အခန်း (၆) စီနီယာအမ ဟူရှီယောင်
"ဟမ့်... ဘာလို့ ငါနောက်ကို လိုက်နေတာလဲ"
ဝူရှန်းက ဒေါသတကြီးဖြင့် မေးလိုက်သည်။
သူ့နောက်သို့ တိတ်တဆိတ် လိုက်လာနေသောသူကို သူ အလျှော့ပေးမည် မဟုတ်ပေ။
ဟူရှီယောင်သည် လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေလျှင်တောင်မှ ဘာဖြစ်လဲ.. စည်းကို ကျော်လွန်လာ၍ မရပေ။
ဝူရှန်းက သူမအပေါ် ကြမ်းတမ်းစွာ ဆက်ဆံသည်ဟု ဟူရှီယောင် ခံစားလိုက်ရသည်။
"ဝူး…ဝူး... ရှင်က တကယ်ကို ကျွန်မကို အော်လိုက်တာပဲ... ကျွန်မအဖေတောင် ကျွန်မကို ဒီလိုမျိုး မဆက်ဆံဖူးဘူး"
ဟူရှီယောင်က ရှိုက်ငိုရင်း ပြောလိုက်သည်။
ဝူရှန်းလည်း စကားတစ်ခွန်း ကြမ်းတမ်းစွာ ပြောလိုက်မိရုံဖြင့် သူမ ငိုကြွေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ဒါက သူ့ကို ဝါဂွမ်းထုပ်ကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ခံစားချက်မျိုး ဖြစ်စေခဲ့သည်။
သူသည် သူမကို သင်ခန်းစာ ပေးရန်နှင့် သတိပေးရန်သာ တွေးထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မည်သူကမှ မိမိနောက်သို့ အခြားသူ လိုက်နေသည်ကို မကြိုက်ကြပေ။
အမျိုးသမီးတစ်ဦးကို ငိုကြွေးစေရန် လုပ်မိခြင်းမှာ သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။
ထို့နောက် သူသည် ရှောင်ဟွားဘက်သို့ လှည့်ကြည့်လိုက်သည်။
"ရှင်က ဘာလို့ မိန်းကလေးတစ်ယောက်အပေါ် ဒီလောက်တောင် ကြမ်းတမ်းရတာလဲ"
ရှောင်ဟွားက ဝူရှန်းကို တစ်ချက် ရိုက်လိုက်သည်။
ထို့နောက် သူမသည် ဟူရှီယောင်၏ အနားသို့ သွားကာ လက်ကို ဆွဲကိုလိုက်သည်။
ထိုသို့ လုပ်ဆောင်ပေးလိုက်မှသာ ဟူရှီယောင်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားခဲ့သည်။
ဝူရှန်းမှာမူ စကားပင်မပြောနိုင်တော့ပေ။
သူသည် လူဆိုးကြီး တစ်ယောက် ဖြစ်သွားခဲ့ပြီ..
