အခန်း (၁၇) စတော်ကင်များ ရောင်းချခြင်း
ထို့နောက် ဝူရှန်းလည်း ဆိုင်ခန်းတွင်းရှိ အမှိုက်သရိုက်များကို တစ်ယောက်တည်း ဖယ်ရှားရှင်းလင်းရင်း အလုပ်ရှုပ်နေခဲ့သည်။ ဆိုင်ကို အနည်းငယ် ပြင်ဆင်ရန်သာ လိုအပ်ပေသည်။
"ဝူရှန်း... ရှင် တကယ်ပဲ ကျွန်မရဲ့ အကူအညီကို မလိုချင်ဘူးလား"
အလုပ်ရှုပ်နေသော ဝူရှန်းကို ကြည့်ရင်း ဟူရှီယောင်က မေးမြန်းလိုက်သည်။
ဝူရှန်းအနေဖြင့် ဟူရှီယောင်၏ လှပမှုနှင့် တင့်တယ်မှုကို အညစ်အကြေးများက ထိခိုက်စေရန် လုံးဝ အလိုမရှိပေ။
"မင်း ဆိုင်ရှေ့မှာ ခဏစောင့်နေလိုက်ပါ.. ကိုယ်တစ်ယောက်တည်း ခဏလေးနဲ့ ပြီးသွားပါမယ်"
ဝူရှန်းက ဆိုင်ပြင်တွင် ရှိနေသော ဟူရှီယောင်ကို ကြည့်ကာ ကြင်နာယုယစွာ ပြောဆိုလိုက်သည်။
ယခုအချိန်တွင် သူသည် အတိတ်ဘဝ၏ မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏ စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် ဟူရှီယောင်ကို မိန်းမတစ်ဦးအဖြစ် အသိအမှတ်ပြုပြီးသား ဖြစ်နေခဲ့ပြီတည်း။
ဒီလို တစ်နာရီခန့် အလုပ်ရှုပ်သွားပြီးနောက် အားလုံး ပြီးမြောက်သွားခဲ့သည်။
ဟူရှီယောင်လည်း တစ်နာရီတိတိ အလုပ်လုပ်နေသော ဝူရှန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
ပုံမှန်အချိန်များတွင် လူဆိုးဆန်ဆန် အပြုအမူများ ရှိတတ်သော်လည်း ဝူရှန်းသည် တစ်စုံတစ်ရာကို လုပ်ကိုင်နေချိန်တွင် အလွန်တရာ ဆွဲဆောင်မှု ရှိနေသည်ကို သူမ တွေ့ရှိခဲ့ရသည်။
သူမသည် ဝူရှန်းနှင့် ပို၍ပင် နီးကပ်ချင်စိတ်များ ပြင်းပြနေခဲ့သည်။
ဝူရှန်းလည်း ဟူရှီယောင် သူ့ကို ကြည့်နေခြင်းကို လုံးဝ ဂရုမစိုက်ပေ။
ထို့နောက် သူသည် ဖန်စားပွဲရှည် တစ်ခုသို့ ပြောင်းလဲလိုက်ကာ အမျိုးသမီး ရုပ်တုအချို့ကို ဝယ်ယူ၍ ၎င်းတို့ပေါ်တွင် စတော်ကင် ရောင်စုံများကို ဝတ်ဆင်ပေးလိုက်သည်။
နောက်ဆုံးတွင် ကြော်ငြာပိုစတာကို ဆိုင်ရှေ့နားတွင် ချိတ်ဆွဲလိုက်သည်။
ဝူရှန်းက လူအုပ်ကြီးကို ရည်ရွယ်၍ အကျယ်ကြီး အော်ဟစ်လိုက်သည်။
"ကျွန်တော်တို့ဆိုင် ယနေ့ စတင်ဖွင့်လှစ်ပါပြီ.. ပစ္စည်းအားလုံးကို တစ်ဝက်ဈေးနဲ့ ရောင်းချပေးနေပါပြီ..."
လမ်းသွားလမ်းလာ လူအချို့လည်း ဝူရှန်း၏ ဆိုင်ဘက်သို့ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်လာကြသည်။
"ဟင်... ဒါ ဘယ်လို ဝတ်စုံမျိုးလဲ.. ကြည့်လို့ အရမ်းကောင်းတာပဲ..."
"နောက်တစ်ချက် ထပ်ကြည့်ရင် ရှင့်ရဲ့ မျက်လုံးကို ထိုးထုတ်ပစ်မယ်နော်"
"ညီလေး... မင်းရဲ့ တာအိုလက်တွဲဖော်အတွက် တစ်စုံလောက် ဝယ်မပေးဘူးလား"
"ကြည့်နေတဲ့သူတွေ အများကြီးလေ... တကယ်လို့ ငါ့မိန်းမ ဒါကို ဝတ်တယ်ဆိုတာ တခြားသူတွေ သိသွားရင် ငါ့ကို ဆဲဆိုပြီး သေသွားလိမ့်မယ်"
"ဟားဟား... ငါလည်း ငါ့ရဲ့ စီနီယာအစ်မအတွက် ဝယ်ပေးချင်နေတာ"
"အစ်မ... အစ်မရဲ့အဲဒီ ရှည်လျားလှတဲ့ ခြေတံတွေအတွက် တစ်စုံလောက် ဝယ်မဝတ်ဘူးလား"
"ဒီကောင်မလေးကတော့... လူတွေ အများကြီး ရှိနေတာကို မရှက်ဘူးလား"
"ခဏလောက် စောင့်ကြည့်ကြပါဦး..."
ဝူရှန်းလည်း ချက်ချင်းပင် နားလည်သွားခဲ့သည်။ သူတို့အားလုံးမှာ ရှက်ရွံ့နေကြသဖြင့် ဝင်ရောက် ဝယ်ယူရန် ဝန်လေးနေကြခြင်း ဖြစ်ပေသည်။
သို့သော် ပစ္စည်းများ မရောင်းရမည်ကိုမူ သူ လုံးဝ မပူပန်ပေ။
"ဝူရှန်း... ဘယ်သူမှ မလာဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
ဝူရှန်းကို စိုးရိမ်တကြီး ကြည့်ရင်း ဟူရှီယောင်က မေးမြန်းလိုက်သည်။
ဝူရှန်းလည်း ဟူရှီယောင်ကို ချက်ချင်း ဖက်တွယ်လိုက်သည်။
"မစိုးရိမ်ပါနဲ့.. သူတို့တွေက ရှက်နေလို့ပါ"
ဝူရှန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
လူအများအပြားရှေ့တွင် ဝူရှန်း၏ ဖက်တွယ်မှုကို ခံလိုက်ရသဖြင့် သူမ အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။
သူမလည်း ခေါင်းကို တစ်ဘက်သို့ လှည့်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ဒါဆို ဘယ်အချိန်ကျရင် သူတို့တွေ လာဝယ်ကြမှာလဲ"
ဟူရှီယောင်က ထပ်မံ မေးမြန်းလိုက်သည်။
ဝူရှန်းလည်း တွက်ဆကြည့်လိုက်ရာ အားလုံး တိတ်ဆိတ်သွားမည့် ညဉ့်နက်ပိုင်းအချိန်ကျမှသာ လူများ လာကြလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
"မပူပါနဲ့.. မိန်းမတွေက ရှက်လို့ မဝယ်ရဲရင်တောင် ယောက်ျားတွေက လာဝယ်ကြလိမ့်မယ်"
ဝူရှန်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
ထိုသို့ ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြနေသော ဝူရှန်း၏ ပုံစံကြောင့် ဟူရှီယောင်၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။
သူမသည် အလွန်အမင်း စွဲလမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဟူရှီယောင်၏ စိတ်ထဲတွင် ဖြစ်ပျက်နေသော အတွေးများကို ဝူရှန်း မသိရှိပေ။
"သွားရအောင် မိန်းမရေ.. နောက်ခန်းကို သွားပြီး အနားယူကြစို့.. ညကျရင် လူတွေ တစ်ယောက်ပြီး တစ်ယောက် လာကြလိမ့်မယ်"
ဝူရှန်းက သူမ၏ လက်ကို ဆွဲကိုင်လိုက်ရင်း နောက်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဆိုင်ခန်းတွင် နောက်အခန်းပိုတစ်ခု ပါရှိပေသည်။
အမြဲတမ်း ရပ်ပြီး ရောင်းနေရမည်ဆိုပါက လူကို သေစေနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် အခန်း ပါရှိခြင်းမှာ သဘာဝပင် ဖြစ်သည်။
ဝူရှန်းလည်း အနောက်ခန်းထဲတွင် ကုလားထိုင်ရှည် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ ယခင် ဆိုင်ပိုင်ရှင် ချန်ရစ်ခဲ့ပုံရပေသည်။
စီးပွားရေး မကောင်းသဖြင့် သူသည် နေ့စဉ် ကုလားထိုင်ပေါ်တွင်သာ လှဲလျောင်းနေခဲ့ရခြင်း ဖြစ်ပေမည်။
ဝူရှန်းလည်း မည်သို့မျှ နှောင့်နှေးမနေတော့ဘဲ ထိုကုလားထိုင်ပေါ်သို့ လှဲချလိုက်ကာ ဟူရှီယောင်ကို သူ့ကိုယ်ပေါ်တွင် တင်ထားလိုက်သည်။
အံ့သြစရာကောင်းသည်မှာ ဟူရှီယောင်သည် လုံးဝ ရုန်းကန်ငြင်းဆန်ခြင်း မရှိခဲ့ပေ။
"ဟူရှီယောင်... ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ပေးပါလား"
ဝူရှန်းက ရုတ်တရက် မေးမြန်းလိုက်သည်။
သူ၏စကားကြောင့် ဟူရှီယောင်မှာ လုံးဝ မထင်မှတ်ထားသဖြင့် အံ့အားသင့်သွားခဲ့သည်။
ဝူရှန်း၏ ကိုယ်ပေါ်တွင် လှဲလျောင်းနေရင်း သူမက နှုတ်ဖြင့် မပြောလျှင်တောင် သူမ၏ ကိုယ်ခန္ဓာကမူ လွန်ခဲ့သော အချိန်ကတည်းက သဘောတူပြီးသား ဖြစ်နေခဲ့ပြီတည်း။
"ဒါဆို ရှောင်ဟွားကရော ဘယ်လိုလုပ်မလဲ"
ဟူရှီယောင်က ရုတ်တရက် မေးမြန်းလိုက်သည်။
မှန်ပေသည်...
မည်သို့ ပြုလုပ်ရမည်နည်း။
ဝူရှန်းလည်း စိတ်ထဲတွင် လေးလေးနက်နက် စဉ်းစားခန်း ဝင်လိုက်သည်။
"ဒါဆိုရင် အချိန်တစ်ခုသတ်မှတ်ပြီး သူမဆီကို ပြန်သွားကြတာပေါ့.. ဘယ်လိုလဲ"
ဝူရှန်းက ကလေးတစ်ယောက်ကို ချော့မြူသကဲ့သို့ ဟူရှီယောင်၏ ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း မေးမြန်းလိုက်သည်။
ဟူရှီယောင်မှာ တတိယလူတစ်ဦးကဲ့သို့ ခံစားနေရသဖြင့် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
"ကောင်းပြီလေ... တကယ်လို့ သူမက ကျွန်မတို့ နှစ်ယောက် ပေါင်းစည်းတာကို လက်မခံဘူးဆိုရင်တောင် ကျွန်မဒီဘဝမှာ တခြား ဘယ်သူ့ကိုမှ ထပ်ပြီး သဘောကျမှာ မဟုတ်တော့ဘူး"
ဟူရှီယောင်က ဆုံးဖြတ်ချက်ချလိုက်ပြီး တည်ကြည်သော လေသံဖြင့် ပြောဆိုလိုက်သည်။
ဒီလို ပြောဆိုနေသော ဟူရှီယောင်ကို မြင်လိုက်ရသဖြင့် ဝူရှန်းလည်း အကူအညီမဲ့စွာ ပြုံးလိုက်ရသည်။
ထိုစဥ်က သူမကို ကယ်တင်ခဲ့ခြင်းမှာ သဘောတူညီချက် တစ်ခုမျှသာ ဖြစ်ခဲ့သည်။
သို့သော် သူမသည် သူ၏မိန်းမ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
လောကကြီးတွင် မည်သည့်အရာမဆို ဖြစ်ပျက်နိုင်ပေသည်။
ထို့နောက် သူသည် လက်ကို ဆန့်ထုတ်လိုက်ကာ ဟူရှီယောင်၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ဘာတွေ လျှောက်တွေးနေတာလဲ... ဝူကျားရွာမှာ ရှိတုန်းက သူမက ကိုယ့်ကို မင်းနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အရင်ကတည်းက ခွင့်ပြုပြီးသားပါ"
ဝူရှန်းက ပြုံးရင်း ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟူရှီယောင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
သူမသည် ဝူရှန်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်ကာ သူမ၏ ပါးပြင်ကို ဝူရှန်း၏ ရင်ဘတ်ပေါ်တွင် အပ်နှံထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားကာ ဘာမျှ ဆက်မပြောတော့ပေ။
ဝူရှန်းလည်း ဘာမျှ ဆက်မပြောတော့ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။
မည်မျှ အချိန်ကြာသွားသည်ကို မသိရပေ။
"သူဌေး..."
အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
အသံမှာ အလွန်တရာ တိုးညှင်းလှပေသည်။ အာရုံစိုက် မနားထောင်ပါက လုံးဝ ကြားနိုင်မည် မဟုတ်ပေ။
ဝူရှန်းလည်း မျက်လုံးများကို ဖွင့်လိုက်သည်။ ဝယ်ယူသူ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်သည်။
"ရှီယောင်... ဖောက်သည် ရောက်လာပြီ"
ဝူရှန်းက ဟူရှီယောင်၏ တင်ပါးကို လက်ဝါးဖြင့် အသာအယာ ပုတ်လိုက်ရင်း ပြုံးကာ ပြောဆိုလိုက်သည်။
ဟူရှီယောင်လည်း မျက်နှာလေး နီရဲလာကာ မျက်လုံးများကို ဖွင့်လိုက်သည်။
"ဝူရှန်း... ရှင် လူယုတ်မာကြီး.. သေချင်နေတာလား... တကယ်လို့ တခြားသူများ မြင်သွားရင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ"
သူမသည် ဝူရှန်း၏ ကိုယ်ပေါ်မှ အမြန် ဆင်းသက်လိုက်သည်။
ဝူရှန်းလည်း ထရပ်လိုက်ကာ နောက်ခန်းမှ ထွက်လာခဲ့ပြီး စားပွဲရှေ့သို့ ရောက်ရှိလာခဲ့သည်။
မျက်နှာဖုံးစွပ်ထားသော အမျိုးသမီး တစ်ဦးကို သူ တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ဝူရှန်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"အစ်မတော်... ကျွန်တော်တို့ကို သိလို့လား"
အံ့သြနေသော အမျိုးသမီးကို ကြည့်ရင်း ဝူရှန်းက မေးမြန်းလိုက်သည်။
ထိုအမျိုးသမီးက ခေါင်းခါယမ်းပြလိုက်သည်။ သိထားလျှင်တောင်မှ သူမ ဝန်ခံမည် မဟုတ်ပေ။
“ငါ့ကို စတော်ကင် တစ်စုံလောက် ထုတ်ပေးစမ်းပါ…ငါ့ရဲ့ ညီမငယ်အတွက် ဝယ်မလို့ပါ"
တဖိတ်ဖိတ် တောက်နေသော မျက်ဝန်းများဖြင့် ထိုအမျိုးသမီးက ပြောဆိုလိုက်သည်။
ဘယ်ကမှန်းမသိသည့် ညီမငယ်ကို ဖန်တီးပြောဆိုနေခြင်းကို ကြည့်ကာ ဝူရှန်း၏ ရင်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။
"အစ်မတော်က ညီမငယ် တစ်ယောက်ထက် မက သေချာပေါက် ရှိမှာပေါ့... တကယ်လို့ ညီမငယ် တစ်ယောက်တည်းအတွက်ပဲ ဝယ်မယ်ဆိုရင် တခြားညီမငယ်တွေက ဘယ်လို ခံစားကြရမလဲ"
ဝူရှန်းက မေးစေ့ကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။
ထိုအမျိုးသမီးလည်း ထိုနေရာတွင် တအံ့တဩ ဖြစ်သွားခဲ့သည်။
ညီမငယ် တစ်ယောက်တည်း ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
"မှန်တယ်... ငါ့မှာ ညီမငယ် ၅ ယောက် ရှိတယ်.. ဒါကြောင့် ၅ စုံ ပေးစမ်းပါ..."
အမျိုးသမီးက ရှက်ကိုးရှက်ကန်း ပြောဆိုလိုက်သည်။
ဝူရှန်းလည်း မျက်လုံးများကို ကစားလိုက်သည်။
"အစ်မ... ဒီလိုစတော်ကင်မျိုးကို ဝယ်တဲ့အခါ နေ့တိုင်း အရောင်ပြောင်းဝတ်တာက အလှပဆုံးပဲ"
အမျိုးသမီးကို စိုက်ကြည့်ရင်း ဝူရှန်းက ပြောဆိုလိုက်သည်။
ဝူရှန်း၏ စကားကြောင့် ထိုအမျိုးသမီးမှာ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
"ဒါနဲ့ပတ်သက်ပြီး သီအိုရီ တစ်ခုခု ရှိလို့လား"
သံသယဝင်နေသော လေသံဖြင့် အမျိုးသမီးက မေးမြန်းလိုက်သည်။
ဘာ သီအိုရီမှ ရှိမည်နည်း.. ဝူရှန်း တီထွင်ပြောဆိုလိုက်ခြင်းသာ ဖြစ်ပေသည်။
"စဥ်းစားကြည့်လေ... တကယ်လို့ နေ့တိုင်း အရောင်တူတဲ့ ခြေအိတ်တွေကိုပဲ ဝတ်နေမယ်ဆိုရင် လူတွေက ရိုးအီသွားလိမ့်မယ် ဒါပေမဲ့ နေ့တိုင်း အရောင်ပြောင်းဝတ်မယ်ဆိုရင် လူတွေကို လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ မဟုတ်ဘူးလား"
ဝူရှန်းက ခပ်တည်တည် ပြောဆိုလိုက်သည်။
ထိုအမျိုးသမီးသည် ဝူရှန်း၏ စကားကို အမှန်တကယ် ယုံကြည်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"အင်းလေ... ဆိုင်ရှင်..ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ"
ဝူရှန်းကို စိုက်ကြည့်ရင်း အမျိုးသမီးက ပြောဆိုလိုက်သည်။
အမျိုးသမီးက သူ၏ အကြောင်းပြချက်ကို လက်ခံသွားသည်ကို တွေ့လိုက်ရသဖြင့်...
ဝူရှန်းက ဆက်လက်၍ "ကျွန်တော့်မှာ အရောင်တွေနဲ့ ပုံစံတွေ အများကြီး ရှိပါတယ် ဒီအရောင် ၉ မျိုးဖြစ်တဲ့ အနက်.. အဖြူ.. အနီ.. လိမ္မော်.. ဝါ.. စိမ်း.. ပြာ.. နက်ပြာနဲ့ ခရမ်းတို့က အရမ်းကို ကောင်းပါတယ်..အစ်မကြီး စမ်းကြည့်ချင်လား" ဟု ပြောဆိုလိုက်သည်။
အမျိုးသမီးမှာလည်း ဝယ်ယူလိုစိတ်များ ပြင်းထန်လာပုံရပေသည်။
"ဆိုင်ရှင်... ဒီအစ်မမှာ ဝိညာဉ်ကျောက်တုံးတွေ အဲ့ဒီလောက် အများကြီး မပါလာဘူး.. ဘယ်လိုလုပ်ရမလဲ"
ဝူရှန်းကို ကြည့်ရင်း အမျိုးသမီးက မေးမြန်းလိုက်သည်။
ပိုစတာပေါ်တွင် စျေးနှုန်းကို အတိအလင်း ဖော်ပြထားပေသည် တစ်စုံလျှင် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ဖြစ်သည်။
လျော့ဈေးနှင့်ဆို ၅၀၀၀ကျသင့်မည်။
တကယ်လို့ သူမသာ ၉ ရောင်စလုံး ဝယ်ယူမည်ဆိုပါက ဝိညာဉ်ကျောက်တုံး ၄၅,၀၀၀ လိုအပ်ပေမည်။
၄၅၀၀၀ ငါးယောက်စာဆိုလျင် ၂၂၅၀၀၀ကျသင့်မည်။
"အစ်မတော်... ဒီနေ့က ဆိုင်စဖွင့်တဲ့ ပထမဆုံးနေ့ဖြစ်လို့ အားလုံးကို တစ်ဝက်ဈေးနဲ့ ရောင်းပေးနေပါတယ်…ပြီးတော့ အစ်မတော်ကလည်း ပထမဆုံး ဖောက်သည်ဖြစ်နေတာကြောင့် အစွန်းထွက်တွေကို ပယ်ဖျက်ပြီး ဝိညာဉ်ကျောက်တုံး ၂ သိန်းနဲ့ တွက်ပေးလိုက်မယ်.. ဘယ်လိုလဲ"
မျက်နှာဖုံးစွပ်ထားသော မိန်းကလေးကို ကြည့်ရင်း ဝူရှန်းက ပြောဆိုလိုက်သည်။
သူမမျက်လုံးများကို သူ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသည်။
နောင်တစ်ချိန်ကျလျှင် သူမနှင့် ထပ်မံ ဆုံတွေ့ရဦးမည် ဖြစ်ပေမည်။
လက်ရှိအချိန်တွင် ငွေရှာရန်သာ အဓိကဖြစ်သောကြောင့် သူ အများကြီး စဉ်းစားမနေတော့ပေ။
"အိုး...ဆိုင်ရှင်က တကယ် သဘောကောင်းတာပဲ.. ဒါဆိုရင် ကျေးဇူးတင်ပါတယ်နော်"
အမျိုးသမီးက ပြောဆိုလိုက်ရင်း ဝူရှန်းကို အနည်းငယ် ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်သည်။
ဤခဏချင်းတွင် ဝူရှန်း၏ ရင်ထဲတွင် အလွန်တရာ ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။
သူ ငွေလည်း ရရှိသလို ဆက်ဆံရေးတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။