အခန်း (၈) ထိပ်တန်း ဝိညာဉ်အမြစ်
သူသည် ဟူရှီယောင်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။
သူသည် ဟူရှီယောင်ကို အမှန်တကယ်ပင် နမ်းခဲ့မိပြီ။
တကယ်လို့သာ သူမ၏အဖေက သူ၏သမီးကို စော်ကားခဲ့ကြောင်း သိသွားပါက သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မည် မဟုတ်ပေဘူးလား။
ဤအကြောင်းကို တွေးမိရုံမျှဖြင့် ဝူရှန်း၏ ဆံပင်ဖျားများပင် ထောင်လာခဲ့သည်။
"မင်းက မြို့သခင် အိမ်တော်ရဲ့ သမီးအကြီးဆုံးလား"
ဟူရှီယောင်ဘက်သို့ လှည့်ကာ ဝူရှန်းက မေးလိုက်သည်။
ဝူရှန်း၏ အံ့ဩနေသော အမူအရာကို မြင်လိုက်ရသဖြင့် ဟူရှီယောင်က မာန်ဝင့်စွာ ပြုံးလိုက်သည်။
"ဘာလဲ... ကြောက်သွားပြီလား"
ဟူရှီယောင်က အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။
ဟူရှီယောင်၏ ဒီလိုပုံစံကို မြင်လိုက်ရသောအခါ ဒီမိန်းကလေးငယ်လေးမှာ တကယ့်ကိုပင် ချစ်စရာကောင်းလှသည်ဟု ဝူရှန်း တွေးမိလိုက်သည်။
အနည်းဆုံးတော့ သူမသည် သခင်မလေးတစ်ဦး၏ အနေအထားကို အသုံးပြုကာ ဝူရှန်းကို ဘယ်သောအခါမှ မည်သည့်အရာမျှ အတင်းအကြပ် မလုပ်ခိုင်းခဲ့ပေ။
ဝူရှန်း၏ ဟူရှီယောင်အပေါ် ထားရှိသည့် အမြင်မှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"ဘာဖြစ်လို့လဲ သခင်မလေး..."
ပြောဆိုရင်း ဟူရှီယောင်၏ နဖူးကို ဝူရှန်းက လက်ညှိုးဖြင့် တစ်ချက် ဖျစ်ညှစ်လိုက်သည်။
"အား... ရှင့်က တကယ်ပဲ ကျွန်မကို ရိုက်တာလား"
ဟူရှီယောင်က ဝူရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ထပ်မံ ကိုက်လိုက်ပြန်သည်။
ဘေးတွင် ရပ်နေသော လျိုချင်းရွှမ်းမှာမူ ထိုသူနှစ်ဦး လုံးထွေး ရုန်းကန်နေကြသည်ကို မြင်လိုက်ရသဖြင့် ပြုံးမိဘဲ မနေနိုင်တော့ပေ။
ဝူရှန်းလည်း ကယ်တင်ပေးရန် တောင်းဆိုရုံမှတပါး အခြားရွေးစရာ မရှိတော့ပေ။
"ဟူရှီယောင်.. အားလုံးက ငါ့အပြစ်ပါ.. လွှတ်ပါတော့..."
ဝူရှန်းက သနားစရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။
"အရည်အချင်းပြည့်မီတဲ့ တပည့်တွေ အားလုံး ဝိညာဉ်သင်္ဘောပေါ် တက်ကြပါ..."
ဟွမ်ထျန်းဂိုဏ်း၏ တာဝန်ခံက ထပ်မံ အော်ပြောလိုက်သည်။
ဝူရှန်းတို့ အုပ်စုလည်း ဝိညာဉ်သင်္ဘောဆီသို့ ရောက်ရှိခါနီးအချိန်တွင်...
"ရှီယောင်.. ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ဂရုစိုက်ပါ"
အသံနှင့်အတူ အလတ်ပိုင်းအရွယ် လင်မယားနှစ်ဦး လျှောက်လာကြသည်။
အမျိုးသားမှာ ထက်ရှက်သော မျက်ခုံးများ.. တောက်ပသော မျက်လုံးများ ရှိပြီး သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသည်။
အမျိုးသမီးမှာမူ ယခုထက်ထိ ဆွဲဆောင်မှုရှိဆဲဖြစ်ပြီး ဟူရှီယောင်နှင့် ပုံစံချင်း အနည်းငယ် ဆင်တူနေသည်။
"အမေ..." ဟူရှီယောင်က အပြေးအလွှား သွားရောက်ကာ ထိုအမျိုးသမီး၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့သည်။
"ဒီလောက်ကြီးနေပြီ.. အခုထိ ကလေးလိုပဲ လုပ်နေတုန်းပဲ"
ဟူရှီယောင်၏ ခေါင်းကို အမျိုးသမီးက ပုတ်ပေးလိုက်သည်။
"ဟမ့်…အားလုံးက မင်း သူမကို အလိုလိုက်ထားလို့ ဖြစ်တာပဲ" ထိုအမျိုးသားက နှာတစ်ချက် ရှုံ့လိုက်သည်။
အမျိုးသမီးက ဟူရှီယောင်ကို မျက်စိတစ်ဖတ် မှိတ်ပြလိုက်သည်။
ထို့နောက် ဟူရှီယောင်သည် ထိုအမျိုးသားထံသို့ ပြေးသွားကာ ဖက်လိုက်သည်။
မကြာသေးမီက လူကြမ်းပုံစံဖြင့် ရှိနေခဲ့သော ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ဟမ့်…ရှင်ကရော ဘာထူးလဲ”
အမျိုးသားလည်း သူမိန်းမကိုပြန် ငြင်းခုံနေမည် မဟုတ်ပေ မည်သို့ပင် ပြောဆိုနေစေကာမူ တိတ်ဆိတ်စွာနေလိုက်ခြင်းက အကောင်းဆုံးပင်..
"မြို့သခင်.. ကျွန်တော်တို့ စတင် ထွက်ခွာတော့မှာ ဖြစ်ပါတယ် ..." ဟွမ်ထျန်းဂိုဏ်း၏ တာဝန်ခံက မြို့သခင်ကို ပြောရင်း နှုတ်ဆက်လိုက်သည်။
မြို့သခင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ရှီယောင်.. ဂိုဏ်းထဲရောက်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ"
ဟူရှီယောင်ကို လက်လွှတ်လိုက်ရင်း ချစ်ခင်တွယ်တာစွာဖြင့် မြို့သခင်က ပြောလိုက်သည်။
"ဖေဖေနဲ့ မေမေ.. သွားတော့မယ်နော်..."
ဟူရှီယောင်က သူတို့နှစ်ဦးကို လက်ပြနှုတ်ဆက်လိုက်သည်။
ထို့နောက် သူမသည် လှည့်ထွက်သွားပြီး ဝူရှန်းနှင့်အတူ ဝိညာဉ်သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။
ဝိညာဉ်သင်္ဘောကြီး ဝေးရာသို့ ပျံသန်းသွားသောအခါ...
"ရှီယောင်က သူ့ဘေးက အမျိုးသားတပည့်ငယ်လေးအပေါ် စိတ်ဝင်စားနေတယ်လို့ မင်း မထင်ဘူးလား"
ထိုအမျိုးသားအား အမျိုးသမီးက မေးလိုက်သည်။
ထိုအမျိုးသားကမူ ထိုမျှလောက် များပြားလှသော အသေးစိတ်အချက်အလက်များကို သတိမထားမိခဲ့ပေ။
“ဟမ်... အဲ့ဒီ အမျိုးသားတပည့်လေးက ဘယ်ကလာတာလဲ.. သူ့ရဲ့ နောက်ခံက ဘာလဲ သူ့ရဲ့ ကိုယ်ကျင့်တရားက ဘယ်လိုလဲ"
မေးခွန်းများအားလုံးကို တစ်ဟုန်ထိုး အမျိုးသားက မေးမြန်းလိုက်သည်။
သူမသည် သူ၏မေးခွန်းကို မဖြေဘဲ မြို့သခင် အိမ်တော်ဆီသို့ လျှောက်သွားခဲ့သည်။
...
ဝိညာဉ်သင်္ဘောပေါ်တွင်...
"ငါ့အဖေကို မြင်တော့ မင်း ကြောက်သွားလား"
အဓိပ္ပါယ်ပါပါဖြင့် ဟူရှီယောင်က ဝူရှန်းကို မေးလိုက်သည်။
ဝူရှန်းကမူ ကလေးတစ်ယောက်လို အလိုလိုက်ခံထားရသည့် သခင်မလေးကို လုံးဝ ဂရုမစိုက်ပေ။
အချိန်ကာလများမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟွမ်ထျန်းဂိုဏ်းသည် အန်းပင်းမြို့မှ မဝေးလှပေ။
ဝိညာဉ်သင်္ဘောသည် ဟွမ်ထျန်းဂိုဏ်းအတွင်းသို့ တိုက်ရိုက် ပျံသန်းသွားကာ ဆိုက်ကပ်ရာနေရာတွင် ဆင်းသက်လိုက်သည်။
"မင်းတို့မှာ နောက်ဆုံး စာမေးပွဲတစ်ခု ကျန်ပါသေးတယ် ဝိညာဉ်အမြစ် စစ်ဆေးခြင်းပါပဲ…ဝိညာဉ်အမြစ်အပေါ် မူတည်ပြီး တောင်ထိပ်သခင် တစ်ဦးစီက သင့်လျော်တဲ့ တပည့်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်"
ဟွမ်ထျန်းဂိုဏ်း၏ တာဝန်ခံက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ဝိညာဉ်သင်္ဘောပေါ်တွင် လူဒါဇင်အနည်းငယ်သာ ပါရှိသော်လည်း မြို့ကြီးများအားလုံးမှ စုစုပေါင်း လူဦးရေမှာမူ အတော်ပင် များပြားလှပေသည်။
ဝူရှန်းနှင့် သူ၏ အုပ်စုသည် ဝိညာဉ်အမြစ် စစ်ဆေးရေးစင်မြင့် ထံသို့ ရောက်ရှိလာခဲ့ကြသည်။
လူအများအပြား ရှိနေကြပြီး အလွန်တရာ ဆူညံပွက်လောရိုက်နေခဲ့သည်။
ဝူရှန်းလည်း သူတို့၏ ပြောဆိုချက်များကို သေချာစွာ နားထောင်နေခဲ့သည်။
"ဂျူနီယာညီလေးလီ မင်းရဲ့ အဆင့်နိမ့် ဝိညာဉ်အမြစ်နဲ့ဆို တကယ်ပဲ အစေခံတပည့်အဖြစ်ပဲ ဝင်လို့သင့်လျော်တာလား"
"ဟူး... ကျင့်ကြံခြင်းအဆင့်က ဘာမှ မဆိုလိုပါဘူး ဝိညာဉ်အမြစ်ကသာ နောင်အနာဂတ်မှာ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးတာပါ"
"အစ်ကိုဝမ်… ဂိုဏ်းထဲကို ဝင်နိုင်မယ်ဆိုရင် တရားဝင်တပည့် ဟုတ်သည်ဖြစ်စေ.. မဟုတ်သည်ဖြစ်စေ ဂရုမစိုက်ပါဘူး"
"အကောင်းမြင်တာ အကောင်းဆုံးပါပဲ။ ကျုပ်တို့လို တောင်ထန်းရွာက လာတဲ့လူတွေအတွက်တော့ ကျင့်ကြံနိုင်တာကတင်ကို ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်နေပါပြီ"
သူတို့ပြောဆိုနေသည်များကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ စိတ်ထဲတွင် အနည်းငယ် မလုံမခြုံ ဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အဆင့်မြှင့်တင်ရန် စနစ်ကိုသာ အမှီပြုနေရသည့် အတုအယောင် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ဒီစစ်ဆေးမှုကို အောင်မြင်မည်.. မအောင်မြင်မည်ကိုလည်း မသေချာပေ။
သူသည် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
ဝူရှန်း မျက်မှောင်ကြုတ်နေသည်ကို ဟူရှီယောင်က မြင်လိုက်ရပြီး မျက်တောင်ခတ်လိုက်သည်။
"ဝူရှန်း.. ဘာဖြစ်လို့လဲ.. ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ"
ဟူရှီယောင်က မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
ဝူရှန်းက ရှက်ပြုံးပြုံးကာ ပြောလိုက်သည်။
မွှေးတံတစ်တိုင် မီးလောင်ပြီးသွားချိန်တွင်...
အစွမ်းထက်သော ကျင့်ကြံသူ အများအပြားသည် ကောင်းကင်မှနေ၍ ပျံသန်းလာကြသည်
တာဝန်ခံက အားလုံးကို ကြေညာလိုက်သည်။ "တပည့်အားလုံး တောင်ထိပ်သခင်အားလုံးကို လာရောက် နှုတ်ဆက်ကြပါ"
" တောင်ထိပ်သခင်ကြီးများကို.. နှုတ်ဆက်ပါတယ်"
အားလုံးက တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။
ဝူရှန်းသည် ကောင်းကင်ထက်ရှိ တောင်ထိပ်သခင် အများအပြားဆီသို့ မော့ကြည့်လိုက်သည်။
သူတို့ထဲတွင် လှပသော အမျိုးသမီး တောင်ထိပ်သခင် အချို့လည်း ပါဝင်နေသည်။
တကယ်လို့သာ သူသာ ထိုသူများကို နမ်းလို့ရမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်သို့ ထိုးတက်သွားမည်လားဟု သူ တွေးတောမိလိုက်သည်။
သူ၏ မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ရှင် ဘာတွေ တွေးပြီး ပြုံးစိစိ လုပ်နေတာလဲ။ အမျိုးသမီး တောင်ထိပ်သခင် တစ်ယောက်ယောက်ကိုများ သဘောကျသွားလို့လား"
ဘေးမှ ဟူရှီယောင်က ဝူရှန်းအား လှောင်ပြောင်လိုက်သည်။
ဝူရှန်း၏ စိတ်ကူးယဉ်ဆန်ဆန် အတွေးများကို ဟူရှီယောင်က ဖြတ်တောက်လိုက်သဖြင့် သူသည် မျက်နှာထားကို ပြန်လည် တည်တင်းလိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါက တောင်ထိပ်သခင်တွေ အားလုံးအပေါ် အလွန်တရာ လေးစားမှု ရှိပါတယ်"
ဝူရှန်းက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
အကြံအစည်များ ရှိနေစေကာမူ သူ ဘာမှ ထုတ်ပြောမည် မဟုတ်ပေ။
"ရှင်ပြောတာကို ကျွန်မက ယုံမယ်လို့ ထင်နေတာလား"
မယုံကြည်နိုင်သော အကြည့်ဖြင့် ဟူရှီယောင်က မေးလိုက်သည်။
ဝူရှန်းကမူ ပခုံးတစ်ချက်တွန့်ပြလိုက်ပြီး မယုံကြည်လျှင်လည်း မတတ်နိုင်ကြောင်း အဓိပ္ပာယ်ဖော်ပြလိုက်သည်။
သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေကြစဉ်မှာပင် အားလုံးသည် ဝိညာဉ်အမြစ်များကို စတင် စစ်ဆေးနေကြပြီ ဖြစ်သည်။
"နောက်တစ်ယောက်..."
"အဆင့်နိမ့် ဝိညာဉ်အမြစ်.. အစေခံတပည့်..."
"နောက်တစ်ယောက်..."
"ဝင်ချင်တဲ့ တောင်ထိပ်ကို သွားပြီး ရွေးချယ်ပါ..."
"နောက်တစ်ယောက်..."
"သာလွန်ကောင်းမွန်သော ဝိညာဉ်အမြစ်..."
ထိုစကားကို ဆုံးသည်နှင့် တောင်ထိပ်သခင် အားလုံးသည် ထိုသူ၏ ရှေ့သို့ ရောက်ရှိလာကြသည်။
"ငါ့ရဲ့ ထျန်းကျန့် တောင်ထိပ် (ကောင်းကင်ဓားတောင်)ကို လာခဲ့ရင် ဘယ်လိုနေမလဲ"
လျစ်လျူရှုတတ်သော ပုံစံရှိသည့် အလတ်ပိုင်းအရွယ် အမျိုးသားက အရင်ဆုံး ပြောလိုက်သည်။
"ချီကျန်.. မင်းက အေးဆေးတည်ငြိမ်တဲ့ပြီး…အမြဲတမ်း တိတ်ဆိတ်နေတတ်ပေမဲ့ တပည့်စုဆောင်းရာမှာတော့ ဘယ်သူ့ထက်မဆို ပိုမြန်နေတာပဲ"
အနည်းငယ်ဝဖိုင့်ဖိုင့် ဖြစ်နေသော သက်ကြီးရွယ်အိုတစ်ဦးက အပြုံးဖြင့် ပြောလိုက်သည်။
"ငါတို့ရဲ့ ချီလျန် တောင်ထိပ် (လက်နက်ပြုလုပ်တဲ့တောင်ထိပ်)ကို လာခဲ့ပါ..."
"ရှုကွမ်.. မင်း ဒီမှာ ဘာလာရှုပ်နေတာလဲ.. အဲ့ဒီ သာမန် ချီလျန်တောင်ထိပ်က ဘာထူးလို့လဲ" ကြွက်သားအမြှောင်းမြှောင်းထနေသော အရပ်ရှည်ကြီးတစ်ဦးက လှမ်းအော်လိုက်သည်။
"ငါတို့ရဲ့ ရှန်တောက် တောင်ထိပ်(နတ်ဘုရားဓားတောင်)ကို လာခဲ့ပါ... မင်းအတွက် ငါ့တောင်ထိပ်ထက် ပိုသင့်လျော်တဲ့ တောင်ထိပ် ဘယ်မှ မရှိဘူး"
ထိုတပည့်လေးမှာမူ မည်သည့်တောင်ထိပ်ကို ရွေးချယ်ရမှန်းမသိဘဲ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်ထက်တွင် ကျန်ရှိနေသေးသည်မှာ အမျိုးသမီး တောင်ထိပ်သခင်များသာ ဖြစ်သည်။
"တောင်ထိပ်သခင်.. ကျွန်တော်က လီယန်ကျီ ဖြစ်ပါတယ် ရှန်တောက်တောင်ထိပ်ကို ဝင်ရောက်ချင်ပါတယ်"
လီယန်ကျီသည် ရှန်တောက်တောင်ထိပ်၏ ပိုင်ရှင်ထံသို့ ချဉ်းကပ်သွားကာ လေးစားစွာဖြင့် ပြောလိုက်သည်။
ရှန်တောက် တောင်ထိပ်၏ ပိုင်ရှင်က ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတယ်.. ငါက ရှန်တောက် တောင်ထိပ်ရဲ့ ပိုင်ရှင် မိုကန်းပဲ..ဒီနေ့ကစပြီး ရှန်တောက် တောင်ထိပ်ကို ရွေးချယ်ခဲ့တာ မင်းမှန်တယ်"
မိုကန်းက ရယ်မောရင်း လီယန်ကျီ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
ဝိညာဉ်စစ်ဆေးရေးစင်မြင့်တွင် ဝိညာဉ်အမြစ်များကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။
"အဆင့်နိမ့် ဝိညာဉ်အမြစ်..."
"နောက်တစ်ယောက်..."
"..."
နောက်ဆုံးတွင် ဟူရှီယောင်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
"ဝူရှန်း..ငါ့ရဲ့ ဝိညာဉ်အမြစ်ကို သွားစစ်တော့မယ်"
ဝူရှန်းကို စိုးရိမ်တကြီးဖြင့် ဟူရှီယောင်က ပြောလိုက်သည်။
သူမတွင် အရည်အချင်း မရှိမည်ကို အလွန်တရာ စိုးရိမ်နေခဲ့သည်။
ဝူရှန်း၏ အရည်အချင်းမှာ အလွန်တရာ ထူးချွန်ကြောင်း သူမ သိရှိထားပြီး ရှုံးနိမ့်သည်ဟု ဝန်ခံလိုစိတ် မရှိပေ။
ဝိညာဉ်စစ်ဆေးရေးစင်မြင့်သို့ ရောက်ရှိသွားပြီးနောက် သူမသည် သူမ၏ လက်ဖဝါးဖြင့် ဂရုတစိုက် ထိတွေ့လိုက်သည်။ ထိုစဉ် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ထိပ်တန်း ဝိညာဉ်အမြစ်..."
ဟွမ်ထျန်းဂိုဏ်း၏ တာဝန်ခံက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ထိပ်တန်း ဝိညာဉ်အမြစ်တစ်ခု ပေါ်ထွက်မလာသည်မှာ အလွန်တရာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိပ်တန်း ဝိညာဉ်အမြစ် ဆိုသည့်အသံကို ကြားလိုက်ရသဖြင့် ဟူရှီယောင်သည် အစပိုင်းတွင် မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့သည်။