"မင်းတို့တွေ စကားပြောကြပါဦး...ငါ သစ်ခုတ်သွားတော့မယ်"
ဝူရှန်းက ပြောပြီးနောက် ထွက်သွားခဲ့သည်။
ယခုအခါ သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်လာသော်လည်း အရင်ကအလေ့အထများကိုမူ စွန့်လွှတ်လိုက်ခြင်း မရှိသေးပေ။
သူသည် ဟောင်းနွမ်းနေသော ဓားမကြီးကို ကိုင်ဆောင်ရင်း သစ်တောဆီသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် သစ်ပင်ခုတ်ရသည်မှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသော အတွေ့အကြုံတစ်ခု ဖြစ်နေသည်။
သစ်ပင်ခုတ်ရသည်မှာ အလွန်လွယ်ကူလှရာ တစ်ပင်ပြီးတစ်ပင် လဲကျလာခဲ့သည်။ သစ်ပင်များကို အပိုင်းပိုင်း ပိုင်းဖြတ်ပြီးနောက် စနစ်နေရာလွတ်ထဲသို့ အလွယ်တကူ ပစ်ထည့်လိုက်သည်။
ထိုအချိန် နာရီဝက်မပြည့်မီအတွင်းမှာပင် သူသည် အပင် အတော်များများ အကုန်ခုတ်လှဲပြီးစီးသွားခဲ့သည်။
ထိုနာရီဝက်အတွင်း သူခုတ်ခဲ့သော သစ်ပင်များမှာ တစ်နှစ်စာခန့် အသုံးခံနိုင်ပေသည်။
ထို့နောက် သူသည် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်သို့ ရောက်သောအခါ မိန်းကလေးနှစ်ဦး ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။
ဟူရှီယောင်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် လုံးဝ မရှိတော့ပေ။
သူသည် ဝူရှန်း ပြန်လာသည်ကို မြင်လိုက်ရသောအခါ အေးစက်စက် လေသံဖြင့် နှာတစ်ချက်သာ ရှုံ့လိုက်သည်။
ဝူရှန်းကမူ ထိုမိန်းကလေး၏ အတွေးများကို လုံးဝ ဂရုမစိုက်ပေ။
မြေကွက်လပ်တစ်ခုဆီသို့ ရောက်ရှိသွားပြီးနောက် သူသည် ခုတ်ထားသော ထင်းများကို သပ်သပ်ရပ်ရပ် စီတန်းလိုက်သည်။
ထို့နောက် လက်ခါလိုက်ပြီး ထိုင်စရာ နေရာတစ်ခုကို ရှာကာ ထိုင်ချလိုက်သည်။
မိန်းကလေးနှစ်ဦး အလွန်တရာ စိတ်အားထက်သန်စွာ စကားပြောနေကြသည်ကို မြင်လိုက်ရသဖြင့် သူ ဝင်မနှောင့်ယှက်လိုပေ။
မိန်းကလေးနှစ်ဦးကလည်း သူ့ကို အခါအားလျော်စွာ လှမ်းကြည့်နေကြသည်။
"သူတို့ ငါ့အကြောင်းကို ပြောနေကြတာ မဟုတ်လောက်ပါဘူးနော်"
ဝူရှန်း တွေးမိလိုက်သည်။
"ဝူရှန်း.. ဒီကို လာခဲ့ပါဦး..."
ဘေးတွင် ထိုင်နေသော ဝူရှန်းကို ရှောင်ဟွားက လှမ်းခေါ်လိုက်သည်။
ယခုအချိန်တွင် ဝူရှန်းသည် မျက်လုံးတစ်ဝက် ပိတ်လျက် အိပ်ငိုက်နေခဲ့သည်။
