no

Font
Theme

အခန်း (၁၂) တောင်ထိပ်သခင် ထော့ပါရှီယွဲ့နှင့် ပြုလုပ်သော လောင်းကစား

​သူမကိုယ်တိုင်ပင် ဝူရှန်းအပေါ်၌ မည်သို့မျှ ပြင်းပြင်းထန်ထန် ငြင်းဆန်နိုင်ခြင်း မရှိခဲ့ပေ။

ဝူရှန်းတွင် တာအိုလက်တွဲဖော် ရှိနေမှန်း သိပါလျက်နှင့် ဒီလို ဖြစ်ပျက်နေရသည်မှာ မိမိကိုယ်ကို ရူးသွပ်နေပြီဟုပင် သူမ တွေးမိသည်။

ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ဟူရှီယောင်၏ ရင်ထဲတွင် ရှက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားရသည်။

​ဝူရှန်းလည်း အတိုင်းအတာတစ်ခုအထိ ရောက်မှန်းသိသဖြင့် သူမကို လက်လွှတ်ပေးလိုက်သည်။

​"ငါ လွှတ်ပေးလိုက်ပြီလေ.. ဘာလို့ ဆက်ပြီး မှီနေသေးတာလဲ"

​ဝူရှန်းက ပြုံးစစဖြင့် နောက်ပြောင်လိုက်ရာ ဟူရှီယောင် လန့်ဖြန့်သွားသည်။

​"ဟင်... ရှင် တကယ်ပဲ လွှတ်ပေးလိုက်ပြီလား"

ဒီအမျိုးသမီး သူ့အပေါ်၌ စိတ်ဝင်စားနေပြီလောဟု ဝူရှန်း တွေးတောမိသည်။

ထို့နောက် သူသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ကုတင်ပေါ်မှ ထရပ်လိုက်သည်။

သို့သော် အနည်းငယ် လျှောက်လှမ်းလိုက်သည်နှင့် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသည်ကို ခံစားလိုက်ရသောကြောင့် သူမ၏ ကိုယ်အလေးချိန် မည်မျှလေးသည်ကို စိတ်ထဲမှ တိုးတိုးတိုင်တိုင် ညည်းတွားမိသည်။

​"မင်းက တကယ် ကိုယ်အလေးချိန် စီးတာပဲ... ငါ့ပေါ်ကို အဲ့ဒီလောက်ဖိထားတော့ တစ်ကိုယ်လုံး ကိုက်ခဲကုန်ပြီ..."

​ဝူရှန်း၏ စကားကြောင့် ဟူရှီယောင်မှာ ချက်ချင်းပင် ရိုက်နှက်ချင်စိတ်များ ပေါ်လာခဲ့သည်။

​"အမြတ်ထုတ်ပြီးသွားတာတောင် အပြစ်မရှိသလို လာမလုပ်နဲ့နော်"

​ဟူရှီယောင်က သွားကိုကြိတ်ကာ ပြောဆိုလိုက်သည်။

သူမကိုယ်တိုင်ပင် ဝူရှန်း၏ မည်သည့်အရာက သူမကို ဆွဲဆောင်နေသည်ကို နားမလည်နိုင်ဘဲ သူ့နားတွင်သာ အမြဲနေချင်နေမိခြင်းမှာ အလွန်တရာ ဆန်းကြယ်လှပေသည်။

​ဝူရှန်းလည်း သူမနှင့် အဓိပ္ပာယ်မရှိ စကားများနေရန် အချိန်မဖြုန်းလိုတော့ပေ။

ဟူရှီယောင်က ထရပ်လိုက်ရင်း ဝူရှန်းကို မှာကြားလိုက်သည်။

​"တောင်ထိပ်သခင်ဆီကို အရင်သွားလိုက်ဦး.. ငါလည်း အပြင်ဘက်မှာ ဝယ်စရာရှိတာလေးတွေ သွားဝယ်လိုက်ဦးမယ်"

ဝူရှန်းလည်း သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အသေးစိတ် မစုံစမ်းလိုပေ။

အမျိုးသမီးတစ်ဦး အပြင်ထွက်၍ ပစ္စည်းဝယ်သည်ကို ယောကျ်ားသားတစ်ယောက်အနေဖြင့် ဝင်ရောက်မေးမြန်းနေရန် မသင့်တော်ပေ။

​"ကောင်းပြီလေ.. ဂရုစိုက်သွားဦး"

​ဝူရှန်းက မတွေးတောဘဲ အလွယ်တကူပင် မှာကြားလိုက်သည်။

မောက်မာတတ်သည့် လူလားမြောက်စ သခင်မလေးတစ်ဦး၏ အကျင့်စရိုက် အချို့ရှိသော်လည်း အခြားသော အပိုင်းများတွင် ဟူရှီယောင်မှာ အလွန်တရာ သဘောကောင်းသူတစ်ဦး ဖြစ်ပေသည်။

​"ဟင်...ရှင်က ကျွန်မကို စိုးရိမ်ပေးနေတာလား"

​ဟူရှီယောင်က မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ အံ့သြဝမ်းသာစွာဖြင့် မေးမြန်းလိုက်သည်။

​"ဒီလောက်တောင် ထင်ရှားနေတာကို မမြင်ဘူးလား"

​"ရှင်လိုလူက လူကို ဂရုစိုက်တတ်တယ်လို့ မထင်ထားမိဘူး... တကယ်ပါပဲ"

​ဝူရှန်းက ပခုံးတစ်ချက်တွန့်ပြလိုက်ရာ ဟူရှီယောင်၏ မျက်နှာပြင်တွင် ပီတိအပြုံးတို့ ဖြာထွက်သွားခဲ့သည်။

လူယုတ်မာကြီးက သူမကို စိုးရိမ်ပေးလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

ထို့နောက် သူမသည် ပျော်ရွှင်ကြည်နူးစွာဖြင့် တောင်အောက်သို့ ဆင်းသွားခဲ့တော့သည်။

​ဝူရှန်းလည်း ပင်မတောင်စွယ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ပင်မခန်းမဆောင်ကြီးထဲသို့ ရောက်ရှိသွားချိန်တွင် တောင်ထိပ်သခင် ထော့ပါရှီယွဲ့မှာ အထိန်းအကွပ်မဲ့သော ကိုယ်ဟန်ဖြင့် လဲလျောင်းနေရင်း သူမ၏ မျက်ဝန်းများကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။

​ဝူရှန်းသည် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ပုံစံနှင့် ပြည့်စုံလှပသည့် ကွေးညွတ်မှုများကို ကြည့်မိရင်း မည်သူမဆို အာရုံလွှဲသွားရန် ခက်ခဲလှသည်ဟု တွေးမိသည်။

သူ၏ ရင်ထဲတွင်လည်း တပ်မက်သည့် လှိုင်းတံပိုးတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ချက်ချင်းပင် ထိန်းချုပ်ဖိနှိပ်လိုက်သည်။

“တောင်ထိပ်သခင်.. တပည့် ဝူရှန်း လာရောက်သတင်းပို့ပါတယ်"

​ဝူရှန်းက အသံကို တမင်ပြုပြင်ကာ ဝင်ရောက်သတင်းပို့လိုက်ရာ ထော့ပါရှီယွဲ့က ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လာသည်။

​"ဘာလို့ တစ်ယောက်တည်း လာတာလဲ.. ဟူရှီယောင်ရော ဘယ်မှာလဲ"

​ထော့ပါရှီယွဲ့က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

သူမ အမှန်တကယ် သင်ကြားပေးလိုသည်မှာ ဟူရှီယောင် ဖြစ်ပြီး ဝူရှန်းမှာမူ ဘေးလူတစ်ယောက်အနေဖြင့် ပါလာခြင်းသာ ဖြစ်သည်။

သို့သော် ဝူရှန်း၏ ပုံစံမှာ ယဉ်ကျေးပျူငှာလှသဖြင့် သူမအနေဖြင့် သူ့ကို မုန်းတီးခြင်း မရှိပေ။

​"တောင်ထိပ်သခင်.. ရှီယောင်က အပြင်ဘက်ကို ပစ္စည်းဝယ်စရာရှိလို့ ထွက်သွားပါတယ်"

​ဝူရှန်းလည်း ထိုအမျိုးသမီး ဘာကြောင့် အပြင်ထွက်ပြီး စျေးဝယ်နေရသည်ကို နားမလည်နိုင်ပေ။

​"ကောင်းပြီလေ... ဒါက ဆေးဖော်စပ်ခြင်း ပညာရပ်ဆိုင်ရာ လေ့လာတွေ့ရှိချက် စာအုပ်ငယ်လေးပဲ.. မင်း အရင်ဆုံး ယူပြီး ဖတ်ကြည့်လိုက်ဦး"

​ထော့ပါရှီယွဲ့က မွှေးကြိုင်သော ရနံ့များသင်းပျံ့နေသည့် စာအုပ်ငယ်တစ်အုပ်ကို ဝူရှန်းထံသို့ ကမ်းပေးလိုက်သည်။

ဝူရှန်းက ယူလိုက်ရင်း အနံ့ကို အသာအယာ ရှူရှိုက်ကြည့်လိုက်ရာ ထော့ပါရှီယွဲ့မှာ မျက်ခုံးပင့်သွားခဲ့သည်။

သူမရှေ့တွင် ဒီလို ရဲရဲရင့်ရင့် ပြုမူဝံ့သည့် တပည့်ဆိုသည်မှာ မရှိသလောက် နည်းပါးလှရာ ဝူရှန်း၏ အပြုအမူက သူမကို ပို၍ပင် စိတ်ဝင်စားသွားစေခဲ့သည်။

​ဝူရှန်းက ဆေးဖော်စပ်ခြင်း စာအုပ်ငယ်ကို ဖွင့်လှစ်လိုက်သည်နှင့်...

​【ပိုင်ရှင်... ဆေးစာအုပ်တစ်ခုလုံးပါ အချက်အလက်တွေကို အပြည့်အဝ စုပ်ယူပြီး ပြီးပြည့်စုံစွာ ကျွမ်းကျင်နိုင်ဖို့အတွက် စနစ်ပွိုင့်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်】

​စနစ်၏ စကားသံကြောင့် ဝူရှန်း၏ စိတ်ထဲတွင် မျှော်လင့်ချက်အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

​"စနစ်ရေ... ဒီစာအုပ်တစ်အုပ်လုံး လေ့လာတတ်မြောက်ဖို့အတွက် ပွိုင့်ဘလောက် လိုအပ်လဲ"

​【ပိုင်ရှင်... ပွိုင့် ၁၀၀ သုံးစွဲရုံနဲ့ လုံလောက်ပါပြီ...】

​"စနစ်... မင်းက တကယ်ကို ရက်စက်တဲ့ကောင်ပဲ…ငါ့မှာ ၁၀ ပွိုင့်ပဲ ရှိတာလေ"

​ဝူရှန်းမှာ အံကြိတ်ကာ တိုးတိုးလေး ဆဲရေးလိုက်ရသည်။

လက်ရှိတွင် သူ ပိုင်ဆိုင်ထားသော ၁၀ ပွိုင့်ကိုသာ အသုံးပြုရန် လိုအပ်တော့သည်။

​"၁၀ ပွိုင့်ပဲ သုံးပြီး အရင် သင်ယူလိုက်တော့"

​【ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်.. သင့်ရဲ့ ဆေးဖော်စပ်ခြင်း အဆင့်က အဆင့် ၂၀ ကို ရောက်ရှိသွားပါပြီ...】

