အခန်း(၁) - ကျောင်းဝင်ခွင့်စာလိပ်
ညဥ့်နက်လေပြီ။
လင်းရှင်းဟယ်သည် သူမ၏ခေါင်းကိုမော့ကာ ရှေ့ရှိ နည်းပညာမြင့်တံခါးကြီးကို စိုက်ကြည့်နေမိသည်။ ထိုတံခါးသည် အပြာ၊ ခရမ်းနှင့် အစိမ်းရောင်များဖြင့် ဆိုင်ဘာပန့်ခ်စတိုင်လက်ရာဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းလှသည်။
သူမ ခေါင်းပေါ်ရှိ "ဗီလိန်ကျောင်း" ၏ နီယွန်စာလုံးကြီးများကို ကြည့်ရင်း မျက်တောင်ခတ်လိုက်မိသည်။ ထို့နောက် သူမ လက်ထဲရှိ နေရောင်ကဲ့သို့တောက်ပသော ယွန်းစာလိပ်ကို ငုံ့ကြည့်မိပြန်သည်။ လက်ရေးလှလှလေးဖြင့် ရေးထားသော စကားလုံးနှစ်လုံးမှာ - "ကျောင်းဝင်ခွင့်” ဖြစ်သည်။
သူမ စာလိပ်လေးကိုဖွင့်ဖတ်လိုက်သည် -
ကျောင်းသား - လင်းရှင်းဟယ်
[ကျွန်ုပ်တို့၏ကျောင်းသည် သင့်အား ခေတ်သစ်ဌာနတွင် ပြုပြင်ပြောင်းလဲမှုများကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ဤစာကို ယူလာပြီး မိုးမလင်းမီအချိန်မီ ကျောင်းကို သတင်းပို့ပါ]
စာ၏အောက်တွင် ဗီလိန်ကျောင်း၏ တရားဝင်တံဆိပ်ပါရှိသည်။
လင်းရှင်းဟယ်သည် ကျောင်းတံခါးကိုကြည့်၊ ပြီးနောက် ဝင်ခွင့်စာစောင်ကိုပြန်ကြည့်ကာ သူမ နေရာမှားနေပြီလားဟု ခဏတာ သံသယဝင်သွားခဲ့သည်။ ဤထူးဆန်းသော အခြေအနေက သူမအား တံခါးရှေ့တွင်သာ ရပ်တန့်စေပြီး ရှေ့မဆက်တော့ပေ။
အားလုံး ရုတ်တရက် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ သူမအနေဖြင့် ရုတ်တရက်ဖြစ်ပျက်သွားခဲ့သည်များကို လက်မခံနိုင်သေးပေ။
လွန်ခဲ့သော တစ်နာရီက သူမ၏ ပွဲဦးထွက်ရုပ်ရှင် "April and World" ဇာတ်ကား ဆန်ကာတင်စာရင်းဝင်ခဲ့သည့်အတွက် Hundred Flowers Awards ဆုပေးပွဲအခမ်းအနားသို့ ဆုယူရန် ရိုးရာဝတ်စုံဝတ်ဆင်ကာ တက်ရောက်ခဲ့သည်။ ဒါရိုက်တာမှသည် ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်ရေးအဖွဲ့နှင့် သရုပ်ဆောင်များအထိ ဇာတ်ကားတစ်ခုလုံးကို အမည်မသိလူသစ်များနှင့် ပေါင်းစပ်ရိုက်ကူးထားခဲ့သော်လည်း ထိုနှစ်အတွက် မြင်းနက်ဆုကို ရရှိခဲ့သည်။
လင်းရှင်းဟယ် သည် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို လက်ခံရယူရန် စင်မြင့်ပေါ်သို့တက်လာသောအခါ သူမ၏စိတ်တွင် ဤဆုသည် ရရန်ထိုက်တန်သော်လည်း မျှော်လင့်မထားခဲ့ဟု ခံစားမိသည်။ သူမ... သူမ၏ ကံကြမ္မာက မယုံနိုင်လောက်အောင်ပင်။
