အခန်း (၃) တင် တောင်းလက်ဆောင်
သူမသာ အခွင့်အရေးရလျှင် ဒီယောကျ်ားကို အပိုင်းပိုင်းခုတ်ထစ်ပစ်ချင်နေပေသည်။
"ဟဲဟဲ... မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုကြည့်ရတာတော့ သိပ်မကြာခင်မှာပဲ အဆင်ပြေသွားတော့မှာပါ"
ဆိုင်ရှင်က အပြုံးဖြင့် ထပ်ပြောလိုက်သည်။
ဝူရှန်းမှာမူ စကားပင်မပြောနိုင်တော့ပေ။
ဘာတွေလဲ…
သူက လမ်းခရီးတွင် လူတစ်ယောက်ကို ကူညီခဲ့ရုံသာ ရှိသေးသည်..
မည်သည့်အချိန်က သူမက သူ့ဇနီးဖြစ်သွားခဲ့ပါသနည်း။
"ဆိုင်ရှင်.. အပိုစကားတွေ မပြောနဲ့တော့ ကိုယ့်အလုပ်ကိုယ်သာ လုပ်စေချင်တယ်..”
ဝူရှန်းက ဆိုင်ရှင်ကို ပြောလိုက်သည်။
ဟူရှီယောင်ကမူ အဝတ်အစားများကို စေ့စေ့စပ်စပ် ရွေးချယ်နေလေသည်။
ဝူရှန်းတွင်မူ ထိုသို့သော စိတ်ဝင်စားမှုမျိုး လုံးဝမရှိပေ။
ထိုသို့ဖြင့် အချိန်တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။
ဟူး…ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် မိန်းမဆိုတာ ဒီလိုမျိုးပဲ…
"ဟေး..ပြောရဦးမယ် မင်း.. ဘယ်တော့လောက်မှ ရွေးပြီးမှာလဲ..ငါ မြို့ပြင်ပြန်ဖို့ အရေးကြီးနေသေးတယ်"
ဝူရှန်းက စိတ်မရှည်တော့ဘဲ တိုက်တွန်းလိုက်သည်။
"ဘာလို့ အဲ့လောက်တောင် အရေးကြီးနေရတာလဲ…အနည်းဆုံးတော့ သင့်တော်တာလေး တစ်စုံတော့ ရွေးရဦးမှာပေါ့"
ဟူရှီယောင်က မျက်မှောက်ကြုတ်ကာ ပြောလိုက်သည်။
ထိုမှသာ ဟူရှီယောင်သည် အဝတ်အစားတစ်စုံကို ဆွဲယူကာ အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။
ခဏတာ စောင့်ဆိုင်းပြီးနောက် ဟူရှီယောင်လည်း အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
ထိုမြင်ကွင်းကြောင့် ဝူရှန်း၏ မျက်လုံးများပင် တဖျပ်ဖျပ် လက်သွားခဲ့သည်။
ယခင်က ဟူရှီယောင်သည် ဆုတ်ပြဲနေသော အဝတ်အစားများနှင့် ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ယခုမူ သူမသည် အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်များကို သပ်သပ်ရပ်ရပ် စည်းနှောင်ကာ မျက်နှာလေးမှာလည်း သန့်ရှင်းနေသဖြင့် သူမ၏ ဖြူဝင်းနုဖတ်နေသော အသားအရေကြောင့် တစ်ဖက်လူ၏ အာရုံများကို ဖမ်းစားထားနိုင်ပေသည်။
ဒီပုံစံကမှ သူဌေးသမီးတစ်ယောက်၏ ရုပ်ရည်နှင့် ပို၍ လိုက်ဖက်နေပေတော့သည်။
"ဘယ်လိုလဲ.. ဒီသခင်မလေးရဲ့ အလှတရားကြောင့် စိတ်တွေမျောသွားပြီလား" ဟု အံ့သြမှင်သက်နေသော ဝူရှန်းကို ကြည့်ရင်း ဟူရှီယောင်က မာန်ပါပါဖြင့် မေးလိုက်သည်။
ဝူရှန်းသည်လည်း သူမကို မာန်ဝင့်ခွင့်ပေးမည် မဟုတ်ပေ။
"ဟမ့်... မင်းသာ ရေချိုးသန့်စင်ပြီး ကိုယ်တုံးလုံးနဲ့ ငါ့ရှေ့လာရပ်ရင်တောင် ဒီသခင်လေးကတော့ စိတ်မဝင်စားပါဘူး"
ဝူရှန်းက ရှက်ကြောက်ခြင်းကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
သို့သော် သူသည် ခိုးကြောင်ခိုးဝှက်ဖြင့် သူမကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ခေါင်းကို အမြန်လွှဲလိုက်သည်။
ဝူရှန်း၏ အကြည့်များကို ဟူရှီယောင်က သတိထားမိလိုက်သည်။
‘ဒီလူဆိုးကောင် မခံချင်စိတ်နဲ့ ငြင်းနေတာပဲ…’
ထို့နောက် သူမသည် ဝူရှန်း၏ နားသို့ လျှောက်သွားကာ ဘေးတွင်ရပ်ရင်း သူ၏လက်မောင်းကို ချိတ်ကာ ဖြားယောင်းသလို ယမ်းခါပြလိုက်သည်။
ထိုခဏတွင် ဝူရှန်း၏ ရင်ထဲ၌ အရည်ပျော်သွားမတတ် ဖြစ်သွားခဲ့သည်။
ဒီလို လှပသော အမျိုးသမီးတစ်ဦး၏ အလိုလိုက်မျက်နှာချိုသွေးမှုကို မည်သည့်ယောကျ်ားကများ ခံနိုင်ရည် ရှိမည်နည်း။
"အဟမ်း... ယမ်းတာ ရပ်တော့.. ငါ သတိလွတ်သွားတော့မယ်… သတိလွတ်သွားရင် မတော်တဆ တချို့ကိစ္စတွေ လုပ်မိသွားနိုင်တယ်နော်"
ဟူရှီယောင်၏ နှုတ်ခမ်းပါးလေးများကို မဲ့ပြုံးပြုံးကြည့်ရင်း ဝူရှန်းက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသဖြင့် ဟူရှီယောင်လည်း ဝူရှန်း၏လက်ကို အမြန်လွှတ်လိုက်သည်။
"ဘယ်နှစ်စုံ ရွေးပြီးပြီလဲ.. ပိုက်ဆံရှင်းပြီး ဒီကနေ ထွက်ကြရအောင်"
ဝူရှန်းက စိတ်မရှည်တော့သည့် ပုံစံဖြင့် ပြောလိုက်သည်။
သူ တကယ်ကို စိတ်မရှည်တော့ပေ။ ဒီမိန်းကလေးက သူ့ကို ညှင်းပန်းနေခြင်းပင်..
"ဒီတစ်စုံတည်းပဲ... ကျန်တာတွေကို သဘောမကျဘူး" ဟု ဟူရှီယောင်က လေသံအေးဖြင့် ပြောလိုက်သည်။
ဝူရှန်းမှာမူ စကားပင်မပြောနိုင်တော့ပေ။
နေ့တစ်ဝက်.. ရွေးနေခဲ့ပြီးမှ အဝတ်အစားတစ်စုံတည်းကိုသာ ဝယ်မည်တဲ့လား။
"ဆိုင်ရှင်.. မြန်မြန်လာပြီး ရှင်းပေးပါ..."
ဝူရှန်းက ဆိုင်ရှင်ကို လှမ်းအော်လိုက်သည်။
"ဆိုင်ရှင်.. ကျွန်မဝတ်ထားတဲ့ ဒီအဝတ်အစားက ဘလောက်ကျလဲ"
ဟူရှီယောင်က မေးလိုက်သည်။
ဆိုင်ရှင်သည် အဝတ်အစားကို တစ်ချက်ကြည့်လိုက်သည်။
"ရွှေပြား ငါးသောင်းပါ" ဟု ဆိုင်ရှင်က မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။
သို့သော် ဝူရှန်းကမူ သူဟူရှီယောင်ကို ရွှေပြား တစ်သောင်းသာ ပေးခဲ့ကြောင်း ကောင်းကောင်းသိထားသည်။
ထို့နောက် သူသည် သူ့ကို တစိုက်မတ်မတ် ကြည့်နေသော အပြစ်ကင်းစင်သည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
ဘာကောင်းတာမှ ဖြစ်လာစရာ မရှိကြောင်း ဝူရှန်း ကောင်းကောင်းသိလိုက်သည်။
"မင်းက တကယ်ကို ငါ့ကို ဒုက္ခပေးဖို့ ဖြစ်လာတာပဲ"
"ဆိုင်ရှင်.. ကျန်တဲ့အဝတ်အစားတွေကိုပါ အကုန်ထုတ်ပေးလိုက်ပါ။း… သူမဝတ်ထားတာနဲ့ပါဆိုရင် အကုန်ပေါင်း ဘယ်လောက်ကျလဲ"
ဝူရှန်းက မေးလိုက်သည်။
"အင်း... ခင်ဗျားကို လျှော့ပေးပါ့မယ်.. ရွှေပြား သုံးသိန်းခွဲပေးပါ…ဘယ်လိုလဲ လူငယ်လေး" ဟု ဆိုင်ရှင်က ဝူရှန်းကို ကြည့်ကာ ပြောလိုက်သည်။
မဆိုးပေ…ဝူရှန်း ခေါင်းညိတ်လိုက်ရတော့သည်။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် ငွေကြေး မရှားပါပေ။
ငွေရှာရသည်မှာလည်း လွယ်ကူသည်။ သူသွားပြီး တိုက်ရိုက် ယောင်သားရဲများကို သတ်ဖြတ်ရုံသာ ရှိပေသည်။
အပိုစကားများ မပြောတော့ဘဲ သူသည် ရွှေပြားများကို တိုက်ရိုက်ထုတ်ယူကာ ရှင်းပေးလိုက်ပြီးနောက် ချက်ချင်းပင် ထွက်လာခဲ့လိုက်သည်။
"ဟေ့... ရှင်က နာမည်တောင် မပြောရသေးဘူးလေ"
ထွက်ခွာသွားသော ဝူရှန်း၏ ကျောပြင်ကို ကြည့်ရင်း ဟူရှီယောင်က အော်ပြောလိုက်သည်။
ဝူရှန်းသည် သူ၏ခြေလှမ်းများကို ရပ်တန့်မသွားဘဲ ဒီဘဝတွင် ဒီမိန်းကလေးနှင့် ထပ်မံ တွေ့ကာပတ်သက်စရာ အကြောင်းမရှိ လောက်တော့ကြောင်း တွေးလိုက်သည်။
‘သူအဝတ်တွေတောင်၀ယ်ပေးခဲ့ပြီးပြီ…နာမည်ထပ်ပြောလိုက်တာကဘာမှကိစ္စမရှိဘူးမို့လား..’
"ဝူရှန်း... ဝူက ဝူရှန်းရဲ့ ဝူ.. ရှန်းက ဝူရှန်းရဲ့ ရှန်းပဲ.. ကဲ... နှုတ်ဆက်ပါတယ်…မဟုတ်ဘူး.. နောက်ဘယ်တော့မှ မတွေ့ကြရအောင် လုပ်ကြတာပေါ့..."
ဝူရှန်း၏ အသံသည် အဝေးမှ လွင့်ပျံလာခဲ့သည်။
သူ၏ နာမည်ရှင်းပြချက်ကို ကြားလိုက်ရသဖြင့် ဟူရှီယောင်၏ နဖူးပေါ်တွင် အစင်းကြောင်းများ ပေါ်လာတော့သည်။
"ငါပြောချင်တာက မနက်ဖြန် မြို့ထဲမှာ ဟွမ်ထျန်းဂိုဏ်းက တပည့်သစ်တွေ ခေါ်ယူတော့မှာ… စိတ်ဝင်စားလားလို့ပါ"
ဟူရှီယောင်က ထပ်အော်ပြောလိုက်သည်။
ထိုမှသာ ဝူရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
"ဒါဆို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မနက်ဖြန် ငါလာခဲ့မယ်" ဟု ဝူရှန်းက နောက်သို့လှည့်မကြည့်ဘဲ ပြောလိုက်သည်။
ဝူရှန်းသည် ထိုနေရာတွင် တစ်စက္ကန့်တောင် ဆက်မနေလိုတော့ပေ။
ဤမိန်းကလေးသည် အလွန်တရာ အန္တရာယ်များပြီး ကိုင်တွယ်ရ ခက်ခဲလှပေသည်။
"ဟွန့်..."