​"စနစ်... ဒါကို ဘယ်လို တွက်ချက်တာလဲ.. ဒီအဆင့်က ဘယ်ဆေးပညာရှင် အဆင့်နဲ့ ညီမျှလဲဆိုတာ ငါ ဘယ်လိုသိနိုင်မလဲ"

​【ပိုင်ရှင်... အဆင့်တိုင်းမှာ ၁၀ ဆင့်စီ တိုးမြင့်သွားပြီး တစ်ဆင့်ချင်း တက်လှမ်းတာ ဖြစ်ပါတယ်။ အခုဆိုရင် သင်ဟာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းရှိတဲ့ ဒုတိယအဆင့် ဆေးပညာရှင်တစ်ဦးနဲ့ ညီမျှသွားပါပြီ...】

​စနစ်၏ ရှင်းလင်းချက်ကို ကြားလိုက်ရသဖြင့် ဝူရှန်း၏ ဦးနှောက်ထဲတွင် အကြံဉာဏ်ကောင်းတစ်ခု ပေါ်လာခဲ့သည်။

လက်တွေ့လောကသို့ အာရုံပြန်ရောက်လာပြီးနောက် သူသည် ထော့ပါရှီယွဲ့၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းဖူးဖူးလေးများကို တစ်ချက် ကြည့်လိုက်သည်။

ထော့ပါရှီယွဲ့မှာမူ သူမ၏ မျက်နှာကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။

​"တောင်ထိပ်သခင်... ဆေးဖော်စပ်တာက တကယ်ကို လွယ်ကူလွန်းပါတယ် တပည့် ဆေးလုံးတွေ ဘယ်လိုဖော်စပ်ရမလဲဆိုတာ သင်ယူပြီးသွားပါပြီ"

​ဝူရှန်းက အလွန်တရာ ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်ရာ ထော့ပါရှီယွဲ့မှာ သူ၏ အရည်အချင်း နိမ့်ပါးပါလျက်နှင့် ဒီလောက် မောက်မာဝံ့လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ထိုသို့တွေးမိသည်နှင့် ဟူရှီယောင်အတွက် သူမ စိတ်မကောင်း ဖြစ်မိသွားသည်။

​"ဝူရှန်း... ဟူရှီယောင်ရဲ့ မျှော်လင့်ချက်တွေကို မဖျက်ဆီးမိစေနဲ့…မင်းကို ဒီကို သူမအခွင့်အရေးနဲ့ ခေါ်လာတာဆိုတော့ ခြေခြေမြစ်မြစ်နဲ့ သေချာ ကျင့်ကြံပါ"

​ထော့ပါရှီယွဲ့က သက်ပြင်းတစ်ချက်ချရင်း ပြောဆိုလိုက်သည်။ တောင်ထိပ်သခင်အနေဖြင့် သူ့ကို လုံးဝ မယုံကြည်ကြောင်း ဝူရှန်း ကောင်းကောင်း သိလိုက်သည်။

​"တောင်ထိပ်သခင်... ကျွန်တော်တို့ နှစ်ယောက် လောင်းကစားတစ်ခု လုပ်ကြရအောင်လေ"

​ဝူရှန်းက ထော့ပါရှီယွဲ့၏ နှုတ်ခမ်းလေးများကို တစ်ချက်ပြန်ကြည့်ရင်း အဆိုပြုလိုက်သည်။

ထော့ပါရှီယွဲ့မှာလည်း လောင်းကစားပြုလုပ်ရသည်ကို အလွန်တရာ ဝါသနာပါသူတစ်ဦး ဖြစ်သဖြင့် သူမ၏ စိတ်ဝင်စားမှုမှာ ချက်ချင်း နိုးကြားလာခဲ့သည်။

​"ပြောပါဦး... ဘယ်လို လောင်းကစားမျိုး လုပ်မှာလဲ"

​သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝူရှန်းက ယုတ်မာသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

​"တောင်ထိပ်သခင်သာ ခွင့်ပြုမယ်ဆိုရင်.. တပည့်ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ပြနိုင်ခဲ့ရင် တောင်ထိပ်သခင်ရဲ့ လှပတဲ့ နှုတ်ခမ်းလေးကို အနမ်းတစ်ပွင့် ပေးရမယ်ဆိုရင်ရော..."

​ဝူရှန်းက ထော့ပါရှီယွဲ့၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ရင်း ရဲရဲရင့်ရင့် ပြောဆိုလိုက်သည်။

ထော့ပါရှီယွဲ့၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။

ဒီလို တပည့်ငယ်လေးတစ်ဦးက သူမအား ဒီလောက် ရဲတင်းစွာ ပြောဝံ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သို့သော် ဒါဟာ အတော်လေး ပျော်စရာ ကောင်းနေသည်။

သိုသော်လည်း ကာလတိုအတွင်း ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို မည်သို့မျှ ဖော်စပ်နိုင်မည်မဟုတ်ပေ။

​"သဘောတူတယ်…ဒါပေမဲ့ မင်းသာ မဖော်စပ်နိုင်ခဲ့ရင်တော့ အမိန့်နာခံပြီး ရိုးရိုးသားသား ဆေးပညာကို ဆက်လေ့လာရမယ်.. ဘယ်လိုလဲ"

​ထော့ပါရှီယွဲ့က ချက်ချင်းပင် သဘောတူလိုက်သည်။

ဝူရှန်းမှာ သူမ ဒီလောက် လျင်မြန်စွာ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် နားကိုပင် မယုံနိုင်စရာ ဖြစ်သွားရသည်။

သို့သော် သူမသည် အမျိုးသမီးတစ်ဦးဖြစ်ရာ ကတိပျက်သွားမည်ကို စိုးရိမ်သဖြင့် နောက်ထပ် အကြံဉာဏ်တစ်ခုကို ဆင်ခြင်လိုက်သည်။

​"တကယ်လို့ တောင်ထိပ်သခင်က ရှုံးသွားပြီး ကတိမတည်ဘဲ ငြင်းဆိုလိုက်ရင်ရော ဘယ်လိုလုပ်မလဲ"

​ဝူရှန်းက လေးနက်သော လေသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။

​"မင်းက ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို တကယ် ဖော်စပ်နိုင်မယ်လို့ အဲ့ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"

​ထော့ပါရှီယွဲ့က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

​"တောင်ထိပ်သခင်... တပည့်က 'တကယ်လို့' ဆိုတာကို ပြောတာပါ"

​ဝူရှန်းမှာ ထော့ပါရှီယွဲ့၏ နှုတ်ခမ်းဖူးဖူးလေးများကို ကြည့်ရင်း တံတွေးမျိုချလိုက်မိသည်။

​"ကောင်းပြီလေ... ငါ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုလိုက်မယ်..တကယ်လို့ ငါ ကတိပျက်ခဲ့မယ်ဆိုရင် နတ်ဘုရား မိုးကြိုးပစ်ချတာကို ခံရ.....ရ.."

​ထော့ပါရှီယွဲ့က ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရန် ပြင်ဆင်နေစဥ် ဝူရှန်းက အပြေးအလွှား တိုးဝင်သွားကာ သူမ၏ နှုတ်ခမ်းများကို လက်ဝါးဖြင့် အုပ်ကာ တားဆီးလိုက်တော့သည်။

သူသည် မိမိ၏ ကျင့်ကြံခြင်းစွမ်းအား တိုးတက်ရန်အတွက်သာ ဒီလို ပြုမူနေခြင်းဖြစ်ပြီး ဒီလို လှပသည့် တောင်ထိပ်သခင်မလေး ထိခိုက်နစ်နာသွားသည်ကို မလိုလားပေ။

​ခဏအကြာတွင် ဝူရှန်း၏ လက်ဖဝါးပြင်ပေါ်တွင် စိုစွတ်ထိုင်းမှိုင်းသော ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရသည်။

