အခန်း (၅) လျိုချင်းရွှမ်း
"ဝင်ကြစမ်း..."
"ဒီလို ဟန်ဆောင်နေတဲ့ကောင်ကို သေအောင်ထိုးကြ..."
"ဘန်း"
"......"
လူအုပ်ကြီးက လက်သီးများ.. ခြေထောက်များဖြင့် ဝူရှန်းကို ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။
ဝူရှန်းလည်း သာမန်ကာလောက်သာ ဟန်ဆောင်နေရဲမည် မဟုတ်ပေ။
ကြွားဝါသော စကားများကို ပြောနိုင်သော်လည်း မိမိ၏ အတိုင်းအဆကိုမူ သိထားရပေမည်။
သူသည် လာသမျှ လက်သီးနှင့် ခြေကန်ချက်များကို ရှောင်ရှားရန် လျင်မြန်ခြေလှမ်းပညာ ကို အသုံးပြုလိုက်သည်။
ဝူရှန်း၏ တိုက်ခိုက်မှုများမှာလည်း ရိုးရှင်းတန်းတန်းပင် ဖြစ်သည်။
လက်သီးတစ်ချက်ဖြင့် ရှေ့ဆုံးမှ ပြေးဝင်လာသူကို တိုက်ရိုက် လွင့်ထွက်သွားအောင် ထိုးချလိုက်ပြီး.. ခြေကန်ချက် တစ်ချက်ဖြင့် နောက်မှကပ်ပါလာသူကို လွင့်စင်သွားစေသည်။
တိုက်ပွဲအတွင်း ဝူရှန်း၏ မျက်လုံးများ ရုတ်တရက် တဖျပ်ဖျပ် လက်သွားခဲ့သည်။
သူ ကျင့်စဉ်တစ်ခုကို အဘယ်ကြောင့် မလေ့ကျင့်ရပါသနည်း။
လူတိုင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရင်းဖြင့်ပင် သူသည် စိတ်ဖြင့်စနစ်၏ စျေးဝယ်စင်တာကို ဖွင့်လိုက်သည်။
သူသည် ယခုအချိန်တွင် အမှတ် ၁၀ မှတ်တန် ကျင့်စဉ်တစ်ခုကို လေ့လာနိုင်ဆဲ ဖြစ်သည်။
"ပိုင်းဖုန်းထန်းပါး" ဟုခေါ်သော ကျင့်စဉ်တစ်ခု ပေါ်လာခဲ့သည်။
သူသည် ထိုကျင့်စဉ်ကို ရွေးချယ်လိုက်သည်။
အထဲမှ မိတ်ဆက်ချက်ကို ကြည့်လိုက်ရာ အဆင့်သုံးဆင့် ပါဝင်ကြောင်း တွေ့ရသည်။
ဝူရှန်းလည်း ပထမအဆင့်ကို အရင်ဆုံး လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ပထမအဆင့်က လက်ဝါးချက်တစ်ချက်ကိုသာ ထုတ်လွှတ်နိုင်သည်။
သို့သော် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ ဒီလူအုပ်စုကို ကိုင်တွယ်ရန်မှာ ပြဿနာမရှိပေ။
ပြေးရင်းရှောင်ရင်းနှင့်ပင် စနစ်၏အကူအညီနှင့်…
ပထမအဆင့်ကို လေ့လာရန်အတွက် ဝူရှန်းသည် အမွေးတစ်တိုင်စာခန့် အချိန်ယူခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် ဝူရှန်းသည် ပိုင်းဖုန်းလက်ဝါးချက်ကို ထုတ်လွှတ်လိုက်ရာ လူအုပ်ကြီးကို တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။
လူများ အားလုံး စင်ပေါ်မှ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ဟူရှီယောင်သည် သူမ၏ပါးစပ်ကို မယုံနိုင်စွာဖြင့် လက်ဖြင့် အုပ်လိုက်မိသည်။
ဝူရှန်းက တကယ်ကို ဒီလောက်အထိ သန်မာတာလား…
ဒီလူယုတ်မာလူက သူမကို အတင်းအကျပ် နမ်းခဲ့သည်ကို ပြန်စဉ်းစားမိလိုက်ရာ သူမ၏ ပါးပြင်များမှာ အလိုလို နီရဲလာခဲ့သည်။
စင်ပေါ်တွင် ဝူရှန်းက လွယ်ကူသက်သာစွာဖြင့် တိုက်ခိုက်နေခဲ့သည်။
သူသည် စိတ်ကြိုက် တိုက်ခိုက်နေခဲ့ပြီး အောက်မှ ပွဲကြည့်နေကြသော လူအုပ်ကြီးမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ဒီလို အံ့မခန်း တိုက်ပွဲမြင်ကွင်းကို မြင်လိုက်ရသဖြင့် အနီးအနားရှိ လူများအားလုံး ဤဘက်သို့ တိုးဝှေ့လာခဲ့ကြသည်။
"ဒီလူက ဘယ်သူလဲ"
"မသိဘူး.. ငါတို့ အန်းပင်းမြို့ကလူနဲ့ တူပုံမပေါ်ပါဘူး"
"ဒါပေါ့.. ဒီလို အရည်အချင်းရှိတဲ့ လူငယ်မျိုးကို မသိစရာ အကြောင်းမရှိဘူးလေ"
"ဒါဆို ဒီလူငယ် သုံးနေတဲ့ကွက်က ဘာလဲဆိုတာ မင်းတို့ သိကြလား"
"လောလောဆယ်တော့ ဘာပုံစံမှန်း ငါမခွဲခြားနိုင်သေးဘူး"
"သူသုံးနေတဲ့ ဒီကျင့်စဉ်ကို ငါတစ်ခါမှ မမြင်ဖူးဘူး"
ဝူရှန်းအတွက်မူ လူအားလုံးကို စင်ပေါ်မှ လွင့်စင်သွားအောင် လုပ်ရန်မှာ မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပေမည်။
သို့သော် သူသည် ဒီလူများကို အသုံးပြု၍ သူ့၏ ကျင့်စဉ်ကို လေ့ကျင့်လိုရုံသာ ဖြစ်သည်။
တစ်နာရီခွဲခန့် ကြာသွားပြီးနောက် ဝူရှန်းသည် သူ၏ ကျင့်စဉ် ကျွမ်းကျင်မှု လုံလောက်ပြီဟု ခံစားလိုက်ရသည်။
သူ၏ စစ်မှန်သော စွမ်းအင်ကို မြှင့်တင်လိုက်ပြီး ကြီးမားလှသော ပိုင်းဖုန်းလက်ဝါးချက်ကို ရိုက်ထူတ်လိုက်ရာ တစ်ရှိန်ထိုးပင် စင်ပေါ်ရှိ ပြိုင်ပွဲဝင်အားလုံး တသုတ်ပြီးတစ်သုတ် လွင့်စင်သွားကြတော့သည်။
"ဘန်း"
"ဘန်း"
"- -"
မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ကျရောက်လာသည့် အသံများမှာ မပြတ်တမ်း ထွက်ပေါ်လာခဲ့သည်။
ပေါက်ပေါက်ဆုပ်များ ကျလာသလိုမျိုးပင်
ထိုလုပ်ရပ်ကြောင့် ပွဲကြည့်နေကြသူများ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
ဒီအရာသည်လည်း ဝူရှန်း၏ ရွှေအမြုတေအဆင့် အလယ်အလတ်၏ စွမ်းအားကြောင့်ပင် ဖြစ်သည်။
ပြိုင်ပွဲဝင်အများစုမှာ ချီသန့်စင်ခြင်းအဆင့် တွင်သာ ရှိနေသေးကြသည်။
"တခြား ဘယ်သူများ စိန်ခေါ်ချင်သေးလဲ"
ဝူရှန်းက အောက်မှလူများကို အေးစက်စက် လေသံဖြင့် ကြည့်ကာ မေးလိုက်သည်။
စင်အောက်ရှိ လူများမှာမူ ဆောင်းတွင်းမှ ပုစွန်ဆိတ်များကဲ့သို့ အလွန်တရာ တိတ်ဆိတ်နေခဲ့ကြသည်။
သူတို့ထဲမှ မည်သူမျှ ဝူရှန်း၏ အကြည့်ကို တည့်တည့်မကြည့်ရဲကြပေ။
နောက်ထပ် တစ်နာရီနီးပါးခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက်...
"အချိန်ပြည့်ပါပြီ.. ကျွန်တော်တို့ ဟွမ်ထျန်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
ဝူရှန်း၏ စွမ်းအားသည် တာဝန်ခံ ထက်ပင် ပို၍ သန်မာပေလိမ့်မည်။ လူအုပ်ကြီး၏ မေးခွန်းထုတ်သလို အံ့သြနေသော မျက်နှာများကြားမှပင် ဝူရှန်းသည် စင်ပေါ်မှ ဆင်းလာခဲ့သည်။
ထို့နောက် သူသည် သူ့ကို တစိုက်မတ်မတ် ကြည့်နေသော လှပသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
ဝူရှန်း လှည့်ကြည့်လိုက်ရာ အခြားသူမဟုတ်.. ဟူရှီယောင်ပင် ဖြစ်နေသည်။
ဝူရှန်းသည် ဒီမိန်းကလေးနှင့် နောက်ဘယ်တော့မှ ထပ်မံမတွေ့ရတော့ဟု ထင်ထားခဲ့သော်လည်း ဒီလောက်မြန်ဆန်စွာ ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့နောက် သူသည် ဟူရှီယောင်ကို မဲ့ပြုံးပြုံးကာ အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။
ဝူရှန်း၏ အပြုံးကို မြင်လိုက်ရသဖြင့် ဟူရှီယောင်မှာ သူ၏ မျက်နှာကို တိုက်ရိုက် လာရောက်ရိုက်နှက်ချင်စိတ်များ ပေါက်လာခဲ့သည်။
သို့သော် သူမ စဉ်းစားကြည့်လိုက်ပြီးနောက် လက်လျှော့လိုက်ရသည်။
ဘယ်လိုမှ သူ့ကို မနိုင်နိုင်မှန်း သူမ သိနေပေသည်။
သူမအနေဖြင့် သွားကိုကြိတ်ကာ ဝူရှန်း ပေါ့ပေါ့ပါးပါး ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။
ဝူရှန်းသည် သတင်းကြော်ငြာရာဆီသို့ သွားရောက်ကာ စုံစမ်းကြည့်လိုက်ရာ ဟွမ်ထျန်းဂိုဏ်းသို့ တရားဝင် သွားရောက်ရမည့်ရက်မှာ နှစ်ရက်အကြာတွင် ဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် အမည်စာရင်း သွားသွင်းရမည် ဖြစ်သည်။
ထို့နောက် သူသည် ဟွမ်ထျန်းဂိုဏ်း၏ စာရင်းသွင်းရုံးကို ရှာတွေ့ခဲ့သည်။
သူသည် စာရင်းသွင်းရုံးတွင် သူ့နာမည်ကို ဖြည့်စွက်လိုက်သည်။
စာရင်းသွင်းရုံးက သူ့ကို အမှတ်အသား တံဆိပ်ပြားတစ်ခု ပေးအပ်ခဲ့ပြီး သွေးတစ်စက်ချလိုက်ခြင်းဖြင့် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရစေသည်။
ယခုအခါတွင် သူသည် ဟွမ်ထျန်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဂျူနီယာညီလေး.. မင်း စင်ပေါ်မှာ တကယ်ကို တော်တော် အစွမ်းပြသွားတာပဲ..."
စာရင်းသွင်းပေးနေသော ဟွမ်ထျန်းဂိုဏ်း၏ တပည့်က ချီးကျူးစကား ဆိုလိုက်သည်။
သူသည် စင်ပေါ်ရှိ ဝူရှန်း၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသူ ဖြစ်သည်။
ဝူရှန်းကဲ့သို့ အံ့မခန်း တပည့်သစ်မျိုးကို မြင်တွေ့ရသည်မှာ အလွန်တရာ ရှားပါးလှပေသည်။
"စီနီယာ.. သူတို့တွေက အားနည်းလွန်းလို့ပါ.. ကျွန်တော်က သန်မာလွန်းလို့ မဟုတ်ပါဘူး" ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ဝူရှန်း၏ အဖြေကို ကြားလိုက်ရသဖြင့် ထိုတပည့် လည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဂျူနီယာညီလေး အဲ့လောက်အထိ နှိမ့်ချစရာ မလိုပါဘူး..ငါက အတွင်းစည်းတပည့် လျိုချင်းရွှမ်း ပါ.. မင်းကို တကယ်သဘောကျလို့ပါ"
လျိုချင်းရွှမ်းက ပြုံးရင်း ပြောလိုက်သည်။
ဝူရှန်းလည်း ယခုအချိန်တွင် ဘာမှလုပ်စရာမရှိသလို စင်ပေါ်ရှိ တိုက်ပွဲများကိုလည်း စိတ်မဝင်စားတော့ပေ တကယ်တမ်း သူ မကြည့်ချင်ပေ။
"စီနီယာအစ်ကို.. ကျွန်တော် အိမ်ခဏပြန်ပြီးမှ ပြန်လာလို့ ရမလား" ဟု လျိုချင်းရွှမ်းကို ဝူရှန်းက မေးလိုက်သည်။
"အင်းလေ... ဂျူနီယာညီလေး.. နှစ်ရက်အကြာ နေ့လယ်မတိုင်မီ ရောက်လာရင် ရပါပြီ"
လျိုချင်းရွှမ်းက စဉ်းစားရင်း ပြောလိုက်သည်။
သာမန်အခြေအနေအရဆိုလျှင် ဟွမ်ထျန်းဂိုဏ်းမှ ရွေးချယ်ခံရပြီးနောက် သာမန်အတိုင်း လွတ်လွတ်လပ်လပ် ထွက်သွားခွင့် မရှိပေ။
အဘယ်ကြောင့်ဆိုသော် မတော်တဆမှုတစ်ခုခု ဖြစ်ပွားလာပါက ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။
ဝူရှန်းလည်း လျိုချင်းရွှမ်းကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်...
"ဂျူနီယာညီလေး.. မင်း မြင်းစီးပြီး လာခဲ့တာမလား ငါ့ရဲ့ ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲကို သုံးလိုက်ပါ.. အဲ့ဒါဆို အချိန်မနောက်ကျတော့ဘူး"
လျိုချင်းရွှမ်းက ဝိညာဉ်သားရဲ သိုလှောင်အိတ်တစ်လုံးကို ထုတ်ပေးလိုက်သည်။
ဝူရှန်းလည်း ပထမတော့ ငြင်းပယ်ချင်ခဲ့သော်လည်း လျိုချင်းရွှမ်းက အလွန်တရာ ဖေးမကူညီလိုစိတ် ပြင်းထန်နေခဲ့သည်။
"ဒါဆို ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလျို"
ဝူရှန်းက လေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဝူရှန်း၏ ယဉ်ကျေးသိမ်မွေ့မှုကို မြင်လိုက်ရသဖြင့် လျိုချင်းရွှမ်းလည်း အလွန်တရာ ကျေနပ်သွားခဲ့သည်။
"ဂျူနီယာညီလေး.. အိမ်ပြန်ရင် ပစ္စည်းတွေ သေသေချာချာ သိမ်းဆည်းခဲ့ပြီးမှ ဂိုဏ်းကို အတူတူ ပြန်လိုက်ခဲ့ပေါ့"
ဝူရှန်း၏ ပခုံးကို ပုတ်ရင်း "ဂိုဏ်းထဲ ဝင်သွားပြီးရင် ပြန်ထွက်လာဖို့ဆိုတာ တော်တော်ခက်ခဲလိမ့်မယ်" လျိုချင်းရွှမ်းက မှာကြားလိုက်သည်။
"စီနီယာအစ်ကိုရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်..." ဟု ဝူရှန်းက လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်လိုက်သည်။
ထို့နောက် သူသည် အန်းပင်းမြို့ပြင်သို့ အမြန်ထွက်လာခဲ့ပြီး ပျံသန်းနိုင်သော ဝိညာဉ်သားရဲကို ခေါ်ယူကာ ဝူကျားရွာရှိရာဆီသို့ ပျံသန်းလာခဲ့တော့သည်။
သို့သော် ဝူရှန်း မသိလိုက်သည်မှာ အမျိုးသမီးတစ်ဦးက သူ့ကို နောက်မှနေ၍ လိုက်ပါလာနေသည်ဆိုသည့် အချက်ပင် ဖြစ်သည်။
နာရီဝက်မပြည့်မီအတွင်းမှာပင် သူသည် ဝူကျားရွာသို့ ရောက်ရှိလာခဲ့သည်။
ပျံသန်းနိုင်သော ဝိညာဉ်သားရဲသည် အလွန်တရာ လျင်မြန်ကြောင်း ဝန်ခံရပေမည်။
တကယ်တမ်းတွင် ဝူရှန်း ထွက်သွားခဲ့သည်မှာ နာရီအနည်းငယ်မျှသာ ရှိသေးသည်။
အိမ်သို့ မရောက်သေးမီမှာပင် ရှောင်ဟွားသည် တစ်ခုခုကို သပ်သပ်ရပ်ရပ် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။ အိမ်ရှင်မတစ်ယောက်၏ ပုံစံမျိုးပင် ဖြစ်နေသည်။
ဝူရှန်းသည် ရှောင်ဟွား၏ နောက်သို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး နောက်မှနေ၍ သူမကို ဆွဲဖက်လိုက်သည်။
"အမလေး..." ဟု ရှောင်ဟွားလည်း လန့်သွားခဲ့သည်။
သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ ဝူရှန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဝူရှန်း.. ရှင်က ကျွန်မကို သေလောက်အောင် လန့်သွားအောင် လုပ်တာပဲ"
ရှောင်ဟွားက ရှက်ရွံ့သော အပြုံးဖြင့် ဝူရှန်းကို ကြည့်ကာ ပြောလိုက်သည်။
ဤချိုသာသော အသံကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ ရင်ထဲတွင် အရည်ပျော်သွားမတတ် ဖြစ်သွားခဲ့သည်။
"ရှောင်ဟွား.. ကိုယ်တို့ မြို့ထဲမှာ အိမ်တစ်လုံး ဝယ်လိုက်ရင် ကောင်းမယ်" ဟု ဝူရှန်းက ခဏမျှ စဉ်းစားရင်း ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့တွင် ငွေကြေး မရှားပါပေ။
"မြို့ထဲသွားပြီး ဘာလုပ်မလဲ…ကျွန်မက ဒီမှာရှိတဲ့ ငြိမ်းချမ်းပြီး အေးချမ်းတဲ့ ဘဝလေးကိုပဲ ပိုကြိုက်တာ"
ရှောင်ဟွားက ဝူရှန်း၏ ရင်ခွင်ထဲသို့ မှီရင်း ညင်သာစွာ ပြောလိုက်သည်။
သူမကဲ့သို့သော ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်တွင် မည်သည့် ရည်မှန်းချက်များ ရှိနိုင်မည်နည်း။
သူမသည် ဝူရှန်း၏ ဘေးနားတွင်သာ အမြဲတမ်း ရှိနေလိုခြင်း ဖြစ်သည်။
ဝူရှန်းလည်း သူမကို အတင်းအကျပ် မတိုက်တွန်းတော့ပေ။ သူမ ပျော်ရွှင်နေသမျှ ကာလပတ်လုံး အကောင်းဆုံးပင် ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးသား ချစ်ကြည်နူးနေကြစဉ်မှာပင် လှပသော ပုံရိပ်တစ်ခုသည် သူတို့အိမ်ထဲသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။
"အဟမ်း... ဝူရှန်း.. ဒီတစ်ယောက်က မင်းရဲ့ ဇနီးသည်လား"
ထိုအမျိုးသမီးက အသာအယာ ချောင်းဆိုးဟန်ဆောင်ရင်း မေးလိုက်သည်။
ရောက်လာသူမှာ အခြားသူမဟုတ်.. တစ်လမ်းလုံး နောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့သော ဟူရှီယောင်ပင် ဖြစ်ပေသည်။
"အင်း... ဟူရှီယောင်.. မင်း ဒီကို ဘာလာလုပ်တာလဲ"
ဝူရှန်းက ခေါင်းလှည့်ကာ ဟူရှီယောင်ကို ကြည့်ရင်း မေးလိုက်သည်။
ဝူရှန်းသည် သူ၏ ဇနီးဖြစ်သူအပေါ် ဒီလောက်နူးညံ့စွာ ပြောဆိုသော်လည်း သူမအပေါ်တွင်မူ ဒီလောက် တင်းမာစွာ ပြောဆိုလိမ့်မည်ဟု ဟူရှီယောင် လုံးဝမထင်ထားခဲ့ပေ။
"ငါက ငါ့ဂျူနီယာရဲ့ မိသားစုနောက်ခံကို လာကြည့်တာပေါ့..."
ဟူရှီယောင်က သဘာဝကျလှဟန်ဖြင့် ပြောလိုက်သည်။
ဝူရှန်းသည် ဟူရှီယောင် ဝူကျားရွာသို့ ရောက်လာခြင်းကို စိတ်ပျက်နေခြင်း မဟုတ်ပေ။
သူမ သူ့နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ခြင်းကိုသာ သူ အလွန်တရာ စိတ်ပျက်နေခြင်း ဖြစ်သည်။