သူ မျက်လုံးဖွင့်လိုက်ရာ လှပသော မျက်ဝန်းနှစ်စုံက သူ့ကို တစိုက်မတ်မတ် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ရှင်က ဘာလို့ မလာရဲတာလဲ"
ဟူရှီယောင်က လှောင်ပြောင်သလို မေးလိုက်သည်။
သူမ၏ နှုတ်ခမ်းများကို သင်ခန်းစာ ပေးသင့်သည်ဟု ဝူရှန်း ခံစားလိုက်ရသည်။
သူသည် ထိုမိန်းကလေးနှစ်ဦးထံသို့ လျှောက်သွားလိုက်သည်။
"ဘာဖြစ်လို့လဲ ရှောင်ဟွား.. တစ်ခုခု ဖြစ်လို့လား"
ဝူရှန်းက မေးလိုက်သည်။
"ဘာဖြစ်ရမှာလဲရှင်.. ရှင့်တို့နှစ်ယောက်က အခုကစပြီး ဂိုဏ်းတူတပည့်တွေ ဖြစ်လာကြတော့မှာပဲ.. အချင်းချင်း ကူညီကြရမယ်လေ.. ဘာလို့ ရန်ဖြစ်နေကြတာလဲ"
ရှောင်ဟွားက သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုမိန်းကလေးနှစ်ဦးသည် သူ့အကြောင်းကို ပြောဆိုနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ မအံ့သြတော့ပေ။
ဟူရှီယောင်သည် ဝူရှန်းနှင့် စတင်တွေ့ဆုံခဲ့ပုံကို ပြောပြခဲ့သော်လည်း နမ်းရှိုက်ခဲ့သည့် အပိုင်းကိုမူ ချန်လှပ်ထားခဲ့သည်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဟူရှီယောင်၏ မျက်နှာမှာ အလိုလို နီရဲလာခဲ့ရာ ဘေးမှ နားထောင်နေသော ရှောင်ဟွားကိုပင် အလွန်တရာ အံ့အားသင့်သွားစေခဲ့သည်။
ရှောင်ဟွားကမူ ဝူရှန်း၏ ရွာတွင်းရှိ အတွေ့အကြုံ အမျိုးမျိုးကို ပြောပြခဲ့သည်။
ရှောင်ဟွား၏ စကားများကို ကြားလိုက်ရမှသာ ဟူရှီယောင်သည် ဝူရှန်းမှာ ဆိုးသွမ်းသောလူ မဟုတ်ကြောင်း သိရှိလာခဲ့ပြီး သူ့အပေါ်ထားရှိသော အမြင်လည်း ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုနမ်းခံရသည့် ဖြစ်ရပ်ကိုမူ သူမ မေ့ပစ်နိုင်သေးပေ။
"သူမက ငါ့ရဲ့ စီနီယာအစ်မလား..ငါ့ကို နိုင်လို့လား"
ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ဝူရှန်း ဒီလိုပြောမည်ကို ဟူရှီယောင် ကြိုသိနေပုံ ရပေသည်။
"ဟဲဟဲ... ဘယ်သူက ဂိုဏ်းကို အရင် ဝင်ခဲ့တာလဲ…ဝါအရဆိုရင် ရှင်က ကျွန်မကို စီနီယာအစ်မလို့ ခေါ်ကို ခေါ်ရမယ်"ဟူရှီယောင်က ခေါင်းကို မာန်ဝင့်စွာ မော့လျက် "ဒါ့အပြင် ကျွန်မက ရှင့်ထက် အသက်ကြီးတယ်"
ဝူရှန်းသည် ဟူရှီယောင်၏ ရင်ဘတ်ဆီသို့ အမှတ်မထင် ကြည့်လိုက်ရာ အတော်ပင် ကြီးမားလှသည်ကို တွေ့လိုက်ရသည်။
ရှောင်ဟွား၏ အရွယ်အစားကို ပြန်စဉ်းစားကြည့်လိုက်ရာ သူမအနေဖြင့်လည်း ဂုဏ်ယူပိုင်ခွင့် ရှိနေပေသည်။
ဟူရှီယောင်၏ ရင်ဘတ်ကို ကြည့်ရင်း ဝူရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"တကယ်ကို ကြီးတာပဲ.. ငါ သဘောတူပါတယ်"
ဝူရှန်း၏ အကြည့်ထဲတွင် စနောက်သည့် အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် ဟူရှီယောင်မှာ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်များ ပေါက်လာခဲ့သည်။
ရှောင်ဟွားထံတွင် ဟူရှီယောင်က တိုင်တန်းလိုက်သည်။
"ရှောင်ဟွား.. ရှင့်ရဲ့ ဝူရှန်းကို ကြည့်ပါဦး.. သူက လူမိုက်တစ်ယောက်ပဲ"
ဝူရှန်းကမူ လုံးဝ ဂရုမစိုက်ဘဲ ရှောင်ဟွား၏ အနားသို့ သွားကာ ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ငါက လူမိုက် ဖြစ်ရမှာလဲ"
ဝူရှန်းက ပြန်ပြောလိုက်သည်။
ဟူရှီယောင်မှာ ဝူရှန်းကြောင့် ဒေါသထွက်လွန်းသဖြင့် သေမတတ် ဖြစ်သွားခဲ့ရသည်။ဒီကောင်စုတ်က အမှန်တကယ်ပင် လူယုတ်မာတစ်ဦး ဖြစ်ပေသည်။
ရှောင်ဟွားကို သနားကြင်နာသော မျက်လုံးများဖြင့် ဟူရှီယောင်က ကြည့်လိုက်သည်။
"ဒီလို လူယုတ်မာနောက်ကို လိုက်သွားရင် ရှောင်ဟွား သေချာပေါက် အနိုင်ကျင့်ခံရမှာပဲ"
ဟူရှီယောင်၏ ဒီနည်းလမ်းဖြင့် ရှောင်ဟွားကို ဆွဲဆောင်နိုင်ဖွယ် ရှိပေသည်။
ဝူရှန်းကို မော့ကြည့်ရင်း ရှောင်ဟွားက ပြောလိုက်သည်။
"ရှီယောင်..မှားနေပြီ…မင်းက ဝူရှန်းကို သေသေချာချာ မသိသေးလို့ပါ..သူက အလွန်တရာ ကြင်နာတတ်တဲ့ သဘောထားရှိပြီးသား.. ငါကလည်း သူ့ကို ကိုယ့်သဘောဆန္ဒနဲ့ ကိုယ် သဘောကျခဲ့တာပါ" ပျော်ရွှင်မှုများ ဖြာထွက်နေသော သူမ၏ မျက်နှာကို မည်သို့မျှ ဖုံးကွယ်ထား၍ မရပေ။
ရှောင်ဟွား၏ အပြုအမူကို မြင်လိုက်ရသဖြင့် ဟူရှီယောင်မှာ အလွန်တရာ အံ့ဩမိသွားခဲ့သည်။
"ဟူရှီယောင်.. ရှောင်ဟွားနဲ့ ငါ့ကြားထဲမှာ သွေးခွဲဖို့ မကြိုးစားနဲ့တော့" ဟု ဝူရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး "ဒါနဲ့ ရှောင်ဟွားရဲ့ ဘယ်နေရာကိုများ ငါ မမြင်ဖူးသေးလို့လဲ"
ဝူရှန်း၏ ဤစကားကို ကြားလိုက်ရသဖြင့် ရှောင်ဟွားပင်လျှင် ရှက်သွားခဲ့ရသည်။
"ဝူရှန်း.. တော်တော့.. ရှီယောင်က ဒီမှာ ရှိနေသေးတယ်လေ..." မျက်နှာလေး နီရဲလျက် ရှောင်ဟွားက ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦး မဟုတ်ပါလော။
"ကဲပါ.. မင်းတို့နဲ့ ဆက်မပြောတော့ဘူး.. ဟင်းသွားချက်တော့မယ်"
မိန်းကလေးနှစ်ဦး ပြောဆိုနေသည်များကို ဂရုမစိုက်တော့ဘဲ ရှောင်ဟွားကို လွှတ်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝူရှန်း ဝင်သွားခဲ့သည်။
မီးဖိုချောင်ထဲသို့ ရောက်သွားသောအခါ လုပ်စရာ ဘာမှမရှိသည်ကို ဝူရှန်း တွေ့လိုက်ရသည်။
ထိုစဉ်မှသာ သူသည် စနစ် စျေးဝယ်စင်တာ ကို သတိရသွားခဲ့သည်။ အမှတ် တစ်မှတ်တည်းဖြင့် ဘာများ လုပ်နိုင်မည်နည်း။
ထိုစဉ် ဝူရှန်းသည် စျေးဝယ်စင်တာအတွင်းမှ သာမန်စားသောက်ဖွယ်ရာများ ဟူသော ထင်ရှားမှုမရှိသည့် အမျိုးအစားတစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက် သူသည် အထဲမှ ပစ္စည်းများကို နှိပ်ကြည့်လိုက်ရာ အလွန်တရာ ဈေးပေါသည်ကို တွေ့လိုက်ရသည်။
တစ်ယူနစ်နှုန်းမှာ အလွန်တရာ ချိုသာလှပေသည်။
အမှတ် ၀.၀၁ ဖြင့်ပင် ပေါက်ပေါက်ဆုပ် တစ်ခုကို ဝယ်ယူနိုင်ပေသည်။
သူသည် မူလက ပါဝင်ပစ္စည်းအချို့ကို ဝယ်ယူရန် စဉ်းစားထားခဲ့သော်လည်း ရုတ်တရက် ကျက်ပြီးသား အစားအစာ အမျိုးအစားကို တွေ့လိုက်ရသည်။
ဝူရှန်းလည်း ချက်ချင်းပင် ဝက်ကင်တစ်ကောင်ကို ဆုံးဖြတ်ချက်ချကာ ဝယ်ယူလိုက်သည်။
ဝက်ကင်ဟု ခေါ်ဆိုသော်လည်း ၎င်းသည် အမှန်တကယ်ပင် အတော်လေး ကြီးမားလှပေသည်။
သူသည် ဝက်ကင်တစ်ကောင်ကို ဝယ်ယူပြီး သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲ လမ်းလျှောက်ထွက်လာကာ အဘိုးဖြစ်သူကို အိမ်သို့ ပြန်လာရန် ခေါ်လိုက်သည်။
ဟူရှီယောင်သည် အဘိုးဖြစ်သူအား သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။ ဝူရှန်းလည်း စားပွဲကြီးတစ်လုံးကို ဆွဲထုတ်လာကာ ဝက်ကင်ကို ထုတ်ယူလိုက်သည်။
"ဝူရှန်း.. ဒါကို မင်း ကိုယ်တိုင် ကင်တာလား"
ဝူရှန်း၏ အဘိုးက အံ့သြတကြီးဖြင့် မေးလိုက်သည်။
ဟူရှီယောင်သည် ဝူရှန်းနှင့် တစ်လမ်းလုံး လိုက်လာခဲ့သူ ဖြစ်ရာ သူကိုယ်တိုင် ဝယ်လာရန် လုံးဝ မဖြစ်နိုင်ပေ။
ဝူရှန်းက အကြောင်းပြချက် တစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
"အဘိုးရေ.. မြေးက အိမ်ပြန်လာတဲ့လမ်းမှာ ဝယ်လာတာပါ..အပိုဆောင်း ဟင်းတစ်ခွက်အနေနဲ့ စားရအောင်လို့လေ"
ဟူရှီယောင်ကမူ ခေါင်းကိုခါလိုက်သည်။ ယောကျ်ားတွေရဲ့ စကားတွေကတော့ တကယ်ကို လိမ်ညာ တွေပြည့်နှက်နေတာပဲ..