​"ဟဲ... တောင်းပန်ပါတယ် တောင်ထိပ်သခင်.. တပည့်က တောင်ထိပ်သခင်ရဲ့ စေတနာကို သိရှိသွားပါပြီ.. ဒီလို ပြင်းထန်တဲ့ ကျိန်ဆိုမှုမျိုးတွေ လုပ်ဖို့ မလိုပါဘူး"

​ဝူရှန်းက လက်ကို ရုပ်သိမ်းလိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်သည်။

ထော့ပါရှီယွဲ့၏ မျက်ဝန်းများ ကျယ်ဝန်းသွားခဲ့သည်။

ဒီလို တပည့်ငယ်လေးတစ်ဦးက သူမ၏ နှုတ်ခမ်းကို တကယ်ပင် ရဲရဲရင့်ရင့် လာရောက် ထိတွေ့ရဲလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

သို့သော် သူမ ဘက်မှလည်း ရှောင်ရှားရန် မကြိုးစားခဲ့တာလည်း ပါသည်။

သူမအဆင့်နှင့်ဆိုလျင် ဝူရှန်းအနား ကိုပင်ကပ်လို့ရမည်မဟုတ်ချေ။

​"ကောင်စုတ်လေး... မင်းက တကယ်ကို ရဲတင်းလွန်းလှချေလား.. မသန့်ရှင်းတဲ့ လက်တွေနဲ့ ငါ့ပါးစပ်ကို လာပိတ်ရဲတယ်ပေါ့"

​ထော့ပါရှီယွဲ့က အပြုံးတစ်ပွင့်ဖြင့် ဝူရှန်းကို စိုက်ကြည့်ရင်း ပြောဆိုလိုက်ရာ ဝူရှန်းမှာ တုန်လှုပ်သွားခဲ့သည်။’သွားပြီ…သွားပြီ’

သိူ့သော်..ထော့ပါရှီယွဲ့၏ လေသံမှာ ပြောင်းလဲသွားခဲ့သည်။

​"ဒါပေမဲ့... ငါ့ကို ပြင်းထန်တဲ့ ကျိန်ဆိုမှု မလုပ်အောင် တားဆီးပေးခဲ့တဲ့အတွက် ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်"

ထိုစဥ်မှသာ ဝူရှန်းလည်း သက်ပြင်းချနိုင်ခဲ့တော့သည်။

​"တောင်ထိပ်သခင်... ဒါဆိုရင် တပည့်က ဘယ်နေရာမှာ ဆေးဖော်စပ်ရမှာလဲ"

​ဝူရှန်းက အခန်းတွင်းရှိ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း မေးမြန်းလိုက်သည်။

သူ၏ လက်ထဲတွင် ဆေးမီးဖို မရှိသေးပေ။

​"ဟိုဘက်မှာ ရှိတဲ့ ဆေးမီးဖိုကို သုံးလိုက်လေ..."

​ထော့ပါရှီယွဲ့က အခန်းအလယ်ရှိ ကြီးမားသော ဆေးမီးဖိုကြီးကို လက်ညှိုးထိုးပြလိုက်သည်။

ဝူရှန်းလည်း ထိုမျှလောက် ကြီးမားလှသော ဆေးမီးဖိုကြီးကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဆေးမီးဖိုဆီသို့ လျှောက်သွားရင်း စိတ်ထဲမှ ညည်းတွားလိုက်သည်။

​"စနစ်ရေ... ငါ တကယ်ပဲ ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မှာပါနော်"

​သူ့ကိုယ်သူ လုံးဝ ယုံကြည်မှု မရှိပေ။

တကယ်လို့သာ ဒီလို အကြီးအကျယ် ကြွားလုံးထုတ်မိပြီးမှ အလှပဂေးလေးရှေ့တွင် အရှက်ကွဲသွားမည်ဆိုလျှင် အလွန်တရာ ဆိုးရွားလှပေမည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment