no

Font
Theme

အခန်း(၃) - Koi နတ်ဘုရားမ

လင်းရှင်းဟယ် သည် မှော်တံမြက်စည်းကို လက်တွေ့မကျဟုထင်မိသည်။ တံမြက်စည်းက အလွန်မာသောကြောင့် သူမ၏ ပေါင်အတွင်းပိုင်း နာကျင်သည်။ စကတ်ဝတ်ထားပြီး အတွင်းထဲတွင် ဘောင်းဘီတိုဝတ်ထားသော်လည်း စိတ်ထဲတွင် အမြဲမသက်မသာခံစားနေရသည်။

ကောင်းကင် မှ ကျောင်း၏ရှုခင်းကို ကြည့်ရတာ နှစ်သက်မိသည်။ မြေပြင်မှကြည့်ခြင်းနှင့် လေထဲမှကြည့်ခြင်းသည် လုံးဝမတူပေ။ ဤကျောင်း က အလွန်ကြီးမားသည်။ အဆောက်အဦများအပြင်ဘက်တွင် ကန့်သတ်မရှိသော ပင်လယ်ပြင်ကြီးရှိသည်။ ကျောင်းဝင်းတစ်ခုလုံးသည် သမုဒ္ဒရာအလယ်တွင် ကျွန်းတစ်ကျွန်းကဲ့သို့ တည်ရှိသည်။

"နင်..."

လုချင်း သည် ပုံမှန်အတိုင်းရှိနေသော လင်းရှင်းဟယ်ကို ကြည့်၍ မေးလိုက်သည်။ "နင် မနေ့ညက အဆောင်ကို မပြန်ခဲ့ဘူးလား?"

"ငါပြန်ခဲ့တယ်လေ"

လုချင်း မဆိုင်းမတွဘဲ မေးလိုက်သည်။ "အိပ်ဆောင်ကိုပြန်ဖို့ လမ်းတစ်လမ်းပဲ ရှိတာလေ... နင် ဘယ်မှာ အနားယူခဲ့သလဲ? မနေ့က နင် လမ်းရှာမတွေ့လို့ ပြန်လှည့်လာမှာကို ငါ စိုးရိမ်နေတာ။ နင့်ကို ရှာလို့မတွေ့ဘူး"

"အိုး... ဒီလိုပါပဲ" လင်းရှင်းဟယ် က ခေါင်းညိတ်၍ ပြောသည်။ "ကံမကောင်းဘူးလို့ ပြောရမယ်။ ငါ အိပ်ဆောင်ဆီလမ်းလျှောက်ရင်း ခြံစည်းရိုးပေါ်ကနေ ချော်လဲပြီး ပြန်တက်ဖို့ အချိန်အတော်ကြာခဲ့တယ်"

သူမ အမှန်အတိုင်း လေးလေးနက်နက်နှင့် စကားတစ်ခွန်းမျှ မလွဲမသွေ ပြောပြလိုက်သည်။

လုချင်းသည် ထိုစကားကိုကြားသောအခါ ဒေါသထွက်လာခဲ့သည်။ ကျောင်း မှ လမ်းတစ်ဖက်စီ ၌ ခြံစည်းရိုးခတ်ထားခြင်းမှာ ခြံစည်းရိုးအနောက်မှာရှိနေတဲ့ အန္တရာယ်တွေကြောင့် ဖြစ်သည်။ ညအချိန်ရောက်သည်နှင့် ခြံစည်းရိုးနောက်ကွယ်ရှိ စိမ်းလန်းသောအပင်များ သည် ရန်လိုမှုများဖြင့် ပြည့်နှက်လာတက်သည်။ ပြီးခဲ့သည့်တခေါက် က ရှန်းရှဌာနမှ ကျောင်းသားနှစ်ဦး ညသန်းခေါင်တွင် ရန်ဖြစ်ခဲ့သည်။ သူတို့ထဲက တစ်ယောက် သည် ခြံစည်းရိုးထဲသို့ ပြုတ်ကျသွားခဲ့ကာ အစအနမရှိဘဲ ပျောက်သွားခဲ့သည်။__ 'လင်းရှင်းဟယ် ဆိုတဲ့ မိန်းမ၊ လိမ်ပြောနေလိုက်တာ မျက်တောင်တောင်မခတ်ဘူး။ ၃ နှစ်ကလေးလား?'