ဝူရှန်းသည် ဝက်ကင်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။ အဘိုးဖြစ်သူနှင့် ရှောင်ဟွားတို့အတွက် တစ်ပိုင်းစီ လှီးပေးလိုက်သည်။
မူလက သူသည် ဟူရှီယောင်ကို ဂရုမစိုက်ဘဲ သူမဘာသာ လှီးစားစေရန် တွေးထားခဲ့သည်။
သို့သော် သူ စဉ်းစားကြည့်ပြီးနောက် လူကြီးလူကောင်းတစ်ယောက်အနေဖြင့် အမျိုးသမီးတစ်ဦးနှင့် ငြင်းခုံမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
"ဟူရှီယောင်.. ဒါက မင်းအတွက်"
ဝူရှန်းက အသားတစ်ပိုင်းကို လှီးပေးလိုက်ပြီး ဟူရှီယောင်အား ပေးလိုက်သည်။
ဟူရှီယောင်သည် ဝူရှန်း သူမကို ဂရုစိုက်လိမ့်မည် မဟုတ်ဟု မူလက ထင်ထားခဲ့သည်။
ယခုမူ ဒီလူယုတ်မာလေးတွင်လည်း ကောင်းမွန်သည့် အချက်အချို့ ရှိသေးကြောင်း သူမ တွေ့လိုက်ရသည်။
"ကျေးဇူးတင်ပါတယ်..." ဟူရှီယောင်က မျက်နှာနီရဲလျက် ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်မလေးတစ်ဦး ဖြစ်သဖြင့် ယဉ်ကျေးမှုကို ကောင်းစွာ သိရှိနားလည်ပေသည်။
"ကျေးဇူးတင်ပါတယ်" ဟူသော စကားကို ကြားလိုက်ရသဖြင့် ဝူရှန်း အံ့အားသင့်သွားခဲ့သည်။
သူသည် ဟူရှီယောင်ကို အဓိပ္ပါယ်ပါပါဖြင့် စူးစိုက်ကြည့်လိုက်သည်။
လူလေးဦးတို့သည် စားပွဲဝိုင်းကို ဝိုင်းဖွဲ့ထိုင်ကာ အသားစားရင်း.. စကားပြောရင်း ရှိနေကြသည်။
မည်မျှကြာသွားသည်မသိ.. ကြီးမားလှသော ဝက်ကင်ကြီးမှာ အကုန်အစင် ကုန်သွားခဲ့လေသည်။
တကယ်တမ်းတွင် ကျန်သုံးဦးမှာ အများကြီး မစားကြဘဲ ဝူရှန်းသာလျှင် အများစုကို စားသုံးခဲ့ခြင်း ဖြစ်သည်။
ညဉ့်နက်လာခဲ့ပြီဖြစ်ပြီး ကြယ်တာရာများက ညကောင်းကင်ယံကို လှပစွာ ဆင်ယင်နေကြပြီ ဖြစ်သည်။
ဟူရှီယောင်က မေးလိုက်သည်။
"ရှောင်ဟွား.. အချိန်တော်တော်နှောင်းနေပြီ.. ရှင်နဲ့အတူ အိပ်လို့ရမလား"
ဝူရှန်းကမူ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
သူ မကြာမီ ထွက်တော့မည်ဖြစ်ရာ သူမကို မည်သို့မျှ အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။
"ဘာကို ဆိုလိုတာလဲ…ငါက မကြာခင် ကျင့်ကြံရေးအတွက် သွားတော့မှာ.. ဘယ်တော့ ပြန်လာရမယ်မှန်းလည်း မသိရဘူး…ရှောင်ဟွားနဲ့ အချိန်အနည်းငယ်လောက် အတူတူ နေပါရစေဦး"
ရှောင်ဟွားကို ချစ်ခင်တွယ်တာသော အကြည့်ဖြင့် ဝူရှန်းက ကြည့်ကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဝူရှန်းသည် ရှောင်ဟွားကို ပွေ့ချီကာ အထဲသို့ ဝင်သွားခဲ့သည်။
ဟူရှီယောင်တစ်ယောက်တည်းသာ လေအေးများ တိုက်ခတ်နေသော မှောင်မိုက်သည့် ညဉ့်ယံထဲတွင် ကြောင်အန်းအန်းဖြင့် ကျန်ရစ်ခဲ့တော့သည်။
ဝူရှန်း၏ အဘိုးမှာမူ လူအိုကြီးတစ်ယောက် ဖြစ်သည့်အလျောက် အခန်းထဲသို့ အစောကြီးကတည်းက ဝင်ရောက်အိပ်စက်နှင့်ပြီး ဖြစ်ပေသည်။