တစ်နေ့တွင် သူမ စူပါမားကတ်တွင် အဆာပြေ စျေးဝယ်ထွက်နေစဉ် "April and the World" ၏ ဒါရိုက်တာကို တွေ့ခဲ့သည်။ ထို့နောက် သူမသည် ဇာတ်ပို့နေရာအတွက် လူတွေ့စစ်ဆေးမှု ဝင်ရောက်ခဲ့ပြီး အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့သည်။ သို့သော် သူမသည် တကယ်ကံကောင်းခဲ့သလား၊ ကံဆိုးခဲ့သလား။ ဤသို့မဟုတ်ပါက ဆုပေးပွဲအခမ်းအနားမှ ထွက်ခွာစဉ် ရာသီဥတုသည် ဤမျှပြင်းထန်လာမည် မဟုတ်ပေ။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မိုးကြိုးကြောင့် သူမ သေဆုံးသွားခဲ့ရသည်။
အခင်းဖြစ်ပွားရာနေရာတွင် သူမထက် အရပ်ပိုမြင့်သူများစွာရှိသော်လည်း ထူးဆန်းစွာပင် မိုးကြို းသည် သူမ၏အပေါ်သို့အတိအကျ ကျရောက်ကာ သူမ သည် လျှပ်စီးကြိုးကို ကိုင်ထားသူကဲ့သို့ ဖြစ်သွားခဲ့သည်။
သူမ၏တိုတောင်းသော ဘဝကို တွေးတောနေရင်း သို့မဟုတ် သူမ၏ လောင်ကျွမ်းနေသော ရုပ်အကြွင်းအကျန်များကို ချီးကျူးခြင်းမပြုမီ အလင်းတန်းတစ်ခု က သူမဆီသို့ ပြေးလာခဲ့သည်။ ကြီးမားကျယ်ပြန့်သော အဖြူရောင်အဝန်းအဝိုင်းတစ်ခုသာရှိသော ထူးဆန်းသည့်နေရာတစ်ခုသို့ သူမ၏ဝိညာဉ်ကို ဆွဲခေါ်သွားခဲ့သည်။ ထိုအချိန်တွင် သူမသည် လေထဲတွင် လွင့်မျောနေသည့် စာလိပ်တစ်ခုကို တွေ့ရှိခဲ့သည်။
သူမ လက်ဖြင့် လှမ်းကိုင်လိုက်သည်နှင့် စာလိပ်သည် သူမ၏လက်ဖဝါးထဲသို့ ကျရောက်လာခဲ့သည်။ သူမသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားသကဲ့သို့ ခံစားရသည်။ အဖြူရောင်အကွင်းမှာ ဓားဖြင့်ထိုးဖွင့်လိုက်သကဲ့သို့ ကွဲထွက်သွားပြီး အလင်းရောင်ကွက်များ ပျောက်ကွယ်သွားကာ ဤထူးဆန်းသောကမ္ဘာနှင့် အစားထိုးသွားခဲ့သည်။ မကြာခင်မှာပင် မထင်မှတ်ထားသော ဗီလိန်ကျောင်းကို တွေ့လိုက်ရသည်။
"နင်... ဝင်မှာလား၊ မဝင်သေးဘူးလား"
တံခါး၏နှစ်ဖက်စလုံး ဖြည်းညှင်းစွာပွင့်လာကာ... လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။
အရပ်ရှည်ရှည် သွယ်လျသော မိန်းကလေးတစ်ဦး သည် လင်းရှင်းဟယ်ရှေ့တွင် ပေါ်လာသည်။ ထိုမိန်းကလေး သည် သူမကို ငုံ့ကြည့်၍ မေးလာသည်။ "အတန်းဖော် လင်းရှင်းဟယ် ဟုတ်တယ်မလား? မင်္ဂလာပါ၊ ငါက ခေတ်သစ်ဌာန၊ အတန်း ၁ ရဲ့ ဥက္ကဋ္ဌ လုချင်းပါ။ နင့်ကို စောင့်ခိုင်းမိတဲ့အတွက် အရမ်းအားနာမိပါတယ်။ ငါ သတိပေးချက်ကိုဖတ်ထားပါတယ်၊ နင် မနက်ကျမှလာမယ်လို့ထင်ခဲ့တာ။ နင် ဒီကို ညသန်းခေါင်ရောက်ဖို့ မမျှော်လင့်ထားဘူး"
စကားစမြည်ပြောနေစဉ် လုချင်းသည် သူမအား "တစ်ယောက်ယောက်ကို သတ်ဖူးလား" ဟု ရုတ်တရက် မေးလိုက်သည်။
...အဲဒါက ဘယ်လိုမေးခွန်းမျိုးလဲ?
လင်းရှင်းဟယ် က ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။
"မသေခင် နင့်ရဲ့ အလုပ်က ဘာလဲ"
"မင်းသမီး"
လုချင်း၏ စိတ်အားထက်သန်မှု အနည်းငယ် ကျဆင်းသွားလေသည်။ ...ဒီမိန်းကလေးက မင်းသမီးတစ်ယောက်ဖြစ်တယ်။ မင်းသမီးအများစုက ရုပ်ရည်ချောမောကြတယ်၊ အတန်းဖော်အသစ်ကလည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ မျက်နှာအသွင်အပြင်သည် ကြွေရုပ်ကဲ့သို့ သိမ်မွေ့လှသည်။
"အင်း... သရုပ်ဆောင်တွေက အသုံးမဝင်ဆုံးပဲ။ ဝက်သားရောင်းတာက နံပါတ် ၂ အဆင်မပြေဆုံး အလုပ်အကိုင်ပဲ" လုချင်းတစ်ယောက် အနည်းငယ် စိတ်ပျက်သွားကာ ရေရွတ်မိသည်။ ထို့အပြင် ခေတ်သစ်ဌာနအတွက် ကျောင်းသားကောင်းများ ရရန် မဖြစ်နိုင်ချေ။
လုချင်း၏ စိတ်ထဲတွင် ထိုကျောင်းတွင် ရုပ်ရည်ချောမောသော်လည်း အရည်အချင်းမရှိသူဖြစ်ရခြင်းမှာ ဝမ်းနည်းဖို့ကောင်းလှသည်ဟု တွေးမိသည်။
လုချင်းသည် လင်းရှင်းဟယ်ကိုကြည့်နေစဉ် လင်းရှင်းဟယ်ကလည်း လုချင်းကိုပြန်ကြည့်နေခဲ့သည်။ ထုံးစံအတိုင်း လင်းရှင်းဟယ်သည် သတိအလွတ်မခံဘဲ တိုးတိုးတိတ်တိတ်လေး ကြည့်နေခဲ့သည်။ ဤနေရာ က သူမကို အလွန်စိတ်မသက်မသာဖြစ်စေသည်။ သူမ ထွက်သွားချင်သော်လည်း ပတ်ပတ်လည်တွင် မီးခိုးရောင်အလွှာတစ်ခုကို သတိပြုမိသည်။ ရုပ်ရှင်တစ်ခုလို ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
"ထွက်လမ်းကိုရှာဖို့ မဖြစ်နိုင်ဘူး။ နင် က သေပြီးသွားပြီလေ။ နင် ပြန်မွေးချင်ရင် နင် လုပ်နိုင်တာက ကျောင်းတက်တာပဲ။ နင် ဘွဲ့မရခင်အထိ ဒီကျောင်းကို ထားခဲ့လို့မရဘူး။ အဲဒီနယ်နိမိတ်ကို မြင်သလား၊ ဒါက တခြားကမ္ဘာနဲ့ ချိတ်ဆက်တဲ့ တံခါးပေါက်တစ်ခုပဲ။ နင် အောင်လက်မှတ်ကို မရမချင်း ထွက်သွားလို့မရဘူး။ နင့်ကိုယ်နင် ကျေးဇူးတင်လိုက်ပါ။ ဒီလောကကို ရောက်လာပြီးနောက် နင့်ခန္ဓာကိုယ်တည်ရှိတယ်။ ဝိညာဉ်သက်သက် မဟုတ်တော့ဘူး"
လင်းရှင်းဟယ် သည် လက်သီးဆုပ်လိုက်သည်။ ခံစားချက်မှာ သူမအသက်ရှင်နေချိန်နဲ့ မတူပါ။ ထိုအချိန်တုန်းက သူမဝတ်ထားသော ရိုးရာဝတ်စုံသည် ယူနီဖောင်း၏ အစိတ်အပိုင်းတစ်ခုဟု ထင်ရသည့် ရိုးရှင်းသော စကတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ ရင်ဘတ်ပေါ်တွင် ဗီလိန်ကျောင်း၏ တံဆိပ်ရှိသည်။
လုချင်းသည် ရုတ်တရက် တစ်ခုခုကို တွေးမိကာ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ကျယ်ပြန့်လာသည်။ လုချင်းက လင်းရှင်းဟယ်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်၍ ပြောလာသည်။ "ကျောင်းသွားရအောင်။ ငါ ကျောင်းဝင်းနဲ့ မိတ်ဆက်ပေးမယ်။ နင် နောက် ၁ နှစ်ကနေ ၂ နှစ်အထိ နေရမယ့်နေရာ၊ ဒါမှမဟုတ်လည်း နောက်ဆယ်စုနှစ်လောက်ထိ ဆက်နေရမဲ့နေရာလေ"
လင်းရှင်းဟယ်သည် စကားတစ်ခွန်းမှ မပြောဘဲ လုချင်းနောက်ကနေ လိုက်လာခဲ့သည်။
စိုစွတ်သော လေပြင်းများက ရှေ့သို့ တိုးဝင်တိုက်ခတ်လာသည်။ လမ်းရဲ့မီးတိုင်နှစ်တိုင်၏အောက်တွင် မမြင်နိုင်သော တံတားအရှည်ကြီးတစ်ခုရှိသည်။ တစ်ဖက်တစ်ချက်တွင် အောက်ခြေမရှိသော မြစ်တစ်ခုလည်း ရှိသည်။
လုချင်း သည် လင်းရှင်းဟယ်ကို မြို့ပတ်ဘတ်စ်ကားပေါ်သို့ ခေါ်ဆောင်လာသည်။ တံတားတစ်လျှောက် လမ်းလျှောက်လာရင်း ဆယ်မိနစ်ကျော်အကြာတွင် လင်းရှင်းဟယ် သည် လုချင်း က ‘သမီးအတုနိုဗယ်’ ထဲမှ ဗီလန်သမီးအတု၊ လုချင်း ဖြစ်သည်ကို သိခဲ့ရသည်။ သမီးအရင်း ပြန်လာပြီးနောက် အရာအားလုံးကို လုယူမည်ကို စိုးရိမ်၍ သမီးအရင်း ကို တိတ်တဆိတ် လိုက်ရှာကာ ပြန်ပေးဆွဲဖို့ လူတွေကို ရှာခဲ့သည်။ မထင်မှတ်ပဲ၊ သမီးအရင်းရဲ့ ချစ်ရသူတစ်ဖြစ်လဲ ခင်ပွန်းဖြစ်သူက ပြန်ပေးဆွဲဖို့ ကြံစည်သည်ကို အချိန်မီသိရှိပြီး လုချင်း ကို သားကောင်အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။ နောက်ဆုံးတွင် လုချင်း သည် ပြန်ပေးဆွဲသူများလက်တွင် သေဆုံးသွားခဲ့သည်။
"...ဗီလိန်?"
"ဟုတ်တယ်။ ငါတို့ကျောင်းကို ဝင်လာတဲ့သူတိုင်းက ဗီလိန်တွေပဲ။ ဗီလိန်ကြီး၊ ဗီလိန်လေးတွေ၊ တစ်ချိန်ချိန်မှာ လူတိုင်းဇာတ်ကောင်တစ်ခုရကြတယ်။ ဗီလိန်ဇာတ်ကောင်လို့သတ်မှတ်လို့ရတယ်" လုချင်း က တံတားပေါ်မှဆင်း၍ အဝေးရှိ အဆောက်အအုံအချို့ကို လက်ညိုးထိုးပြသည်။ "ငါတို့ကျောင်းမှာ ခေတ်သစ်ဌာန၊ ရှေးခေတ်ဌာန၊ ရှန်းရှန်ဌာနနှင့် အနောက်တိုင်းဌာနရှိတယ်။ ခေတ်သစ်ဌာနနှင့် ရှေးခေတ်ဌာနက အရှေ့ဘက်မှာ။ အနောက်ဘက်မှာ ရှန်းရှဌာနနှင့် အနောက်တိုင်းဌာန ရှိတယ်..အဆောင်တွေကတော့ ရှန်းရှဌာနနဲ့ပိုနီးကပ်တယ်"
လင်းရှင်းဟယ် အနည်းငယ် အံ့သြသွားသည်။ သူမလို စိတ်ကောင်းရှိတဲ့ ရိုးဖြောင့်တဲ့လူငယ်က ကြယ် ၅ ပွင့် ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာသည်လဲ?
သို့သော် သူမ၏အံ့ဩမှုမှာ ကြာရှည်မခံဘဲ သူမရှေ့ရှိ ရှုခင်းကြောင့် တုန်လှုပ်သွားသည်။ ကျောင်းတံခါ သည် ဆိုင်ဘာပန့်စတိုင်ဖြစ်သော်လည်း အတွင်းဘက်တွင် ရောထွေးလျက် လိုက်ဖက်ညီသော ပုံစံဖြစ်သည်။ ညဥ့်နက်သန်းခေါင်မှာတောင် လုံးဝခြားနားတဲ့ ပုံစံတွေနဲ့ လုံးဝခြားနားတဲ့ ထင်ရှားပေါ်လွင်တဲ့ အဆောက်အဦးလေးလုံးကို ယောင်ဝါးဝါးမြင်နိုင်သည်။
ခေတ်မီဌာန၏ သင်ကြားရေးအဆောက်အအုံသည် သူမ မသေခင် ကကမ္ဘာနှင့်မခြားနားသည့် ခေတ်မီအထပ်မြင့်အဆောက်အအုံတချို့ဖြစ်သည်။ ရှေးဟောင်းဌာန၏ သင်ကြားရေးအဆောက်အအုံများသည် နေရာတိုင်းတွင် ပွဲကြည့်စင်ကဲ့သို့ စင်များရှိပြီး အနီရောင်အုတ်ကြွပ်နှင့် အစိမ်းရောင်နံရံများ ပါရှိကာ ရှေးခေတ်မြို့၏ ထက်ဝက်ကျော်ကို ဒီနေရာသို့ပြောင်းရွေ့ထားသလိုမျိုးဖြစ်သည်။ ရှန်းရှဌာန၏ သင်ကြားရေးအဆောက်အအုံများသည် ကောင်းကင်ယံတွင်ရှိသော မြို့တစ်မြို့နှင့်တူပြီး ကောင်းကင်ယံထက်ဝယ် နတ်သမီးအိမ်တော်နှင့်တူလှသည်။ အနောက်တိုင်းဌာနရှိ သင်ကြားရေးအဆောက်အအုံသည် ဗဟိုဥရောပကမ္ဘာရှိ အဆောက်အအုံတစ်ခုကဲ့သို့ ရှေးခေတ်ဥရောပဗိသုကာလက်ရာ ရဲတိုက်အိမ်တော်ဖြစ်သည်။
ကြီးမားလှသော ကျောင်းကြီးတွင် မတူညီသော အဆောက်အဦးပုံစံလေးခုကို ရောနှောနေသော်လည်း လိုက်ဖက်ညီစွာ အဆန်းကြီးဖြစ်နေသည်။
...သူမ ဘယ်လို ထူးဆန်းတဲ့နေရာကို ရောက်နေတာလဲ?
"စကားမစပ် နင့်ရဲ့ထူးခြားချက်က ဘာလဲ?" လုချင်းမှ ရုတ်တရက်မေးလာခဲ့သည်။
လင်းရှင်းဟယ် မှ တွေးတောရင်း ဖြေသည် "ငါက ကံကောင်းတယ်"
လုချင်း မျက်ဝန်းလှိမ့်လိုက်တော့သည်။ အရူးလား? ကံကောင်းတာကဘာများလဲ? ထူးခြားတာမရှိရင်တော့ သူမ မကြောက်ဘူး။ ခေတ်မီကျောင်းသားများ သည် ကျောင်းတွင် ရှင်သန်လိုပါက နိမ့်ကျစွာ သို့မဟုတ် နွေးထွေးစွာနေရမည်။ သူမတွင် ထူးထူးခြားခြား ဘာမှမရှိပေ။ ပထမ စာမေးပွဲတွင် သူမတောင် လုံးဝမရှင်သန်နိုင်ခဲ့ပါ။ လင်းရှင်းဟယ်လို လူသစ်များဟာ ရက်အနည်းငယ်အတွင်း ကျောင်းမှ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
လုချင်းသည် နည်းနည်းထိန်းထားရင်းတည်ငြိမ်စွာပြုံးလိုက်မိသည်။ "အခုသိပ်မစောတော့ဘူး။ အနားယူဖို့ အိပ်ဆောင်ကို ခေါ်သွားပေးမယ်။ မနက်ဆယ်နာရီမှာ အတန်းစတယ်။ အဲတော့ ၈ နာရီလောက် အနားယူလို့ရတယ်၊ အိပ်ဆောင်မှာရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေကိုလည်း ကျောင်းက အသင့်ပြင်ပေးထားတယ်။ နင် ဝင်ပြီအနားယူတော့..မေးစရာတွေရှိရင်၊ လူသစ်လက်စွဲစာအုပ် ကစားပွဲပေါ်မှာ ရှိတယ်၊ ဒါမှမဟုတ် ငါ့ကိုရှာဖို့ ၆၀၅ ကိုလာနိုင်တယ်"
အိပ်ဆောင်ဧရိယာသို့ ရောက်သောအခါ မြင်ကွင်းကြည့် ဘတ်စ်ကားလည်း ရပ်တန့်သွားသည်။ "အိပ်ဆောင်ကို ခရိုင် ၁ နဲ့ ခရိုင် ၂ ဆိုပြီး ပိုင်းထားတယ်။ ငါက ခရိုင် ၆၀၅ မှာနေပြီး နင်က ခရိုင် ၃၀၃ မှာ။ ရှေ့တည့်တည့်ကို လျှောက်ရင် ဆိုင်းဘုတ် တွေ့လိမ့်မယ်။ မနက်ဖြန်စာသင်ခန်းကို ၁၀ နာရီမတိုင်ခင် ရောက်ရင် အဆင်ပြေတယ်။ တက်ရမဲ့အတန်းက အတန်း ၁ ပါ"
လင်းရှင်းဟယ်က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်သည် "ကောင်းပါပြီ..စောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
လုချင်းသည် သူမကို လက်ခါယမ်းပြရင်း ညအမှောင်ထဲ တဖြေးဖြေးပျောက်ကွယ်သွားလေသည်။
လုချင်းသည် ခေါင်းငုံ့၍ လက်ကိုင်ဖုန်းကို ထုတ်ကာ လီကျင်းယဲ့ဆီသို့ စာပို့လိုက်သည်။ 'လူက ခရိုင်ကိုသွားပြီ၊ နင် ငါ့ကို နောက်စာမေးပွဲမှာတွေ့ချင်ရင် ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး'
လီကျင်းယဲ့ သည် သစ်ပင်ပေါ် ပျင်းရိစွာ မှီနေလျက် အဝေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူ့ဘေးက ညီငယ်လေးမှ စီးကရက်တစ်လိပ် ပေးလာသည်။ လီကျင်းယဲ့သည် ပါးစပ်ဟပေးလိုက်သည်။
ညီငယ်မှာ မီးညှိပေးရင်း ချီးကျူးစကားပြောဆိုသည် "နောက်ဆုံးတခေါက် စာမေးပွဲဖြေတုန်းက အစ်ကိုကျင်းယဲ့ ကထိပ်ဆုံး ၁၀ ယောက်ထဲဝင်ခဲ့တယ်၊ လုချင်းကိုမေးကြည့်တော့ အစ်ကိုကျင်းယဲ့က ဒီတခေါက် ရိတ်သိမ်းမှုကိုကျေနပ်တယ်တဲ့၊ ကျွန်တော် မသေခင် က သရုပ်ဆောင်တစ်ယောက်လေ ကျွန်တော်က ကျွန်တော်တို့ ခေတ်မီဌာနမှာ ပန်းတပွင့်ဖြစ်လာဖို့လုံလောက်တဲ့ရုပ်ရည်ရှိတယ်။ သရုပ်ဆောင်အများစု က သက်သာတယ်၊ ရှေးခေတ်ဌာနမှာ ရှိတဲ့ ငိုနေတဲ့ သခင်မလေးတွေနဲ့မတူဘူး။ ကျွန်တော် အစ်ကို့ကို ပျော်ပျော်ရွှင်ရွှင်ခစားမယ်။ ကျွန်တော် ကတိပေးတယ်"
လီကျင်းယဲ့ သည် ရယ်မောရင်း ဆို၏။ "မင်းတို့ခေတ်မီဌာနက မိန်းကလေးတွေ မှာ အိပ်ယာကိုနွေးထွေးစေဖို့ ရည်ရွယ်ချက်ပဲရှိကြတာပါကွာ.."
"မဟုတ်လို့လား? စာမေးပွဲတိုင်းရဲ့ အောက်ခြေမှာချည်းပဲ.. အစ်ကိုကျင်းယဲ့ စာမေးပွဲဖြေပြီးတဲ့အချိန်တစ်လျှောက်လုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ငါကြည့်ခဲ့တယ်။ နောက်ဆုံး မိုးကြိုးပစ်ချက် က ရင်သပ်ရှုမောစရာပဲ။ အတော်သန်မာတယ်”
သူတို့ သည် လီကျင်းယဲ့ကို ချီးကျူးရင်း အိပ်ဆောင်ကို ပြန်တိုင်း အသုံးပြုကြသော တစ်ခုတည်းသောလမ်းကို တစ်ချက်ကြည့်လိုက်ကြသည်။ ၅ မိနစ်လောက်အကြာအထိ သရဲတစ္ဆေတောင် မရှိချေ။
"စိတ်မပူပါနဲ့၊ မိန်းမဆိုတာ က လမ်းဖြေးဖြေးချင်းလျှောက်တဲ့အမျိုးဗျ၊ ဒါ့အပြင် သူမ က မသိနားမလည်တဲ့ ကျောင်းသားသစ်တစ်ယောက်လေ။ လမ်းဘေးက ပန်းတွေနဲ့ အပင်တွေရဲ့ဆွဲဆောင်မှု ကို ခံနေရတာဖြစ်မယ်”
နောက်ထပ် နာရီဝက်ကြာပြီးနောက် လီကျင်းယဲ့တစ်ယောက် ၅ လိပ်မြောက်စီးကရက်ကို သောက်နေသော်လည်း လူသစ်ကို မတွေ့ရသေး။ လီကျင်းယဲ့ သည် စိတ်မရှည်စွာမေးလာသည်။ "ဘာလို့ မလာသေးတာလဲ"
သိပ်မကြာခင် ညီငယ်လေးမှာ သွားကြည့်ပြီး ပြန်ရောက်လာသည်။ "ဘယ်သူမှ မရှိဘူး"
ထိုအချိန်တွင် လင်းရှင်းဟယ်သည် ခြံစည်းရိုးမှ ခက်ခက်ခဲခဲ တက်လာသည်။ သူမ၏ကိုယ်ပေါ် ရွှံ့များဖြင့် ဖုံးလွှမ်းနေသည်။
လွန်ခဲ့သည့် နာရီဝက်ခန့် က လမ်းပေါ်ကို လှည့်ပတ်ကြည့်နေခဲ့သည်။ အိပ်ဆောင်ဧရိယာဆီသို့ လျှောက်လမ်းတစ်ခုတည်းသာရှိသည်။ နှစ်ဘက်စလုံးတွင် သူမ မသိသော စိမ်းလန်းသောအပင်များ စိုက်ထားပြီး ဘေးနှစ်ဖက်တွင် လူတစ်ဝက်မြင့်သော လက်ရန်းများရှိသည်။ သူမ လျှောက်ရင်း ချော်လဲကျသွားခဲ့သည်။ မြေပြန့်ဟုထင်ခဲ့ပေမဲ့ လျှောက်လမ်းတွင် ကုန်းစောင်းတစ်ခုရှိနေသည်။ လင်းရှင်းဟယ်သည် နှင်းဘောလုံးကဲ့သို့ အောက်ခြေသို့ လဲကျသွားခဲ့သည်။ သူမ ကံကောင်းသလား ဆိုးသလား မသိ။ ထိုနှင်းဘောလုံးကြောင့် ဒဏ်ရာကင်းစွာ အောက်သို့ ကျသွားခဲ့သည်။ မတ်တပ်ထရပ်လိုက်ချိန် သူမ လုံးဝ မတုန်မလှုပ်ဖြစ်နေခဲ့သော်ငြား ခြစ်ရာလုံးဝမရခဲ့။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေပြီး လက်ချောင်းတွေကိုတောင် မမြင်ရချေ။ လင်းရှင်းဟယ်လည်း မထိတ်လန့်ဘဲ နောက်တစ်ကြိမ် ထပ်တက်ဖို့ အများကြီး ကြိုးစားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ပွဲဦးထွက်နိုဗယ်ထဲ၌ မင်းသမီး သည် ကျောက်တောင်တက်သမားဖြစ်သည်။ သူမသည် အထူးတလည် လေ့လာရန် တစ်စုံတစ်ဦးကို တစ်လခန့်ရှာခဲ့ရသည်။ မဟုတ်ပါက သာမန်လူများ ဒီတောင်စောင်းကိုတက်နိုင်မည် မဟုတ်ပေ။
သူမ တက်နိုင်လိုက်ချိန်တွင် အိပ်ဆောင်နေရာသည် သူမရှေ့တွင် ရှိနေသည်ကို တွေ့လိုက်ရတော့သည်။