"အတန်းခေါင်းဆောင်၊ နင် 'N' နဲ့ 'L' အသံတွေကို ခွဲခြားမပြောတက်ဘူး။ နင် က တောင်ပိုင်းသူလား?"

လင်းရှင်းဟယ် က ၃ နှစ်သားကလေးကဲ့သို့ သရုပ်ဆောင်ပြီးနောက် သူမ၏ မန်ဒရင်းလေယူလေသိမ်းကို လှောင်ပြောင်လိမ့်မည်ဟု မထင်ထားချေ။ သူမ၏ အပြစ်ကင်းစင်သော အမူအရာကို ကြည့်ပြီးနောက် လုချင်းမှာ သူမ ရုတ်တရက် သတိမမူမိဘူးလို့ ခံစားမိလိုက်သည်။ ဒီကျောင်း ကိုဝင်နိုင်တဲ့သူတွေ က ဗီလိန်တွေကြားထဲက ဗီလိန်တွေဖြစ်တယ်၊ ခေတ်သစ်ဌာန၏ အမျိုးသမီးဗီလိန်များသည် လက်ဖက်စိမ်းမတွေ နှင့် ကြံစည်တက်တဲ့နေရာမှာ ဆရာများဖြစ်သည်။ ထိုမိန်းမ သည် ကြာဖြူနှင့်တူ၏။ မနေ့ညက ကျား၃ကောင်ကို စားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်ခဲ့တာ ဖြစ်နိုင်သည်။

လုချင်း သည် အလွန်ဒေါသထွက်သွားကာ ဆက်မပြောချင်တော့ပဲ အေးစက်တဲ့အမူအရာနဲ့ ထွက်သွားသည်။

လင်းရှင်းဟယ် သည် တစ်ခုခုကို ပြောချင်နေသေးသော်ငြားလည်း လုချင်း က ခြေလှမ်းသုံးလှမ်းအကွာအဝေးဆီ လျှောက်သွားနေပြီဖြစ်သည်။ လင်းရှင်းဟယ် သည် စိတ်မရှိချေ။ သူမ၏ မှော်တံမြက်စည်းကို ကိုင်ဆောင်၍ ဆိုင်းဘုတ်များနောက်ကို လိုက်ရင်း ခေတ်သစ်ဌာန၏ အတန်း ၁ သို့ သွားရာလမ်းကို ရှာတွေ့ခဲ့သည်။

အတန်းတိုင်း တွင် လူ ၃၀ ရှိသည်။ စာသင်ခန်း သည် သူမတွေ့ကြုံခဲ့ဖူးသော တက္ကသိုလ်စာသင်ခန်းနှင့်မတူချေ။ အရာရာတိုင်း က ခေတ်မီပေသည်။

လုချင်း က ပထမတန်းတွင် ထိုင်နေသည်။ သူမကို မြင်သောအခါ သူမ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။

အတန်း၏နေရာထိုင်ခင်းအစီအစဉ်နှင့်ပတ်သက်၍ လူသစ်လက်စွဲစာအုပ်ထဲတွင်ပါရှိသည်။ လင်းရှင်းဟယ် သည် ထိုင်ခုံကို အမြန်ရှာလိုက်သည်။ သူမ ပြတင်းပေါက်ဘေးရှိ ဒုတိယတန်းနောက်ဆုံးခုံ၌ ဝင်ထိုင်လိုက်သည်။ သူမ၏ထိုင်ဖော်မှာ ဆံပင်ကို မြင်းမြီးပုံစံကျစ်ထားသော မိန်းကလေးဖြစ်သည်။ ထိုမိန်းကလေး၏အသွင်အပြင် ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထိုမိန်းကလေး က စားပွဲခုံပေါ်တွင် အိပ်နေသည်။