ဝူရှန်းက နောက်သို့ပင် လှည့်မကြည့်သည်ကို မြင်လိုက်ရသဖြင့် ဟူရှီယောင်မှာ နှာတစ်ချက်ရှုံ့လိုက်ပြီး ဝူရှန်းသွားရာ လမ်းကြောင်း၏ ဆန့်ကျင်ဘက်သို့ ထွက်သွားခဲ့လေသည်။
နာရီဝက်ခန့် ခရီးဆက်ပြီးနောက် ဝူရှန်းလည်း ဝူကျားရွာသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့သည်။
ထို့နောက် သူသည် ရှောင်ဟွား၏ အိမ်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ဟွား၏ မိဘများ အိမ်တွင် ရှိနေကြသည်။
"ဦးလေး.. အဒေါ်..." ဟု ဝူရှန်းက သူတို့နှစ်ဦးကို လေးစားစွာဖြင့် ခေါ်လိုက်သည်။
"အင်း... ဝူရှန်း.. မင်းက သိုးမကျောင်းဘဲ ဘာလို့ ငါတို့အိမ်ဘက်ကို ပြေးလာရတာလဲ" ဟု ရှောင်ဟွား၏ ဖခင်က သံသယဖြင့် မေးလိုက်သည်။
ထိုစဉ် ရှောင်ဟွားသည် အိမ်ထဲမှ အပြေးအလွှား ထွက်လာခဲ့သည်။
"ဖေဖေ.. မေမေ.. ကျွန်မနဲ့ ဝူရှန်းနဲ့ လက်တွဲဖော် ဖြစ်သွားကြပြီ"
ရှောင်ဟွားက အရင်ဦးဆုံး ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ရှောင်ဟွားနှင့် ဝူရှန်းတို့ လက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။
"ဝူရှန်းက သိုးကျောင်းဖို့ပဲ သိတာ.. တခြားဘာမှလည်း မလုပ်တတ်ဘူး..မင်းသာ သူ့နောက်ကို လိုက်သွားရင် ဒုက္ခရောက်မှာပဲ"
ရှောင်ဟွား၏ မိခင်က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
မည်သည့်မိဘကမှ မိမိတို့၏ သမီးဖြစ်သူကို လူကောင်းသူကောင်းထံ လက်ထပ်ပေးပြီး ဘဝကို ပျော်ရွှင်စွာ မဖြတ်သန်းစေလိုဘဲ ရှိမလဲ။
သူတို့၏ နားလည်မှုအရ ဝူရှန်းသည် သူ့နာမည်အတိုင်း အလွန်ပျင်းရိပြီး ဘာမှမလုပ်တတ်သည့် လူပျင်းတစ်ယောက်သာ ဖြစ်သည်။
"မဟုတ်ပါဘူး မေမေ.. ကျွန်မ သူ့ကို သဘောကျနေတာ ကြာပြီ.. ကျွန်မတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တယ်လို့ ခံစားရတယ်"
မိခင်ဖြစ်သူ၏ မကျေနပ်မှုကို ကြားလိုက်ရသဖြင့် ဝူရှန်းမှာ အနည်းငယ် စိုးရိမ်လာခဲ့သည်။
ရှောင်ဟွား စိုးရိမ်နေသည်ကို ဝူရှန်းက မြင်လိုက်ရသည်။
"ဟဲဟဲ... ရှောင်ဟွား.. စိတ်မပူနဲ့..အဒေါ်တို့ စိုးရိမ်တာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး…တကယ်လို့သာ ကိုယ့်မှာ မင်းကို ပျော်ရွှင်စေမယ့် စွမ်းရည်တွေ မရှိရင် ကိုယ်က ဘယ်လိုလုပ်ပြီး မင်းနဲ့အတူ ရှိဝံ့မှာလဲ"
ဝူရှန်းက ရှောင်ဟွား၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကိုင်ရင်း ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူသည် ရွှေပြား ၅ သိန်း အပြည့်ပါရှိသော အိတ်ကို ထုတ်ယူလိုက်သည်။
"ဦးလေး.. အဒေါ်.. ဒါက ရှောင်ဟွားအတွက် တင်တောင်းတဲ့လက်ဆောင်ပါပဲ" ဟု ဝူရှန်းက အပြုံးဖြင့် ပြောလိုက်သည်။
