no

အပိုင်း ၂၈ (ဇာတ်သိမ်း)

ရုတ်တရက် မိုးသည်းသည်းရွာလာသည်။ လေးလံသော မိုးစက်များ ကမ္ဘာမြေပေါ် တတောက်တောက် ထိခတ်နေသည့်အသံကို နားထောင်ရင်း ဒါဟီး ကိုယ်ကို ကွေးလိုက်သည်။ ပုံမှန်ဆိုလျှင် မိုးရွာသံ၊ မိုးရေစက်များနှင့်အတူ ယိမ်းနေမည့် သစ်ရွက်လှုပ်ခတ်သံများကို အရသာခံကာ နားဆင်မိမည်ဖြစ်သော်လည်း ယခုတော့ ထိုသို့လုပ်နိုင်သည့် အင်အား မရှိတော့ချေ။ မနေ့မနက်ကတည်းက စတင်ခဲ့သော တုပ်ကွေးမှာ တစ်ရက်အတွင်း ပို၍ပင် ဆိုးဝါးလာသည်။ ထို့အပြင် စောစောလေးကပဲ ရပ်ကွက်ထဲရှိ အမျိုးသမီးကြီးများ အစုလိုက်အပြုံလိုက် ရောက်လာကာ တစ်ပြိုင်တည်း မှာယူမှုများ ပြုလုပ်သွားသောကြောင့် ဆိုင်ဖွင့်ပြီးနောက်ပိုင်း ကောင်းကောင်းအနားမယူရသေးပေ။ ဒါဟီးတစ်ယောက် ဘေဇင်ထဲတွင် ပုံနေသော ခွက်များကို ဆေးကြောရန် စဉ်းစားလိုက်ရင်း တစ်ဖန်ထပ်ပြီး ထိုင်ချလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုက လွှမ်းမိုးသွားသဖြင့် ကောင်တာပေါ်တွင် မှောက်အိပ်လိုက်မိ၏။

'ခဏလေး နားလိုက်ရအောင်။'

ဒါဟီး ထိုသို့တွေးကာ မျက်လုံးများကိုတင်းတင်းမှိတ်လိုက်သည်။ မုန်တိုင်းထန်ထန် မိုးနှင့်လေသံကို ကြားနေရ၏။ ဒါဟီးက ထိုအသံကို နားထောင်ရင်း အသက်ရှူမှန်အောင် လုပ်ခဲ့သည်။ မှောက်လျက်လှဲနေ၍ အသက်ရှူရ မလွယ်ကူသော်လည်း ထရပ်နိုင်လောက်သည့်ခွန်အား မရှိတော့ပေ။ အတင်းအကျပ် အားတင်းကာ အသက်ရှူနေရင်း မနေ့က ဝူဟျွန်း ကော်ဖီဆိုင်သို့ မလာခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ အမေရိကန်သို့ နှစ်ညအိပ်သုံးရက်ခရီးထွက်သွားခဲ့ခြင်းနှင့် အလုပ်ကိစ္စဖြင့် တခြားနယ်များသို့ သွားရောက်ခဲ့ခြင်း နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်၏။ အမေရိကန် သို့မဟုတ် တခြားနယ်သို့ သွားသည့်အခါတွင်ပင် တစ်ခါတစ်ရံ မက်ဆေ့ဂျ်ပို့လျှင်ပို့၊ မဟုတ်လည်း ဖုန်းခေါ်ဆိုခြင်း ပြုလုပ်တတ်သည့် ဝူဟျွန်းပင်။

"တစ်နေ့က အိမ်ရှေ့မှာ တွေ့ကြတာ ငါတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုပဲ။"