လင်းရှင်းဟယ်သည် ပတ်ဝန်းကျင်ရှိ အတန်းဖော်များကို သတိပြုမိသည်။ အများစု မှာ အရမ်းပင်ပန်းနေပုံပေါ်သည်။ သူတို့သည် သူမ၏ အလုပ်ဖော်များကဲ့သို့ပင်၊ စားပွဲပေါ်တွင် လှဲအိပ်တာ သို့မဟုတ် အဆက်မပြတ် သမ်းဝေနေကြသည်။ နောက်တံခါးနား၊ နောက်ဆုံးတန်းမှာထိုင်နေတဲ့ အတန်းဖော်မိန်းကလေးကဲ့သို့ အတန်းဖော်အနည်းငယ်သာ တောက်ပနေသည်။ ထိုမိန်းကလေး သည် မှန်ကိုကိုင်၍ မိတ်ကပ်ပုတ်နေသည်။ သူမ သည် eyeliner ဖြင့် လှပသောမျက်လုံးတစ်စုံကို ပုံဖော်ထားသည်။

၁၀ နာရီ လောက်တွင် ဆရာတစ်ယောက် ဝင်ရောက်လာသည်။ ဆရာ သည် အရပ်ရှည်ရှည်နှင့် အသွင်အပြင် ကင်းမဲ့သော လူငယ်တစ်ဦးဖြစ်သည်။ လက်ထဲ တွင် တက်ဘလက်တစ်လုံး ကိုင်ထားသည်။ စာသင်ခန်းထဲဝင်လိုက်သည်နှင့် "မနေ့က ငါတို့ဘယ်ရောက်ပြီလဲ" ဟု မမေးခင်ပျင်းရိစွာ သမ်းဝေလေသည်။

သူ သည် ကျောင်းသားများ၏ အဖြေကို စောင့်မနေဘဲ သမ်းဝေရင်းဖြင့် ပြောလာသည် "သြော် ငါမှတ်မိပြီ။ ဒီနေ့တော့ 'မဟာပရမစ်သပါရမီ သုတ္တန် (၄) ပါး' သင်ရမှာဖြစ်လောက်တယ်..။ ဗုဒ္ဓဘာသာကျမ်းဂန်တွေ များများနားထောင်ပြီး စိတ်ဝိညာဉ်ကို သန့်စင်စေမယ်။ တစ်နေ့လုံး သူတပါးကို ဒုက္ခပေးဖို့ မစဉ်းစားနဲ့.."

သူက တစ်ခုခုကို တွေးတွေးဆဆဖြင့် ပြောသည်။ "ဟုတ်ပြီ၊ ဒီနေ့ ငါတို့မှာ အတန်းဖော်အသစ်တစ်ယောက်ရှိတယ်..."

ဆရာ က စာရင်းဇယားကို လှန်ကြည့်ကာ သမ်းဝေရင်းဖြင့် ခေါ်ထုတ်သည်။ "လင်းရှင်းဟယ်"

ဆရာ က လင်းရှင်းဟယ်ကို ကြည့်သည်။ သူ၏ လျစ်လျူရှုသောအမူအရာထဲ၌ ဝမ်းနည်းခြင်းအရိပ်အယောင်အချို့ကို သယ်ဆောင်ထားသည်။

"ကျောင်းမှာ မင်းရဲ့နေ့ရက်တွေကို တန်ဖိုးထားပါ"

"မင်းရဲ့နေရာမှာထိုင်ခဲ့တဲ့ကျောင်းသား က ၃ လအတွင်းမှာပဲ ဒီကိုရောက်လာပြီး ၃ လအတွင်း ဆုံးပါးသွားခဲ့တယ်။ အတိတ်တုန်းက မင်း မကောင်းမှုလုပ်ခဲ့ရင် ကိစ္စမရှိပေမဲ့ မင်း က ငါတို့ကျောင်းကိုရောက်နေပြီ။ မင်းရဲ့ အကျင့်စရိုက်၊ ကြင်နာတတ်တဲ့ ရည်ရွယ်ချက်တွေ ခိုင်ခိုင်မာမာနဲ့ ဘဝရဲ့ အဓိပ္ပါယ်အမှန်ကို နားလည်ဖို့ အလေးအနက်ထားပြီး စာမေးပွဲတွေ ဖြေဆိုရမယ် ..."

"မနေ့က ငါတို့ပြောခဲ့တာက 'ထို့ကြောင့် အချည်းနှီးဖြစ်တဲ့ ရုပ်၊ ခံစားမှု' 'သညာ' မရှိ၊ ရုပ်မရှိ၊ ဝိညာဏ်မရှိ၊ မျက်စိ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ ရုပ်၊ အသံ၊ အနံ့၊ အရသာ မရှိ၊ ထိထိမိမိ ရှုနိုင်သော အရာဝတ္ထု ကာယဒြပ်ဓာတ် စသည်ဟာ မနောဓာတ် မရောက်မှီတိုင်အောင် အဝိဇ္ဇာမရှိ၊ အနိစ္စ၊ အနတ္တ ဖြစ်တယ်။ 'မရဏ' (၅) ရဲ့ အဓိပ္ပါယ်က…"

ဆရာသည် စကားလုံးတစ်လုံးချင်း ဖတ်ရှုကာ အလွန်ပြောင်မြောက်သောပုံစံဖြင့် သင်ကြားပြသပြီး ငိုက်မျဉ်းနေပြီဖြစ်သော ပတ်ဝန်းကျင်ကို ပိုမိုငိုက်မျဉ်းလာစေသည်။

လင်းရှင်းဟယ် သည် သူမ၏ ပထမဆုံးအတန်းကို ဂရုတစိုက် နားထောင်ခဲ့သည်။

"အရမ်းလေးလေးနက်နက် နားထောင်နေဖို့ မလိုဘူး။ အလယ်တန်းနဲ့ နောက်ဆုံးစာမေးပွဲတွေမှာ စာတွေကို အများအားဖြင့် အလွတ်ကျက်မှတ်ကြတယ်။ အားလုံးကျက်သရွေ့ အမှတ်ရနိုင်တယ်။ နင် က ကျောင်းသားသစ်မလား၊ ငါ့နာမည်က ကုထောင်ယောင် ပါ"

လင်းရှင်းဟယ်၏အတန်းဖော်အသံမှာ အံ့သြစရာကောင်းလှသည်။ စမ်းရေ စီးဆင်းသည့်အသံနှင့်တူ၏။ သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန် ကုထောင်ယောင် က သူမကို ကြည့်နေတာကို တွေ့ရသည်။

"ဒီကိုရောက်လာတဲ့ ဗီလိန်အသစ်တိုင်းက ဒါက အံ့သြစရာကောင်းတယ်လို့ ထင်နေကြတယ်။ အကောင်းဆုံးကတော့၊ ငါတို့လို ခေတ်သစ်ဗီလိန်တွေဟာ လူသတ်မှုကနေ ငွေရှာနည်းကို သိကြပြီး အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်တွေကို ပြသာနာဖြစ်အောင်လုပ်တာပဲ"

"နင် ဘာပဲလုပ်လုပ် အနောက်တိုင်းစိတ်ကူးယဉ်ဌာနကိုမစော်ကားနဲ့။ ပြုပြင်ပြောင်းလဲခံရဖို့ ဒီကိုမလာခင်အဲဒီအစ်ကိုကြီးတွေက လက်ဖျောက်တချက်တီးပြီး ကမ္ဘာတစ်ခြမ်းကို သုတ်သင်ပစ်ခဲ့တယ်"

"ရှေးခေတ်ဌာနက ကျောင်းသားတွေနဲ့လည်း မတွဲနဲ့၊ ဒီဗီလိန်တွေက ကျောင်းအုပ်ကို ရာထူးကနေ ဖြုတ်ချပြီး ကျောင်းအုပ်ဖြစ်လာဖို့ အမြဲတမ်း ပူးပေါင်းကြံစည်နေကြတာ"

"ဟုတ်သား .. ရှန်းရှဌာနရဲ့ မြက်ခင်းလေး ရှဲ့ချွမ်က အလွန်ဖောက်ပြန်တက်တဲ့အကောင်နော်။ နင် သူ့အပေါ် လုံးဝစိတ်ကူးမယဉ်နဲ့!"

ကုထောင်ယောင်စကားပြောရင်းဖြင့် မျက်လုံးထောင့်ကနေ အိပ်ငိုက်နေတဲ့ ခြေရာတွေကို သုတ်ပစ်လိုက်သည်။

"ဒါတွေအားလုံးဟာ သွေး၊ ချွေးနဲ့ မျက်ရည်တွေကနေ ရထားတဲ့ သင်ခန်းစာတွေ။ ကံကြမ္မာက ငါတို့ကို စားပွဲတစ်လုံးတည်းမှာ ထားပေးတဲ့အတွက် ငါနင့်ကိုပြောပြတာနော်"

"ရေးဖြေ စာမေးပွဲတွေ ရှိသေးလား? ဒီနေ့ မှော်ဆေးဆိုင်မှာ ဆေးပြွန်ဝယ်ခဲ့တယ်၊ သူကတော့ စားမေးပွဲမှာ ခံနိုင်ရည်ရှိဖို့သုံးလို့ရတယ်ပြောတယ်"

"ဟုတ်တယ် ငါ ပြောခဲ့တဲ့ အလွတ်ကျက်မှတ်တဲ့ စာမေးပွဲတွေက အရေးမကြီးဘူး။ သူတို့ဆီက အမှတ်တွေ ရနိုင်ပေမယ့် ရှင်သန်ဖို့ အမှတ်နည်းလွန်းတယ်။ နင်က လူသစ်လေ၊ နင်တရားဝင်စာမေးပွဲမဖြေရသေးဘူး၊ ကျောင်းထဲက လူသစ်တွေ စာမေးပွဲဖြေဆိုရတယ်၊ ငါ့တုန်းက ဒီရောက်ပြီး ၅ ရက်မြောက်နေ့မှာ ဖြေဆိုရတာ ငါ မှတ်မိပါသေးတယ်.."

လင်းရှင်းဟယ် သည် ဗီလိန်ကျောင်း၏ စည်းကမ်းစေ့စေ့စပ်စပ်နားလည်ရန် သေချာပြန်မေးသည်။

လစဉ်သတ်မှတ်ထားသော ကျပန်းလူ ၁၀၀ စာမေးပွဲတစ်ခုရှိသည်။ စာမေးပွဲအကြောင်းအရာ သည် ပြောင်းလဲမှုရှိသည်။ ကျောင်း သည် စာမေးပွဲခန်းဆီ ဝင်ရောက်ဖို့ ကျပန်းစီစဉ်သည်။ လူ ၅၀ သာ ရမှတ် ၅၀ ကိုရနိုင်သည်။ ရလဒ်ကောင်းရသူများအတွက် စာမေးပွဲခန်းရှိ စွမ်းဆောင်ရည်အပေါ် မူတည်ကာ ထိပ်ဆုံး၁၀ ဦးကို အမှတ်ပေးသည်။

လစဉ်သတ်မှတ်ထားသော စာမေးပွဲအပြင် ကိုယ်တိုင်လည်း စာရင်းသွင်းနိုင်သည်။ လူ ၁၀၀ ပြည့်တိုင်း စာမေးပွဲခန်းဖွင့်မည့်အချိန်ကို ကြောညာပြီး အမှတ်ပေးစည်းမျဉ်း သည် အတူတူပင်ဖြစ်သည်။

အပြိုင်အဆိုင်စာမေးပွဲခန်း သည် လူ ၁၀၀ အတွက်ဖွင့်ထားသော်လည်း စာမေးပွဲခန်း ၄ ခု ပါ ပရိုမိုးရှင်းစမ်းသပ်မှုတစ်ခုရှိသေးသည်။ ပထမဂိမ်းတွင် အယောက် ၁၀၀ မှ ၅၀ ကိုဖယ်ထုတ်သည်၊ ဒုတိယဂိမ်းတွင် အယောက် ၅၀ မှ ၂၅ ကိုဖယ်ထုတ်သည်၊ တတိယဂိမ်းတွင် ၂၅ မှ ၁၂ ကိုဖယ်ရှားသည်။ စတုတ္ထဂိမ်းတွင် ၁၃ ယောက်မှ ၇ ကိုဖယ်ထုတ်သည်။

၇ ယောက်ထဲမှ ထိပ်ဆုံး ကျောင်းသား ၆ ယောက်အတွက် အာမခံရမှတ် သည် ၅၀၀ ဖြစ်သည်။

စာမေးပွဲအားလုံးတွင် ပထမစာမေး ပွဲသည် ကျောင်းတွင်း စာမေးပွဲဖြစ်သည်။ ဌာနအားလုံး ပါဝင်ရမည် ဖြစ်သည်။ ကျောင်းသားများအတွက် ပထမအကြိမ်စာမေးပွဲ တွင် မြင့်မားသော ဘေးကင်းလုံခြုံမှုပါဝင်ပြီး ယင်း မှာ လူသစ်တန်း ကာကွယ်ရေးကာလဟု သတ်မှတ်ခံရသည့် ဌာနတွင်းစာမေးပွဲဖြစ်သည်။

အထက်ပါအချက်များ သည် အမှတ်များရရှိရန် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ စာမေးပွဲများမှလွဲ၍ နောက်ဆုံးနှစ်နှင့်အလယ်တန်းစာမေးပွဲများကဲ့သို့ အမှတ်များရရှိရန် ကွဲပြားသောနည်းလမ်းများရှိပြီး အတန်းထဲမှာ လတိုင်းအတွက် အမှတ်များလည်းရှိသည်။ အမှတ် ၂၀ ရှိသော်လည်း ပျက်ကွက်ခြင်းနှင့် စာမေးပွဲကျခြင်းတို့အတွက် ၂ကြိမ် နုတ်ယူမည်ဖြစ်သည်။

ကျန်အမှတ်များရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ အပိုရမှတ်ရှာဖို့ ဖြစ်သည်။

ကုထောင်ယောင် မှ "ငါ က အရင်ကမ္ဘာတုန်းက အဆိုတော်နဲ့ အကသမားလေ။ တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး။ ခန္ဓာကိုယ်ကိုလည်း မရောင်းချင်ဘူး။ ညတိုင်းအိပ်ခန်းထဲမှာပဲ တိုက်ရိုက် ထုတ်လွှင့်ရတယ်။ အမှတ်များများရမှ ဖယ်ရှားမခံရမှာ။ အခု ငါ့မှာ တခြားအိမ်မက်မရှိဘူး။ ငါ့ရဲ့တစ်ခုတည်းသောအိမ်မက်က အမှတ် ၁၀၀၀ ရဖို့နဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ‌မော်လ်ထဲက ပစ္စည်းအချို့ဝယ်ယူရဖို့ပဲ။ နင် စာမေးပွဲအောင်ရင် မော်လ်ဖွင့်လိမ့်မယ်။ ဒိုင်မေးရှင်းမောလ် ရှိ လက်နက်တွေ က ငါတို့အတန်းဖော်တွေ ရောင်းချတဲ့ ပစ္စည်းထက် အရည်အသွေး မြင့်မားတယ်။ ကံမကောင်းတာက ငါ ဒီရောက်နေတာ ၁ နှစ်ကျော် ပြီဆိုပေမဲ့ နင့်လို D-အဆင့် အပြာရောင်လက်ကောက်ပဲရှိသေးတယ်"

ဒီနေ့ မြင်ခဲ့သော မှော်ဆေးဆိုင်ပိုင်ရှင်၏ လက်ကောက် သည် ခရမ်းရောင်လက်ကောက်ဖြစ်ပြီး ဘေးအိမ်က ပဲနို့ဆိုင်ရှင် တွင် အပြာရောင်လက်ကောက်ရှိနေခဲ့သည်ကို လင်းရှင်းဟယ် သတိရမိလိုက်သည်။

"လက်ကောက် က အရောင် အလိုက် အဆင့် သတ်မှတ်တာလား?"

"ဟုတ်တယ်၊ ငါတို့ရဲ့ D အဆင့် က စိမ်းပြာရောင်၊ အပြာ က C အဆင့်၊ ခရမ်းရောင် က B အဆင့်၊ ငွေက A အဆင့်၊ S အဆင့်က ရွှေ၊ SS အဆင့်နဲ့ SSS အဆင့် ပိုမြင့်တယ်လို့ ငါကြားတယ်၊ အနက်နဲ့ ရွှေရောင်လေ။ ဒါပေမဲ့ အဲအဆင့်တွေကို ရောက်နိုင်ရင် အမှတ်ပြည့်ပြီး ကျောင်းထွက်နိုင်တယ်လို့ ခန့်မှန်းမိတယ်။ ငါတို့ခေတ်ဌာနမှာ S အဆင့်မရှိဘူး၊ S အဆင့် က ရှန်းရှ က ကျောင်းမြက်လေးပေါ့။ ငါ ရှဲ့ချွမ်ကို အဝေးကကြည့်ရင်တောင် သူ့ရွှေလက်ကောက် က တကယ့်ကို စျေးကြီးတာမြင်ရတယ်"

ကုထောင်ယောင်၏လေသံတွင် မနာလိုခြင်းပြည့်နှက်နေသည်။ သူမ သည် တစ်ခုခုကိုတွေးမိဟန်ဖြင့် ပြောပြသည်။ "ဟေး မှော်ဆေးတွေ မဝယ်သင့်ဘူး။ နင်ကဘာမှမသိတဲ့ လူသစ်တစ်ယောက်။ အမှတ် ၅ မှတ်က ပိုက်ဆံယူတာနဲ့မထူးမခြားနားပဲ။ သူက မှော်တံမြက်စည်းကို အယောင်ပြပြီး မဲနှိုက်လို့နိုင်ရင် ရမယ်လို့ ပြောနေတာ ..သူက ."

ကုထောင်ယောင်၏ အကြည့် လင်းရှင်းဟယ်ဘေးရှိ တံမြက်စည်းပေါ် ကျရောက်သွားပြီး သူမ၏ လေသံ မှာ ရုတ်တရက် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားတော့သည်။

"ဟမ်... ဖာ့ခ်"

"ဒါ...ဒါ...ဒါက ဒဏ္ဍာရီလာ Lucky Draw မှော်တံမြက်စည်းလား?"

"နင် အရင်က ဘာအလုပ်လုပ်တာလဲ? ဒဏ္ဍာရီလာ koiနတ်ဘုရားမ လား? ဘာမှမလုပ်ရင်တောင် Weibo က တစ်မိသားစုလုံးကို ကျွေးမွေးနိုင်တဲ့လူမျိုးလား?"

[TN : Weibo က တရုတ်မှာ သုံးတဲ့ ဆော့ဝဲလ်တစ်မျိုးပါ]

"ငါက နင်နဲ့တူတူပဲ..ငါက သရုပ်ဆောင်တစ်ယောက်။ ဝေ့ပေါ် က ဆုတွေအများကြီး ပေါက်ခဲ့ဖူးတယ်။ အနိုင်ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဆုံးမှာ ငါ့အကောင့် ပိတ်ဆို့ခံခဲ့ရတယ်၊ ဝေ့ပေါ် က ဆုတွေရဖို့အတွက် အထူးအကောင့် သုံးတယ်လို့ထင်သွားခဲ့လို့လေ”

ကုထောင်ယောင်၏ မျက်လုံးများ တောက်ပလာပြီး သူမ၏လက်များကို ကိုင်၍ ပြောလာသည်။ “ တွဲလျက်ပြောလာသည်။ "Koiနတ်ဘုရားမ မှာ အကန့်အသတ်မရှိတဲ့ မှော်စွမ်းအားတွေရှိတာပဲ၊ လာမဲ့စာမေးပွဲမှာ ထိပ်တန်း ၅၀ ထဲဝင်ဖို့ ငါ့ ကို ကောင်းချီးပေးပါဦး”

လင်းရှင်းဟယ်: "..."

ကုထောင်ယောင် သည် ပိုမိုစိတ်အားထက်သန်လာကာ လင်းရှင်းဟယ်၏ လက်မောင်းကို ဆုပ်ကိုင်၍ပြောသည်။ "ငါ နင့်ကိုပြောပြမယ် နင် လုချင်းကို သတိထား။ သူမရဲ့လက်အောက် ထဲ ဝင်လာတဲ့လူတွေက လူသစ်တွေကို အနိုင်ကျင့်တယ်။ သူမက ခွေးရူးတစ်ကောင်ပဲ၊ မနေ့ည က သူမရဲ့လက်ထဲမကျခဲ့ဘူးမလား?"

"မကျခဲ့ဘူး၊ သူမ အဆင်မပြေဘူးဆိုတာ ငါ သိတယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment