေခဲ့ကြသည်။ ထိုနေရာကိုရောက်ဖို့ရန် ကစားကွင်းကိုအဝေးကြီး ဖြတ်သွားရဦးမှာဖြစ်ကာ ကွင်းထဲ၌ အရိပ်မရှိပေ။ သူက မလှုပ်ရှားချင်စိတ်အနည်းငယ်ဖြင့် ကစားကွင်းအဝင် သစ်ပင်ရိပ်အောက်တွင်ရပ်လိုက်သည်။
"သွားကြစို့လေ"
ရိချန်းလျန်ကသူတပါးဒုက္ခရောက်ရခြင်းကို သဘောကျစိတ်အနည်းငယ်နှင့်အတူ သူ့ရှေ့ရှိ ဖြူဖွေးနူးညံ့သည့် မျက်နှာဖြူလေးနှင့်လူကို ကြည့်လိုက်၏။ ထိုလူတွင် ခွန်အားလုံးဝမကျန်တော့သည်မှာ သိသာလှပေသည်။
ဤသို့သော လျှို့ဝှက်စွာရှုံ့ချမှုနှင့် ကျေနပ်နေမှုက ယွင်ဖန်း၏မျက်လုံးထဲ အတော်လေးမြင်သာလှပေမဲ့ ယနေ့မှာ သူအလွန် ပင်ပန်းနေခဲ့တာကြောင့် သူက ဝူဟယ်ထံသို့ လက်ညှိုးထိုးကာ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး၊ ခရီးတိုလေးတစ်ခုပြေးပေးပါဦး"
ရိချန်းလျန်က အေးစက်စက်ရယ်လိုက်ကာ ဖြတ်သွားသည့်ကျောင်းသားတစ်ယောက်ကိုလှမ်းဆွဲထားလိုက်သည်။ ထိုကျောင်းသားကောင်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကိုကြည့်လာ၏။
"အစ်ကိုရိ?"
"ဒါကို ဘက်စကတ်ဘောကစားနေတဲ့ အတန်းသုံးကလူတွေဆီ ပို့ပေး။ ယွင်ဖန်းဝယ်ပေးတာလို့ပြောခဲ့"
ရိချန်းလျန်က သူ့ထံ မေးငေါ့ပြလာ၏။
"ကောင်းပါပြီ"
ကျောင်းသားကောင်လေးက အကြောင်းပြချက်တချို့ကြောင့် ထိုအလုပ်ကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံကာ လက်ထဲမှာ ရေဘူးများပိုက်လို့ ကွင်းအနောက်ဘက်ဆီသို့ ပြေးသွားလေသည်။
ယွင်ဖန်းက သူ့၏တိုတောင်းခဲ့သော အထက်တန်းကျောင်းသားဘဝ၌ ထိုသို့သော အနိုင်ကျင့်တတ်သူတစ်ယောက်ဖြစ်ခဲ့ဖူးသလား မမှတ်မိတော့ပေမဲ့ သိသာစွာပင် လက်ရှိရိချန်းလျန်ကတော့ ထိုနှယ်ဖြစ်နေခဲ့ပေသည်။
ရိချန်းလျန်က ကောက်ညှင်းထုတ်ကဲ့သို့ စည်းနှောင်ထားသည့် သူ့ဘယ်လက်ကိုစိုက်ကြည့်လာ၏။
"ဟေး၊ မင်းရဲ့လက်အဆင်ပြေရဲ့လား?"
ယွင်ဖန်းက မသိစိတ်ဖြင့် ဘယ်လက်ကိုလှုပ်လိုက်မိကာ အလေးအနက်ပြောလိုက်သည်။
"ဒေါက်တာပြောတာတော့ အာရုံကြောတွေကို ဖြတ်မိလုနီးပါးပဲတဲ့။နည်းနည်းလောက် ထပ်နက်သွားခဲ့ရင်သုံးမရဖြစ်သွားလိမ့်မယ်ပြောတာပဲ"
"အာ"
ရိချန်းလျန်၏ စူးစိုက်သည့်အကြည့်က သူ့လက်ကနေ ရွှေ့သွားခဲ့ကာ ယွင်ဖန်း၏ မျက်နှာထက်ရောက်သွားခဲ့ပြီး အနည်းငယ် ဂဏာမငြိမ်ဟန်ဖြင့်
"အဲ့ဒါက....မင်းရဲ့စာလေ့လာမှုကို ထိခိုက်သွားစေနိုင်လား?"
ယွင်ဖန်းက တကယ်တော့ ပေါ့ပေါ့ပါးပါးလှည့်စားနေခဲ့ရုံသာဖြစ်ကာ ထိုသူ၏စူးစိုက်စိုက်အကြည့်နှင့် ရုတ်တရက်ဆုံရချိန်မှာတော့ အနည်းငယ် ကြောင်အမ်းသွားရသည်။
သူက မှန်ကြည့်ဖြစ်တာရှားပါး၏။ တခြားသူများက သူ၏ကြည့်ကောင်းမှုကို ချီးကျူးကြလျှင် သူက ပုံမှန်အားဖြင့် ရယ်နေခဲ့ရုံသာလုပ်ဖြစ်ခဲ့တာပင်။
ချောနေတာက ဘာအသုံးဝင်လို့လဲ?
ယင်းက ဗိုက်မပြည့်စေပါချေ။ သူက ဒဏ်ရာဆေးထည့်ဖို့သာ မှန်ကြည့်ဖြစ်တာဖြစ်သည်။ မှန်ထဲရှိလူက မှုန်မှိုင်းမှိုင်းအကြည့်နှင့် စူးရှသည့်အမူအယာသာရှိကာ ဖျောက်မရနိုင်သည့် သွေးနံ့ဖြင့် ဝန်းရံနေခဲ့သူပင်။
သို့သော်လည်း သူ့ရှေ့ရှိ ရိချန်းလျန်က သူ့မှတ်ဉာဏ်ထဲကနှင့် လုံးဝ ကွဲလွဲနေခဲ့လေသည်။
ရိချန်းလျန်က နေရောင်အောက်တွင်ရပ်ကာ သူ့ကို ဗလာဖြစ်စွာ စိုက်ကြည့်နေခဲ့၏။ သူ့မျက်ခုံးကအနည်းငယ် တွန့်နေခဲ့ကာ မျက်လုံးထဲ လေးနက်မှုအပြည့်နှင့်ဖြစ်သည်။
သူ့ကိုကြည့်ရသည်မှာ ဒဏ်ရာက ယွင်ဖန်း၏ စာလေ့လာမှုအပေါ် သက်ရောက်မှုရှိမည်ကို တကယ်ကြီး စိုးရိမ်နေပုံပါပင်။
မှင်သက်မိနေရင်းပင် ယွင်ဖန်းသည် ရုတ်တရက်ဆိုသလို သူငယ်စဉ်က ကျောင်းဆက်တက်နိုင်ခဲ့ကြသည့် ရွယ်တူများကို တကယ်ကြီး အားကျခဲ့ဖူးသည်အား မှတ်မိသွားခဲ့၏။ သူသည်လည်း စာကြိုးစားကာ တက္ကသိုလ်တက်ပြီး အပြင်လောကကြီးကို ကြည်နိုင်ရန် တွေးခဲ့ဖူးသည်ပင်။
သို့ပေမဲ့ သူ့ဘဝက ထိုဓားတစ်ချောင်းဖြင့် ရုတ်ချည်းဆုံးခန်းတိုင်သွားခဲ့ရသည်။ သူ့၏ စိတ်ကူးယဥ်မှုများဟာ ထိုနွေရာသီ၌ ရုတ်တရက်ဆန်စွာ ရပ်တန့်ခံလိုက်ရကာ ယခုထိုအကြောင်း တွေးကြည့်လိုက်တော့ ၎င်း၏ ကမောက်ကမဖြစ်သွားခဲ့သည့် အချက်ကို မေ့နေခဲ့သည်အား သိလိုက်ရလေသည်။
"စောက်ကျိုးနဲ! မင်း ငိုတော့မလို့လား?"
ရိချန်းလျန်၏အနည်းငယ် အထိတ်တလန့်ဖြစ်သွားသော အသံက ယွင်ဖန်းအား အသိပြန်ဝင်လာစေ၏။
ယွင်ဖန်းက သူ့အား အမူအယာမဲ့စွာ စိုက်ကြည့်လိုက်လျက်
"မင်းဘာပြောလိုက်တယ်"
ရိချန်းလျန်မှာ သူ့၏ လူသတ်တော့မလိုအကြည့်ကို စိုက်ကြည့်မိသွားတော့ ရှင်းမပြနိုင်စွာဖြင့် နောက်ကျောမှ အေးစက်လာသည်ကို ခံစားလိုက်ရပြီး ယုံကြည်ချက်တချို့ ပျောက်ဆုံးစွာဖြင့် ပြောလိုက်သည်။
"မင်းရဲ့ ဆေးဖိုးကုန်ကျစရိတ်ကို ငါပေးမယ်"
ယွင်ဖန်းက အေးစက်စွာ ငြင်းပယ်လိုက်၏။
"မလိုဘူး"
ရိချန်းလျန် မျက်မှောင်ကြုတ်သွားပြန်သည်။
"မင်း-"
ယွင်ဖန်းသည် ရိချန်းလျန်ကို အိမ်ပြန်လိုက်ပို့ခဲ့စဉ်က အနှီလူ၏ “ပိုင်ဆိုင်မှု”များကို ရေတွက်ကြည့်ခဲ့ဖူးသည်။ယွမ်တစ်ထောင်ကျော်ရှိပြီး ဤစာသင်နှစ် ကုန်ကျစရိတ်အားထောက်ပံ့ပေးနိုင်ထျေတော့ရှိသည်။ သို့ငြား နောက်စာသင်နှစ်၏ ကုန်ကျစရိတ်ကို တတ်နိုင်ပါဦးမလားဆိုတာတော့ သူ သိပ် မသေချာပါချေ။
ဤသို့တွေးကြည့်ချိန်၌ ယွင်ဖန်း၏မျက်လုံးတို့က အေးစက်လာပေမဲ့ သူ့ရှေ့ရှိ ရိချန်းလျန်၏ရှုပ်ထွေးနေသောအကြည့်ကိုမြင်ရလိုက်တော့ သူ့မှာ မထိန်းနိုင်ဘဲ ရယ်မိတော့သည်။
ထိုသူက ဆေးဖိုးပေးရန် ပိုက်ဆံမလုံလောက်မည်ကို ကြောက်နေသည်ပင်။
ယွင်ဖန်းဟာ ဆင်းရဲမွဲတေမှုနှင့်အခက်ခဲများကို ကြာရှည်လှသည့် အချိန်ကာလတစ်ခုအထိ တွေ့ကြုံခဲ့ရဖူးသည်။ ထိုအချိန်အတွင်းတုန်းက သိမ်ငယ်မှုနှင့် အထိမခံနိုင်ခဲ့မှုတို့သည် ပြင်ပလူများအား အသိမခံစေခဲ့ပေမဲ့ သူ့ရှေ့ရှိ ရိချန်းလျန်ကို ကြည့်ရချိန်မှာတော့ နှလုံးသားထဲကနေ ရှင်းမပြနိုင်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
ခုချိန်မှာ သူဟာ သူ့အတွက်သူ စိတ်မကောင်းဖြစ်ရသေးသည်။
ကံမကောင်းစွာပင် ရိချန်းလျန်ကတော့ မူလယွင်ဖန်းနှင့် မတွေ့ခဲ့ရချေရာ သူ့ကိုယ်သူ စိတ်မကောင်းမဖြစ်ခဲ့ရ။
"အရွယ်ရောက်ပြီးသူ" အနေဖြင့် သူသည် ဆယ်ကျော်သက်အရွယ် မိမိကိုယ်ကို "ပြုစုပျိုးထောင်" ရန် တာဝန်ရှိပြီး ပြဿနာအိုးဆယ်ကျော်သက်ဘဝသို့ လျှောက်လှမ်းနေချိန်တွင် လမ်းကြောင်းမှန်ပေါ်သို့ သူ့ကိုယ်သူ ပြန်ဆွဲထုတ်ရန် တာဝန် ရှိပေသည်။
ဒါကို သူ့နောင်တတရားတွေအတွက် ပြန်လည်စတင်ဖို့နှင့် ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးဟုပင် မှတ်လိုက်မည်။
ရိချန်းလျန်တစ်ယောက် လုံးဝကွဲပြားသည့် ဘဝမျိုးရသွားနိုင်သည်လည်း ဖြစ်သွားနိုင်သည်ပင်။
ယွင်ဖန်း၏စိတ်ထဲ ဤစိတ်ကူးကရုတ်တရက် ပေါ်လာချိန်မှာတော့ သူ့ကိုယ်ထဲက သွေးများဆူပွက်လာလုနီးပါးဖြစ်လာခဲ့ရတော့သည်။
ယွင်ဖန်း၏ တောက်လောင်မတတ်အကြည့်ဖြင့် စိုက်ကြည့်ခံနေရသော ရိချန်းလျန်ခမျာ သူ့ကိုယ်သူအသားဝဝတစ်တုံး ဖြစ်လာသလို ခံစားလိုက်ရကာ သူ့ရှေ့က ဝံပုလွေက ပါးစပ်ကြီးနှင့်အပြည့် မြိုချပစ်တော့မည်ဟုပင် ခံစားလာရသည်။
သူ မသိစိတ်အရ နောက်ဆုတ်ဖို့ ဟန်ပြင်လိုက်ပေမဲ့ သူ့ခေါင်းပေါ်ကို တစ်ဖက်လူက အသာပုတ်လာကာ မရှင်းလင်းသောအဓိပ္ပါယ်ပါသည့် ရယ်သံကိုချန်ထားခဲ့လေသည်။
ယွင်ဖန်းက သူ့ခေါင်းကိုပုတ်ပြီး ပျော်ပျော်ကြီး ထွက်သွားတယ်ပေါ့လေ!
"ငါလူးကောင်! နောက်တစ်ခေါက် ငါ့ခေါင်းကို ထိရဲရင် ထိကြည့်စမ်း!"
ရိချန်းလျန်က သူ့နောက်ကနေ ကျိန်ဆဲလေတော့သည်။
ကြောင်လေး အမွေးထောင်နေတာကျရော။
ယွင်ဖန်း၏ မျက်နှာထက်ရှိ အပြုံးကမူ ပို၍ ရွှင်မြူးလာခဲ့လျက်သား။
There is No Eng Version