အကင်းပါးပြီး ထက်မြက်သည့်လူဖြစ်သဖြင့် ဒါဟီး ပြောချင်သည့်စကားကို ဝူဟျွန်းတစ်ယောက် ကောင်းကောင်းသဘောပေါက်ပေလိမ့်မည်။ ပြီးလျှင် ဆက်ပြီးတွေ့ဆုံနေခြင်းက အချင်းချင်း နာကျင်စေရုံသာရှိမည်ဆိုသည့်အချက်ကို မလွဲမသွေ ပိုင်းခြားချင့်ချိန်ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ပြီးတော့ ယခုအချိန်တွင် 'အရင်အတိုင်း ပြန်သွားရအောင်' ဆိုသည့် စကားက အသုံးမဝင်တော့ဘူးဟူသည့်အချက်ကို သူ ကောင်းစွာသိမည်ပင်။ သိလျက်သားနှင့် မသိဟန်ဆောင်ကာ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သော်လည်း၊ ပျက်စီးသွားပြီဖြစ်သော ဆက်ဆံရေးက နဂိုမူလအတိုင်း ပြန်ဖြစ်နိုင်တော့မည်မဟုတ်ချေ။ ဝူဟျွန်းက ဖွင့်ပြောခဲ့ပြီး ဒါဟီးက ငြင်းခဲ့သည်။ ထို့ကြောင့် ယခင်ကလို အချစ်မရှိသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထား၍ မရတော့ပေ။

မှောက်လျက်လှဲအိပ်နေသော ဒါဟီးက အားမပါစွာ ပြုံးလိုက်သည်။ တွေးကြည့်လိုက်တော့ အတူတူ လုပ်ခဲ့ကြသည့်အရာများ တကယ်ကို အများကြီးရှိနေ၏။ တစ်ယောက်တည်း မသွားနိုင်ခဲ့သော စားသောက်ဆိုင်များသို့ အတူတူ သွားခဲ့ကြပြီး၊ ဝူဟျွန်းနှင့်အတူ ကားမောင်းထွက်ခဲ့ကြသည်။ တစ်ခါတစ်ရံ ညပင်လယ်ကို ကြည့်ရင်း ဘီယာအတူသောက်ကြပြီး အနမ်းများ ဖလှယ်ခဲ့ကြ၏။ ဒါဟီး၏အိမ်သို့ ဝူဟျွန်းရောက်လာပြီး ချစ်တင်းနှောခဲ့ကြသလို၊ တစ်ခါတလေ ဝူဟျွန်း၏အိမ်သို့သွားကာ တစ်ညအိပ်ပြီး နောက်နေ့မှ ကော်ဖီဆိုင်သို့ အလုပ်သွားခဲ့တာလည်းရှိသည်။ အချစ်မရှိခဲ့ရုံသာဖြစ်ပြီး ပြုမူပုံများကတော့ ချစ်သူစုံတွဲနှင့် မခြားနားပေ။

'အဲ့ဒီလိုလူမျိုးကို နောက်ထပ် ရှာတွေ့နိုင်ပါ့ဦးမလား။'

မရှိနိုင်တော့။ ဝူဟျွန်းက ဒါဟီး တွေ့ဆုံဖူးသည့် ယောကျ်ားများထဲတွင် အကောင်းဆုံးဖြစ်ခဲ့သောကြောင့်ပင်။

ထိုအတွေးသို့ ရောက်ရှိသွားသည်နှင့် ရုတ်တရက် အေးစက်မှုက လွှမ်းခြုံသွားတော့သည်။ နွေရာသီနှင့် မလိုက်ဖက်သော အေးစက်မှုပင်။ ထို့နောက် နာကျင်မှုက ဆက်တိုက် ရောက်လာသည်။ နာကျင်လွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်ရ၏။

ဒင်းဒေါင်...

တံခါးပွင့်သွားသည်နှင့် အပေါ်တွင်ချိတ်ဆွဲထားသော ခေါင်းလောင်းလေး မြည်သွားသည်။ ဒါဟီးက ခါးကိုပြန်မတ်ကာ နှာခေါင်းစည်း mask ကို ဆွဲယူလိုက်၏။

"ကြိုဆိုပါ..."

နှုတ်ဆက်လိုက်သော ဒါဟီးတစ်ယောက် စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်မိသည်။

"ဘာလို့ ပြောရင်းနဲ့ ရပ်သွားတာလဲ။"

ဘောင်းဘီအိတ်ထဲ လက်ထည့်ထားသော ဝူဟျွန်းက ကော်ဖီဆိုင်ကို ဖြတ်လျှောက်လာရင်း မေးခဲ့သည်။ သူက လူမရှိသည့်ဆိုင်ကို ဝေ့ဝဲကြည့်ပြီးနောက် သဘာဝကျကျပင် ခုံတစ်လုံးကို ဆွဲယူကာ ဒါဟီး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့၏။ ဒါဟီးက ကြောင်တောင်တောင် မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်လိုက်သည်။ အိပ်မက်များလားဟု တွေးလိုက်မိ၏။ ဘာမှမဖြစ်သလို ဝင်လာပြီး စကားစပြောနေသောကြောင့်ပင်။

"Mask နဲ့။ ဘာလို့လဲ။ နေမကောင်းဘူးလား။"

ဝူဟျွန်းက သူ၏ ရှည်လျားသောလက်ကို ဆန့်တန်းပြီး ဒါဟီး၏နဖူးကို စမ်းခဲ့သည်။ ဝူဟျွန်း၏ လက်ဖဝါးက အေးနေ၏။ ထိုအခါမှ ဒါဟီးလည်း ဤအခြေအနေက အိပ်မက်မဟုတ်မှန်း နားလည်သွားတော့သည်။ ဝူဟျွန်းက မျက်မှောင်ကြုတ်ရင်း မေးလာခဲ့သည်။

"အဖျားရှိနေတယ်။ အအေးမိတာလား။"

"ဟင့်အင်း။ တုပ်ကွေးပါ။"

သတိဝင်လာသည့် ဒါဟီးက တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

"ဆေးရော။"

"သောက်ပြီးပါပြီ။"

"အစားရော။"

"စားတော့မလို့ပါပဲ။"

ဒါဟီး၏ အဖြေနှင့်အတူ စကားစက ချက်ချင်း ပြတ်တောက်သွားသည်။ ဝူဟျွန်းက မေးထောက်ပြီး ဒါဟီးကို ကြည့်နေ၏။

"ဘာသောက်မလဲရှင့်။"

ဒါဟီးက တိတ်ဆိတ်မှုကို ဖြိုခွဲရင်း မေးလိုက်သည်။

"ဘာမှမလိုဘူး။ ဆက်ထိုင်နေ။"

ဝူဟျွန်း၏ အဖြေ​နှင့်အတူ စကားစက တစ်ဖန် ပြတ်တောက်သွားပြန်သည်။ ဒါဟီးက ဝူဟျွန်းတုပ်ကွေးကူးမည်စိုးသဖြင့် mask ကို ယူလိုက်သည်။ Mask တပ်ရန်ပြင်လိုက်ချိန်တွင် ဝူဟျွန်း၏ လက်ချောင်းက mask ကို ဆွဲချသွား၏။

"မင်းမျက်နှာကိုကြည့်ဖို့လာခဲ့တာ။ Mask ချွတ်ထား။"

"တုပ်ကွေးကူးလိမ့်မယ်။"

"အဲ့ဒါက ကိုယ်ရှင်းရမဲ့ကိစ္စ။"

"ဒီတုပ်ကွေးက တကယ်ပြင်းတာ။"

"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူမှ မဟုတ်တာ တုပ်ကွေးကူးကူး၊ မကူးကူး ဘာအရေးလဲ။ မဟုတ်ဘူးလား။"

ဝူဟျွန်း၏ စကားတွင် ခနဲ့သည့်သဘောများ ပါဝင်နေသည်။ ဒါဟီးက မျက်နှာကိုမဲ့ကာ ဝူဟျွန်းကို စိုက်ကြည့်လိုက်၏။ ထို့နောက် ခေါင်းမာစွာပင် mask ကို တပ်လိုက်သည်။ ဝူဟျွန်း တုပ်ကွေးကူးမည်ကို မလိုချင်ပေ။ ဝူဟျွန်းက mask ကို ပြန်ဆွဲဖြုတ်ရန် ကြိုးစားသော်လည်း ဒါဟီးက ခန္ဓာကိုယ်ကို နောက်ဆုတ်ရင်း မေးလိုက်သည်။

"ဘာကိစ္စရှိလို့ ရောက်လာတာလဲ။"

"အခုအတိုင်းလေးပဲ။"

"ဘာကိုလဲရှင့်။"

"အခုလိုပဲ ဆက်နေကြရအောင်။"

ဒါဟီးက နားမလည်နိုင်သလို မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်လိုက်သည်။ သူက ပါးနပ်သော ယောကျ်ားတစ်ယောက်ပင်။ ယခုအချိန်တွင် 'အရင်လို ပြန်သွားရအောင်' ဟူသည့် စကားက မည်မျှအဓိပ္ပာယ်မဲ့ပြီး မဖြစ်နိုင်ကြောင်းကို လူတကာထက် ပိုသိသူဖြစ်၏။ သို့သော် ထိုသို့သော စကားကို သူက ပြောသတဲ့လား။

"တကယ်ပြောနေတာလား။"

"အင်း။ ဒီအခြေအနေက နောက်စရာမှမဟုတ်တာ။"

"..."

