အခန်း (၄) ဘယ်သူက သတ္တိနည်းတာလဲ
"အဘိုးကလည်း ဘာတွေပြောနေတာလဲ။ မြေးက သူမကို တကယ်ချစ်တာပါ.. ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရဲမှာလဲ" ပြောရင်း ဝူရှန်းသည် ရှောင်ဟွား၏ လက်ကလေးကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်သည်။
ဝူရှန်း၏ စကားကို ကြားလိုက်ရသဖြင့် ရှောင်ဟွား၏ ရင်ထဲတွင် ပြောမပြတတ်အောင် ပျော်ရွှင်သွားခဲ့သည်။
ထို့နောက် ဝူရှန်းသည် ရွှေပြား ၅ သိန်းပါသော အိတ်ကို အဘိုးဖြစ်သူ၏ ရှေ့သို့ တင်ပေးလိုက်သည်။
"အဘိုး.. ဒါက မြေး ဒီနေ့ ရှာထားတဲ့ ပိုက်ဆံတွေပါ..အဘိုးကြိုက်သလို သုံးဖို့ပဲ" ပြောရင်း အိတ်ကို အဘိုးဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကောင်လေး.. ရှာထားတဲ့ ပိုက်ဆံတွေကို ကိုယ်ပဲ သိမ်းထားပါလား ငါလို လူအိုကြီးက ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘာလုပ်လို့ နိုင်မှာလဲ" ဝူရှန်း၏ အဘိုးက ပြုံးစစဖြင့် ပြောလိုက်သည်။
"အဘိုး.. အဘိုး မသိသေးလို့ပါ..မြေးက အခု ကျင့်ကြံလို့ရတဲ့သူ ဖြစ်နေပြီလေ" ဝူရှန်းက စိတ်ရှည်လက်ရှည် ရှင်းပြရင်း "ဒါကို ကြည့်လိုက်ပါဦး..." စွမ်းအင်ကို အသုံးပြု၍ သစ်ပင်တစ်ပင်ကို လဲကျသွားအောင် လုပ်ပြလိုက်သည်။
"ဝူရှန်း.. ရှင့်စွမ်းအားတွေက အခု ဒီလောက်အထိ များနေပြီလား.. နောင်ကျရင် ကျွန်မကို မလိုချင်တော့ဘူး ဖြစ်သွားမလားဟင်"
ရှောင်ဟွားက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ဝူရှန်းလည်း အလွန်ပင် စိတ်ညစ်သွားခဲ့သည်။
သူသည် မိမိကိုယ်တိုင် ကျင့်ကြံနိုင်ပြီဖြစ်ကြောင်းကို အဘိုးဖြစ်သူအား သက်သေပြချင်ရုံသာ ရှိသေးသည်.. ဘာကြောင့် ရှောင်ဟွားဆီသို့ပါ သက်ရောက်သွားရပါသနည်း။
"ဒီမိုက်မဲတဲ့ ကောင်မလေးကလည်း.. ဘယ်လိုလုပ် မင်းကို မလိုချင်ဘဲ နေမလဲ ကိုယ်က မင်းကို ခပ်ဝဝ သားသမီးလေးတွေ အများကြီး မွေးပေးဖို့တောင်ဆိုမလို့ကို"
ဝူရှန်းသည် ရှောင်ဟွားကို သူ၏ ရင်ခွင်ထဲသို့ တင်းတင်းဆွဲသွင်းလိုက်သည်။
ဝူရှန်း၏ အဘိုးလည်း ထိုရွှေပြားများနှင့်ပတ်သက်၍ ထပ်မပြောတော့ပေ။
သူသည် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ကျင့်ကြံသူများအတွက် ရွှေပြားများသည် လုံးဝ အသုံးမဝင်ကြောင်း ကောင်းကောင်း သိထားပေသည်။
ချစ်သူနှစ်ဦး၏ အနေအထားကို မြင်လိုက်ရသဖြင့် သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးမှ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
ဝူရှန်းသည် ယခုအခါတွင် သိုးမကျောင်းတော့သော်လည်း သူ၏ အဘိုးကမူ သွားရောက်ကြည့်ရှုရန် လိုအပ်နေဆဲ ဖြစ်သည်။
"အဘိုးကလည်း အသက်အရွယ်လည်း ရနေပြီပဲ.. နောင်ဆို သိုးမကျောင်းနဲ့တော့..."
ဝူရှန်းက ပြောလိုက်လေသည်။
"ပိုက်ဆံရှိရုံနဲ့ ထိုင်နေလို့မှ မရတာ... ငါ့အရိုးအိုကြီးတွေနဲ့ လုပ်စရာလေး ဘာလေးတော့ ရှာလုပ်ရဦးမှာပေါ့"
ဝူရှန်း၏ အဘိုးက ပြုံးရင်း ပြန်ပြောလိုက်သည်။
သူ့ကို တား၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဝူရှန်းလည်း ဆက်မတားတော့ပေ။
"ဒါဆို ဘေးအန္တရာယ်ကို သတိထားနော် အဘိုး..."ဝူရှန်းက မှာကြားလိုက်သည်။
ဒီလောက်အသက်ကြီးမှသာ ချော်လဲသွားပါက ပြဿနာက ကြီးမားလှပေမည်။
အဘိုးဖြစ်သူ ထွက်သွားသည်ကို ကြည့်နေရင်းမှ...
"ရှောင်ဟွား.. ငါတို့ တစ်ခုခု လုပ်ရမလား"
မျက်နှာလေး အနည်းငယ် နီရဲနေသော ရှောင်ဟွားကို ကြည့်ရင်း ဝူရှန်းက အပြုံးစစဖြင့် ပြောလိုက်သည်။
"ဝူရှန်း.. ရှင့်ကိုအရင်က ဒီလောက် မယုတ်မာတတ်ဘူးထင်နေတာ.. အခုတော့ တော်တော်ဆိုးလာပြီပဲ"
ရှောင်ဟွားက ရင်ဘတ်ကို ထုကာ "ရှင်သာ လူယုတ်မာမှန်း..ကြိုသိရင် ဝူးဝူး..."
ဝူရှန်းလည်း စကားမပြောတော့ဘဲ သူမ၏ နှုတ်ခမ်းလေးကို တိုက်ရိုက် နမ်းရှိုက်လိုက်ပြီးနောက် သူမကို ချီပိုးကာ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။
"ဒါ နေ့ခင်းကြောင်တောင်ကြီးလေ..."
ရှောင်ဟွားက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ခဏနေရင် မှောင်လာမှာပဲ မဟုတ်ဘူးလား"
ဝူရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ရှောင်ဟွားလည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ့ကို သဘောကျမိသူမှာ သူမကိုယ်တိုင် မဟုတ်ပါလော။
"ရှောင်ဟွား.. ကိုယ်အရမ်း ညင်သာပေးမှာပါ…ဘာနာကျင်မှုကိုမှ ခံစားရစေမှာ မဟုတ်ဘူး"
ဝူရှန်းက ရှောင်ဟွား၏ လှပသော မျက်နှာလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"အင်း..."
ရှောင်ဟွားလည်း ခေါင်းညိတ်ပြလိုက်လေသည်။
ထိုသို့ဖြင့် သူတို့နှစ်ဦးသား တစ်ကျော့ပြန်...
နောက်တစ်နေ့ မနက်ခင်းတွင်...
အိပ်ပျော်နေဆဲဖြစ်သော ရှောင်ဟွားကို ကြည့်ရင်း ဝူရှန်းက သူမကို မနှိုးတော့ပေ။
တစ်ညလုံး ပင်ပန်းခဲ့ရသည်မှာ မပြောပလောက်အောင်ပင်။
ထို့နောက် ဝူရှန်းသည် အန်းပင်းမြို့ရှိ ဟွမ်ထျန်းဂိုဏ်း၏ တပည့်ဝင်ခွင့် စာမေးပွဲသို့ သွားရောက်ရန်အတွက် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ဝူရှန်း အခန်းထဲမှ ထွက်လာသည်နှင့် ရှောင်ဟွားလည်း မျက်လုံးဖွင့်လိုက်သည်။
သူမသည် ဝူရှန်း၏ မျက်နှာကို တည့်တည့်မကြည့်ဝံ့ပေ။
ညက အော်ဟစ်ခဲ့ရသည့် အသံများကို တွေးမိတိုင်း သူမ အလွန်ပင် ရှက်ရွံ့နေမိသည်။
ဝူရှန်းကမူ ရှောင်ဟွားတွင် ဒီလို အတွေးများ ရှိနေမှန်း လုံးဝမသိပေ။
သူသည် ရွာအနီးရှိ မြို့ငယ်လေးတစ်မြို့မှ မြင်းတစ်ကောင်ကို ငှားရမ်းကာ အန်းပင်းမြို့ရှိရာဆီသို့ မြင်းကို အပြင်းနှင်လာခဲ့သည်။
အန်းပင်းမြို့သို့ ရောက်ရှိလာသောအခါ မြို့ထဲတွင် လူငယ်သခင်များနှင့် သူဌေးသမီးများစွာ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
ထို့နောက် လူအုပ်ကြီး စုဝေးနေသည့် စင်မြင့်တစ်ခုထံသို့ သူ ရောက်ရှိသွားခဲ့သည်။
"ဒီတစ်ခါတော့ မြို့သခင်ရဲ့ သမီးတော်က အထူးအခွင့်အရေးနဲ့ ဝင်ခွင့်ရတာကလွဲလို့ ကျန်တဲ့သူတွေ အားလုံးက ဒီစင်ပေါ်မှာ တစ်နာရီကြာအောင် ခံနိုင်ရည်ရှိမှပဲ အောင်မြင်မှာတဲ့"
"ဒီလောက်များတဲ့ လူတွေက အလှည့်ကျ ဝင်တိုက်နေကြတာကို ဘယ်သူကများ ခံနိုင်မှာလဲ"
"ဒါပေါ့... အပေါ်ယံအားဖြင့် စည်းမျဉ်းမရှိသလိုလိုနဲ့ တကယ့်တကယ်တော့ အရမ်းခက်ခဲတာပဲ"
"အခု စင်ပေါ်မှာ ရှိနေတဲ့ကောင်က ဘယ်သူလဲ"
"ကြားရတာတော့ ချန်းမိသားစုရဲ့ လူငယ်သခင် ချန်းယန် လို့ပြောတာပဲ"
"သူ ဘယ်လောက်ကြာပြီလဲ"
"မကြာခင် တစ်နာရီပြည့်တော့မှာ"
"...."
ထိုစကားသံများကို ကြားလိုက်ရသဖြင့် ဝူရှန်း စိတ်ဝင်စားသွားခဲ့သည်။
သူသည် ထိုလူငယ်သခင်ကို တက်သွားပြီး ထိုးချပစ်ရမလားဟု တွေးတောနေမိသည်။
သို့သော် သူ မလှုပ်ရှားသေးပေ။
သူက ပြဿနာရှာလိုစိတ် မရှိသလို ဘေးလူတစ်ယောက်အနေဖြင့် ကြည့်နေရုံဖြင့် လုံလောက်ပြီဟု ထင်နေခဲ့သည်။
ဝူရှန်း၏ အယူအဆအရ မီးတောက်ကို ကိုယ်တိုင်တောက်စေလျှင် ပြီးရော.. တခြားသူတို့၏ မီးကို ဘာကြောင့် ငြိမ်းသတ်နေရမည်နည်း။
သူသည် အောက်တွင် ရပ်နေရင်း စင်ပေါ်ရှိလူ၏ အချိန်ပြည့်သွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
"မင်းတို့တွေ အားလုံးက သတ္တိနည်းတဲ့ လူကြောက်တွေချည်းပဲ.. တက်လာရဲတဲ့ကောင် တစ်ကောင်မှတောင် မရှိဘူးလား" ချန်းယန်က လူအုပ်ကြီးကို ကျယ်လောင်စွာဖြင့် လှောင်ပြောင်လိုက်သည်။
ထိုစကားသည် ဝူရှန်းကိုပါ အပါအဝင်ဖြစ်သွားစေခဲ့သည်။
ဒီလို အခြေအနေကို မည်သူက သည်းခံနိုင်မည်နည်း။
သူက ပြဿနာကို မရှာသော်လည်း ပြဿနာကို ကြောက်တတ်သူတော့ မဟုတ်ပေ။
ဖားခရုပဲ...
"မင်းက ဘယ်သူ့ကို သတ္တိနည်းတယ်လို့ ခေါ်တာလဲ.. မင်းက တော်တော် မာန်တက်နေပြီပေါ့လေ"
ဝူရှန်းက အောက်မှနေ၍ မျက်နှာတင်းမာစွာဖြင့် အော်ပြောလိုက်သည်။
သူ၏အသံကြောင့် ပတ်ဝန်းကျင်ရှိ ဖရဲသီးစားရင်း ပွဲကြည့်နေကြသော လူအုပ်ကြီးမှာ ချက်ချင်းပင် လန့်သွားခဲ့သည်။
အချို့ဆိုလျှင် ဝူရှန်းနားမှ ဘေးသို့ တမင်တကာ ဖယ်ရှားသွားကြသည်။
သူ၏ လုပ်ရပ်ကြောင့် လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားခဲ့သည်။
မလှမ်းမကန်းရှိ အဆောက်အအုံတစ်ခုပေါ်မှ လှပသော မျက်ဝန်းတစ်စုံသည် ထိုနေရာကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်တွင် အပြုံးတစ်ခု ပါဝင်နေသည်။
"ငါပြောတာ ဒီမှာရှိတဲ့ လူတိုင်းကို ဆိုလိုတာပါပဲ"
ချန်းယန်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
ပတ်ဝန်းကျင်တွင် ရှိနေကြသော လူတိုင်းသည် ဒေါသထွက်ကြသော်လည်း တစ်ခွန်းတစ်ပါးမျှ မပြောရဲကြပေ။
ချန်းယန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
ဝူရှန်းသည် ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ကြည့်လိုက်သည်။
"ခွေးသားပဲ... မင်းတို့မှာ သတ္တိမရှိရင် ငါပဲ တက်သွားလိုက်မယ်..”
ပြောပြီးနောက် ဝူရှန်းသည် စင်ပေါ်သို့ တက်သွားခဲ့သည်။
ပါးလွှာသော ကိုယ်ခန္ဓာရှိသည့် ဝူရှန်းကို မြင်လိုက်ရသဖြင့် ချန်းယန်က သူ့ကို လုံးဝ အလေးအနက် မထားခဲ့ပေ။
"မင်း အရင်စ တိုက်လိုက်ပါ... ငါက အားနည်းတဲ့သူကို အားနဲ့ဖိနှိပ်တယ်လို့ တခြားသူတွေ မပြောစေနဲ့"
ချန်းယန်က လေသံအေးဖြင့် ပြောလိုက်သည်။
ချန်းယန်၏ ဒီလို သွန်သင်ဆုံးမသည့် ပုံစံကို မြင်လိုက်ရသဖြင့် ဝူရှန်းမှာ အန်ချင်လာသလို ခံစားလိုက်ရသည်။
ကိုယ့်မှာ စွမ်းအားမရှိဘဲ ဘာတွေ ဟန်ဆောင်နေတာလဲ..
"မင်းပြောတာနော်.. ဒါဆို ငါလည်း ယဉ်ကျေးမနေတော့ဘူး"
ဝူရှန်းက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
ဝူရှန်းလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သေလမ်းကို ကိုယ်တိုင်ရှာနေမှတော့ သူလည်း ဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။
လျင်မြန်ခြေလှမ်းကိုသုံးလိုက်ပြီး သူသည် ချန်းယန်အနား ရောက်ရှိသွားကာ ချန်းယန်၏ မျက်နှာဆီသို့လက်သီးဖြင့် ထိုးချလိုက်သည်။
ချန်းယန်မှာ လေထဲသို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ကျရောက်ကာ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
"ဟာ့... အသုံးမကျတဲ့အကောင်လေးပဲ.. နှာခေါင်းထဲ ကြက်သွန်မြိတ်ထိုးပြီး လူကြီးလူကောင်းလို မဟန်ဆောင်စမ်းပါနဲ့"
ဝူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။
ချန်းယန်မှာမူ ထိုတွင်းထဲတွင် လဲလျက်သားရှိနေဆဲဖြစ်ပြီး လှုပ်ရှားနိုင်ပုံ မပေါ်တော့ပေ။
"သူ့အစ်ကိုက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား"
"သူ့အစ်ကိုက ဟွမ်ထျန်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်လေ.. ဒီတစ်ခါ ဟွမ်ထျန်းဂိုဏ်းထဲ ဝင်သွားရင် မင်း ဒုက္ခရောက်လိမ့်မယ်"
"...."
အောက်မှ လူများ၏ ပြောဆိုဆွေးနွေးသံများကို ကြားလိုက်ရသော်လည်း ဝူရှန်းကမူ လုံးဝ ဂရုမစိုက်ပေ။
သူ၏ ကျင့်စဉ်သည် အခြားသူများနှင့် မတူပေ။
အမျိုးသမီးများသာ ရှိနေသမျှ ကာလပတ်လုံး သူသည် ဆက်လက် တက်လှမ်းနေနိုင်မည်သာ ဖြစ်သည်။
"အောက်က လူတွေ အကုန်လုံး ဆွေးနွေးနေတာ ရပ်လိုက်ကြစမ်းပါ သတ္တိရှိရင် အပေါ်တက်ခဲ့ကြစမ်းပါ"
ဝူရှန်းက အောက်မှ ပြောဆိုနေကြသော အသံများကို ကြည့်ကာ ပြောလိုက်သည်။
ချန်းယန်တစ်ယောက်တည်းကိုပင် ကြောက်လန့်နေကြပြီဖြစ်ရာ ဝူရှန်းက ချန်းယန်ကို လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားအောင် ထိုးချလိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ကြောက်ရွံ့သွားကြသည်။
"မင်းတို့ အားလုံး အပေါ်ကို အုပ်စုလိုက် တက်လာကြ…မင်းတို့သာ ငါ့ကို နိုင်အောင် လဲချနိုင်ရင် ငါရှုံးကြောင်း ဝန်ခံမယ်" အပေါ်သို့ တက်လာရဲကြခြင်းမရှိသော အောက်မှ လူများကို ဝူရှန်းက ပြုံးရင်း ပြောလိုက်သည်။
'နေပါဦး..ငါကပိုမောက်မာနေတာလား’ ဝူရှန်းတစ်ချက်တွေးလိုက်သည်။ ထားပါတော့…
အောက်မှ လူများလည်း တဖြည်းဖြည်းဖြင့် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြသည်။
"ညီအစ်ကိုတို့.. မင်းတို့ တက်မှာလား မတက်ဘူးလား"
"ငါတို့ လူအုပ်စုလိုက်နဲ့ ဒီကောင့်ကို မနိုင်နိုင်ဘဲ နေမလား"
"ဒါပေါ့.. ငါတို့ လူအုပ်နဲ့ဆို ဒီကောင့်ကို အနိုင်ယူနိုင်မှာ သေချာတယ်"
"အင်း.. ဒါဆို အားလုံး အတူတကွ တက်ပြီး သူ့ကို သင်ခန်းစာ ပေးလိုက်ကြစမ်းပါ..."
"...."
ထို့ကြောင့် လူအုပ်ကြီးသည် စင်ပေါ်သို့ အုံနဲ့ကျင်းနဲ့ တက်သွားခဲ့ကြသည်။
"ခွေးသားပဲ.. ဒီကောင် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်မလို့လား" မလှမ်းမကန်းမှ ပွဲကြည့်နေကြသော လူအုပ်ကြီးက အံ့သြတကြီးဖြင့် ပြောလိုက်သည်။
လှပသော မျက်ဝန်းပိုင်ရှင် အမျိုးသမီးမှာလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
ထိုအမျိုးသမီးသည် အခြားသူမဟုတ်.. ဟူရှီယောင်ပင် ဖြစ်ပေသည်။
ဝူရှန်းသည် ဘာကြောင့် ဒီလို တောင်းဆိုမှုကို လုပ်ရသလဲဆိုသည်ကို သူမ အလွန်တရာ အံ့ဩနေမိသည်။
စင်ပေါ်တွင်...