သူတို့လို ရွာငယ်လေးများတွင် မိသားစုတစ်စုလုံး တစ်နှစ်ပတ်လုံး လုပ်ကိုင်စားသောက်လျှင်တောင် ရွှေပြားအနည်းငယ်မျှသာရှာနိုင်ကြသည်။
ရှောင်ဟွား၏ မိဘနှစ်ပါးသည် အိတ်ထဲမှ ရွှေပြားများကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
"အိုဝူ.. ငါ့ကို တစ်ချက်လောက် ရိုက်စမ်းပါဦး။ ဒါတွေက အစစ်မှန်း ငါမယုံနိုင်ဘူး"
ရှောင်ဟွား၏ မိခင်က မယုံကြည်နိုင်သော အမူအရာဖြင့် ဖခင်ဖြစ်သူကို ပြောလိုက်သည်။
ထိုသူနှစ်ဦးကို ကြည့်ရင်း ဝူရှန်း ပြုံးလိုက်သည်။
တောသူတောင်သား ရိုးရိုးလူများအနေဖြင့် တစ်ပြိုင်နက်တည်း ငွေပမာဏများစွာကို မြင်လိုက်ရလျှင် ချက်ချင်းလက်ခံနိုင်ရန် ခက်ခဲပေမည်။
"ဦးလေး.. အဒေါ်.. ဒါဆိုရင် ကျွန်တော် ရှောင်ဟွားကို ကျွန်တော့်အိမ်ကို ခေါ်သွားတော့မယ်နော်" ဟု ဝူရှန်းက သူတို့နှစ်ဦးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
ရှောင်ဟွား၏ မိဘများလည်း ခေါင်းညိတ်ပြလိုက်ကြသည်ဟု ဝူရှန်း ခံစားလိုက်ရသည်။
"ရှောင်ဟွား.. မင်းက အခုကစပြီး ကိုယ့်လူပဲလေ.. နောင်ကျရင် မင်းကို ကောင်းကောင်းဆက်ဆံပါ့မယ်"
ပြောရင်း ဝူရှန်းသည် ရှောင်ဟွား၏လက်ကို ဆွဲကာ သူတို့အိမ်ရှိရာဆီသို့ အမြန်လျှောက်သွားခဲ့သည်။ "လမ်းမှာ လာတုန်းက ကိုယ်မင်းအတွက် အဝတ်အစားတွေ ဝယ်ခဲ့သေးတယ်..."
သူတို့နှစ်ဦးသား လမ်းတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် စကားပြောလာခဲ့ကြရာ မကြာမီမှာပင် ဝူရှန်း၏ အိမ်သို့ ရောက်ရှိလာခဲ့ကြသည်။
ဝူရှန်း၏ မိသားစုတွင် သူနှင့် သူ့အဘိုး နှစ်ဦးတည်းသာ ရှိသည်။ သူ၏ မိဘများမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ အခြားနေရာသို့ ထွက်သွားခဲ့ကြရာ ယခုတိုင် ပြန်မလာကြသေးပေ။
"အဘိုး..." အဘိုးဖြစ်သူကို မြင်လိုက်ရသဖြင့် ဝူရှန်းက ချက်ချင်းပင် အော်ခေါ်လိုက်သည်။
"ရှောင်ဟွား.. ဒီကစပြီး သူကလည်း မင်းရဲ့အဘိုးပဲနော်"
ဝူရှန်းက အဘိုးဖြစ်သူကို ညွှန်ပြရင်း ပြောလိုက်သည်။
"အဘိုး..."
ရှောင်ဟွားလည်း မျက်နှာလေး ရဲတက်လျက် ခေါ်လိုက်လေသည်။
ဝူရှန်း၏ အဘိုးသည် ဝူရှန်းနှင့် ရှောင်ဟွားတို့ လက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ထို့အပြင် သူတို့နှစ်ဦးသည် ယခုလက်ကိုင်တွဲလျက် ရှိနေကြသည်။
ရှောင်ဟွားသည် ရွာအနီးတစ်ဝိုက်တွင် အလှပဆုံး မိန်းကလေးတစ်ဦးအနေဖြင့် နာမည်ကြီးသူ ဖြစ်ပေသည်။
"ဝူရှန်း.. မင်းက ရှောင်ဟွားနဲ့ လက်တွဲဖော် ဖြစ်လာပြီဆိုတော့ သူမကို ကောင်းကောင်းဆက်ဆံရမယ်.. နောင်တစ်ချိန်မှာ မင်း သူမကို အနိုင်ကျင့်တာကို ငါသိသွားရင် ငါ့တောင်ဝှေးက လူမရွေးဘူးနော်"
ဝူရှန်း၏ အဘိုးက ဆုံးမစကားပြောဆိုလိုက်တော့သည်။