ဝူဟျွန်းက မေးထောက်ကာ ဒါဟီးကို မရေမရာ ကြည့်နေဆဲပင်။ ဝူဟျွန်းတစ်ယောက် တစ်ရက်အတွင်း ပိန်သွားသည်။ တစ်နေကုန် စဉ်းစားပြီးပူပန်နေခဲ့သည့် အရိပ်အယောင်များ ထင်ရှားစွာ ပေါ်လွင်နေ၏။ ဒါဟီး ထိုသို့သော ဝူဟျွန်းကို သနားမိသည်။

"တုပ်ကွေးပျောက်ရင် ကိုယ်နဲ့ ကားမောင်းထွက်ရအောင်။"

"..."

"ပြန်ဖြေလေ။ ဘာမှမဖြစ်တဲ့ပုံပေါ်နေပေမဲ့ ကိုယ် အခု အရမ်းစိတ်လှုပ်ရှားနေတာ။"

"ကောင်းပါပြီ။ အဲ့ဒီလိုလုပ်မယ်။"

အရင်လိုဆက်ဆံရေးဆီ ပြန်သွားချင်စိတ်ရှိလျှင် လာခဲ့ရန် ဒါဟီးကိုယ်တိုင်ပဲ ဝူဟျွန်းကို ပြောခဲ့ခြင်းဖြစ်၏။ မဖြစ်နိုင်ကြောင်း သိလျက်နှင့် ပြောခဲ့သောစကားပင်။ သို့သော် ဝူဟျွန်းက ထိုစကားကို မူပင်မမူဘဲလက်ခံပြီး ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့။ ဒါဟီးလည်း ကိုယ် ပြောခဲ့သောစကားဖြစ်သဖြင့် လက်ခံလိုက်သည်။

"ပြီးတော့ တစ်ခါတလေ ညဘက်တွေ အတူတူ လမ်းလျှောက်ကြမယ်။"

ဝူဟျွန်းက မျက်နှာသေဖြင့် ပြောခဲ့သည်။

"ကောင်းပါပြီ။"

ဒါဟီးက လက်လျှော့ပါတယ်ဟူသော စိတ်ဖြင့် ပြန်ဖြေလိုက်သည်။

"ကိုယ် ဒီကို နေ့တိုင်း ကော်ဖီလာသောက်မှာ။"

"ကောင်းပါပြီ။"

"နမ်းလည်း နမ်းမှာ။"

"ကောင်းပါပြီ။"

"Sex လည်း လုပ်မှာ။"

"ကောင်းပါပြီ။"

"ပြီးတော့ လမ်းလည်းမခွဲဘူး။"

"ကောင်း..."

အလိုအလျောက် ပြန်ဖြေနေခဲ့သော ဒါဟီးလည်း ရုတ်တရက် ရပ်သွားတော့သည်။

"ကိုယ့်မှာ အီဒါဟီးနဲ့ လမ်းခွဲဖို့ စိတ်ကူးမရှိဘူး။"

"ပင်ပန်းလာလိမ့်မယ်။"

"ပင်ပန်းရရင်လည်း ကိုယ်ပဲ ပင်ပန်းမယ်။"

"အားနာပေမဲ့ ကျွန်မက ပူပြင်းတာကို မကြိုက်ဘူး။ မသေချာတာကိုလည်း မကြိုက်ဘူး။"

ပူပြင်းသောအရာများက တစ်ချိန်ချိန်တွင် အေးစက်သွားမည်ပင်။ ဒါဟီးက တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ ဝူဟျွန်းက ဒါဟီး ထိုသို့ တုံ့ပြန်လိမ့်မည်မှန်း သိနေသည့်အလား မေးထောက်ထားသည့် လက်ကို ဖြေလျှော့လိုက်သည်။ ထို့နောက် တည့်တည့်ထိုင်ကာ ဒါဟီးကို ကြည့်ခဲ့၏။

"မသေမချာဖြစ်မှာစိုးလို့ ပူပြင်းတာကို မကြိုက်တာမဟုတ်လား။"

အဓိကပြဿနာကို ထိမိအောင်ပြောလိုက်သော ဝူဟျွန်း၏စကားကြောင့် ဒါဟီးလည်း တစ်ချက်လောက် စကားမပြောနိုင်သည့်ပုံစံဖြစ်သွားတော့သည်။

"အစတုန်းက ကတိပေးထားသလိုမဟုတ်ဘဲ ကိုယ့်ရဲ့အပူချိန်က ကိုယ်တောင်မသိလိုက်ဘဲ တက်လာတာ။ အဲ့ဒါကိုတော့ တောင်းပန်ပါရဲ့။ ဒါပေမဲ့ ပူနွေးလာပြီးသားဖြစ်နေပြီကို ဘယ်လိုမှလုပ်လို့မရတော့ဘူးလေ။"

ခဏတာ အသက်ရှူရပ်လိုက်သော ဝူဟျွန်းက စကားဆက်ခဲ့သည်။

"အဲ့ဒီအစား၊ ဒီမှာပဲ ရပ်လိုက်မယ်။ မင်းထက် ဒီလောက်ပဲ ပိုပြီးပူနွေးတဲ့ အနေအထားနဲ့ ဒီဆက်ဆံရေးကို ဆက်သွားမယ်။ ဒါက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲ။"

"အခု အဲ့ဒီစကားက..."

ဖျားနေ၍ပဲလားမသိ၊ ခေါင်းက မြန်မြန်မလည်ပတ်တော့ပေ။ ဒါဟီးတစ်ယောက် ခဏလောက် အတွေးများကို စုစည်းသလို စကားရပ်လိုက်ပြီး နှုတ်ခမ်းများကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်ချိန်တွင် ဝူဟျွန်းက တစ်လှမ်းပိုမြန်စွာ ပြောခဲ့သည်။

"မင်းက ကိုယ့်ကို သဘောကျရုံပဲကျပေး။ ကိုယ်က မင်းကို ချစ်ပေးသွားမှာမို့လို့။"

"..."

"ဒီဆုံးဖြတ်ချက်ကိုချဖို့ ကိုယ့်အတွက်လည်း ခက်ခဲခဲ့တာပဲ။ ဟင့်အင်း၊ အစက ဒေါသထွက်ခဲ့တာ။ ဘဝမှာ ပထမဆုံးအကြိမ် ချစ်မိသွားတဲ့ မိန်းမက ကိုယ့်ကို ဘာသိဘာသာပဲ ချစ်မယ်ဆိုတော့။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ။ သွေးအေးတဲ့ အီဒါဟီးကိုမှ ချစ်မိသွားခဲ့တာကိုး။"

"..."

"နောက်ပြီး သေချာစဉ်းစားကြည့်လိုက်တော့ အရူးအမူးချစ်မိနေတဲ့ အီဒါဟီးကို စိတ်ကူးကြည့်လို့မရဘူး။ အချစ်နဲ့ ရူးသွပ်ပြီး ဇွတ်တရွတ်ပြေးဝင်လာတတ်တဲ့ မိန်းမမျိုးထက် ကိုယ့်ကို ဒီလောက်ပဲ သဘောကျတဲ့ အီဒါဟီးကို ပိုကြိုက်တယ်။ အီဒါဟီးက သွေးအေးတာကို ကြိုက်တယ်။ ကိုယ့်ကို ဖြည်းဖြည်းချင်း ပူနွေးလာဖို့ အခွင့်အရေးပေးတဲ့အတွက်။ အဲ့ဒါကြောင့် ပြောချင်တာက ကိုယ်တို့နှစ်ယောက် တော်တော်လေး လိုက်ဖက်တယ်လို့။"

အီဒါဟီးက အလွန်တရာ ပူပြင်းမလာနိုင်သည့် မိန်းမဖြစ်သောကြောင့်သာ သူ့အနေဖြင့် ချစ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ ဖြည်းဖြည်းချင်း ပူပြင်းလာဖို့ အီဒါဟီးက အချိန်ပေးခဲ့ပြီး၊ အသက်ရှူကျပ်လောက်အောင် ပူပြင်းလာခဲ့လျှင်တောင် ဆက်ဆံရေးက ဆက်လက် တည်တံ့နေခြင်းမှာ အီဒါဟီး၏ အေးစက်မှုကြောင့်ပင်။

ဝူဟျွန်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ကိုင်းလိုက်သည်။ လက်ဖဝါးတစ်ထွာခန့် အကွာအဝေးတွင် မျက်နှာနှစ်ခု ထိပ်တိုက်ဆုံသွားကြ၏။ ဝူဟျွန်း၏ လက်ညှိုးက ဒါဟီး၏ mask ကို ဆွဲချခဲ့သည်။ အဖျားတက်နေ၍ ဒါဟီး၏ ပါးပြင်လေးများ နီရဲနေ၏။ ဒါဟီး၏ နှုတ်ခမ်းများကြားမှ ပူနွေးသောလေများ ထွက်လာသည်။ ဝူဟျွန်း၏အကြည့်က ရီဝေဝေဖြစ်လာ၏။

"နမ်းတော့မှာ။"

ထိုသို့ပြောလိုက်ရင်း ဝူဟျွန်း၏ လက်က ဒါဟီး၏ လည်တိုင်အနောက်ဘက်ကို ဖက်တွယ်ခဲ့သည်။

ဝူဟျွန်း၏ ခေါင်းက ငဲ့စောင်းသွား၏။ ခွင့်ပြုချက်တောင်းနေသည့်အလား ဝူဟျွန်း၏ခေါင်းက ဖြည်းဖြည်းချင်း အနားကပ်လာသည်။ ဒါဟီးက အလုပ်မလုပ်တော့သော ဦးနှောက်ဖြင့် ပြင်းပြင်းထန်ထန် စဉ်းစားနေ၏။

"နောက်ထပ် မစဉ်းစားနဲ့တော့။"

ဝူဟျွန်း၏ အသံက တိုးတိုးလေး ထွက်ပေါ်လာသည်။ သူက မျက်နှာချင်းဆိုင်တွင်ကပ်ကာ ဒါဟီးကို ကြည့်နေ၏။ ဒါဟီး၏မြင်ကွင်းထဲတွင် ဝူဟျွန်း၏ မျက်နှာတစ်ခုတည်းသာ ပြည့်သွားတော့သည်။

"ကိုယ့်လက်ကို တွဲချင်တယ်မဟုတ်လား။"

"..."

"နမ်းချင်ပြီး အတူရှိချင်တယ်မဟုတ်လား။"

"..."

"အဲ့ဒါကိုပဲ အာရုံစိုက်ထား။"

လည်တိုင်အနောက်ဘက်ကို ဖက်တွယ်ထားသော ဝူဟျွန်း၏ လက်တွင် အားပါလာတော့သည်။ ဒါဟီး၏နှုတ်ခမ်းပေါ်သို့ ဝူဟျွန်း၏ နှုတ်ခမ်းများ သက်ဆင်းကျရောက်လာ၏။ တစ်ခဏတော့ ဒါဟီး၏ ခေါင်းထဲတွင် လုံးဝဗလာဖြစ်သွားသည်။ နောက်မှ နောင်တရမိလိမ့်မည်၊ နောင်အနာဂတ်တွင် ဤအခိုက်အတန့်ကို သေလောက်အောင် နောင်တရမိကောင်း ရမိပေလိမ့်မည်။ သို့သော်လည်း နောက်ထပ် စဉ်းစား၍ မရတော့ချေ။

ဤနှုတ်ခမ်းများကို လွမ်းဆွတ်နေခဲ့သည်ဆိုသောအချက်က မငြင်းနိုင်သည့် အမှန်တရားဖြစ်နေသောကြောင့်ပင်။

ဒါဟီး၏ မျက်လုံးလေးများလည်း ဖြည်းဖြည်းချင်း မှေးမှိတ်သွားလေတော့သည်။

[TL/ N : Main story က ဒီမှာဇာတ်သိမ်းပါပြီ။

နောက်ထပ် Epilogue တစ်ပိုင်း ကျန်ပါသေးတယ်။]

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment