Unicode
ကျန်းဇီဖင်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ဒါက ဘယ်လိုတောင် ဆိုးဝါးလိုက်တဲ့ ဥပမာမျိုးလဲကွ? သူ ဘယ်တုန်းက နေမကောင်းဖြစ်လောက်အောင် ဒေါသထွက်လို့လဲ?
ကျန်းဇီဖင်းက တကယ့်ကိုကလေးဆန်မှန်း စုချီယွဲ့ ခံစားလိုက်ရ၏။ သူက နှစ်ဘဝတောင်နေလာပြီဟာ၊ ဘာလို့ မစဉ်းစားတတ်ရတာလဲ?
လေယာဉ်ပေါ်ကဆင်းပြီးနောက် ထန်ယဲ့က စုချီယွဲ့ဆီကို သော့တစ်ချောင်းပစ်ပေးလိုက်သည်။
"ဒါက တိုက်ခန်းသော့။ ကိုယ် မင်းဆီ နောက်မှလိပ်စာပို့ပေးလိုက်မယ်"
"ကျွန်တော်က အဆောင်မှာနေတာဗျ ထန်လောင်ရှီး"
ထန်ယဲ့သည် စုချီယွဲ့ အခေါ်အဝေါ်ပြောင်းလိုက်သည်ကို အတန်ငယ်မကျေမနပ်ဖြစ်နေလျက်။
"ကိုယ့်ကို ဘာလို့ထန်လောင်ရှီးလို့ ထပ်ခေါ်နေတာလဲကွာ?"
"ကျွန်တော်သိပါတယ်ဗျာ၊ ဟိုဟာက ရှိုးရိုက်နေလို့ဆိုတာ။ ထန်လောင်ရှီးက ဒီရှိုးမှာ အရမ်းနစ်ဝင်နေတော့ ကျွန်တော်လည်း ပူးပေါင်းဆောင်ရွက်ရမှာပေါ့ဗျ"
ထန်ယဲ့ : ..... ငါအရမ်းပင်ပန်းတာပဲကွာ။
"ရှိုးကိုတိုက်ရိုက်ထုတ်လွှင့်ပြီးသွားတော့ မင်း အဆောင်မှာ ဆက်နေနိုင်သေးတယ်လို့ ထင်လား?"
စုချီယွဲ့ သည်အကြောင်းကို တွေးကြည့်လိုက်သည်။ သူ့အဆောင်က လူတွေက ဌာနပေါင်းစုံကပဲ၊ သူနဲ့ သိပ်မရင်းနှီးကြဘူးလေ။ နေထိုင်တဲ့သူတွေကလည်း ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့ ပြင်ဆင်နေကြတဲ့သူတွေ၊ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်လုပ်တဲ့သူတွေဆိုတော့ သူတို့မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ အချိန်ရှိပါ့မလားနော်?
"ဘာမှမဖြစ်လောက်ပါဘူး"
ထန်ယဲ့ : "ဒါဆို မင်းကျောင်းပြန်သွားပြီး စမ်းကြည့်လို့ရတယ်"
စုချီယွဲ့သည် သူ့ကိုယ်သူ အပျော်တမ်းစစ်စစ်လေးဟုသာ ခံစားရလေသည်။ သူ ရှိုးတစ်ခုရိုက်ကူးပြီးရင်တောင်မှ ကြီးကြီးမားမားကိစ္စမှမဟုတ်ဘဲနော်။ စဥ်းစားကြည့်၊ အရင်က သူ hot searchထဲ ဝင်ခဲ့ပေမယ့် အတူတူပဲလေ မဟုတ်ဘူးလား?
စုချီယွဲ့ အဆောင်အဆောက်အဦးထဲ ဝင်လာသည်နှင့် အိပ်ဆောင်မှအဒေါ်ကြီးက သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်လေသည်။
သူသွားရာလမ်းတစ်လျှောက် တွေ့သောလူတိုင်းက ပြည်ပရှိုးတစ်ခုကို ကြည့်နေသည့်အလား ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေကြသည်။
ယခုအခါ စုချီယွဲ့ခမျာ အခြားသူများကြည့်ရှုရန် တိရစ္ဆာန်ရုံရှိ ဂေါ်ရီလာတစ်ကောင်နှယ် ခံစားလာရလျက်။
အဆောင်ထဲဝင်လိုက်သည်နှင့် အခန်းဖော်နှစ်ယောက်ရှိနေ၏။ သူပြန်လာသည်ကိုမြင်သောအခါ အားလုံးက စိတ်အားထက်သန်စွာ ဝိုင်းရံလာကြကာ သူ့ကို အစားအသောက်တွေပေးလာပြီး မေးခွန်းတွေတစ်ခုပြီးတစ်ခုမေးနေကြသည်။ နောက်ဆုံးတွင်မူ သူတို့က ထန်ယဲ့၏ လက်မှတ်ရနိုင်မလားဟု တောင်းဆိုချင်နေကြသည်ပင်။
ရုပ်ရှင်ဧကရာဇ်ထန်က တကယ့်ကို ဆွဲဆောင်နိုင်လွန်းသည်ဟုတွေးကာ စုချီယွဲ့ သက်ပြင်းမချဘဲမနေနိုင်တော့။
သို့သော် ကံကောင်းထောက်မစွာဖြင့် ထန်ယဲ့ခန့်မှန်းသလောက်ထိမဖြစ်ဘဲ လူတိုင်းက အလွန်ယဉ်ကျေးကြ၍ သူ အဆောင်မှာ နေထိုင်နိုင်ဆဲဖြစ်သည်။
ဒီအခန်းဖော်တွေက စိတ်အားထက်သန်လွန်းတာလေးပါပဲ။ နောက်ဆုံးတွင် စုချီယွဲ့ သန့်ရှင်းရေးလုပ်ပြီးနောက် ကုတင်ပေါ်တွင် လှဲအိပ်ကာ မနက်ဖြန် လင်းကွေ့ကျီးကို သွားကြည့်ဖို့ အိမ်ပြန်ရန် လက်မှတ်ဝယ်လိုက်လေသည်။
ထန်ယဲ့ : [မင်းဘယ်မှာလဲ?]
စုချီယွဲ့ : [ကျွန်တော် အခု အဆောင်မှာဗျ။ အခန်းဖော်တွေက အရမ်းကောင်းတာမို့ စိတ်ချလို့ရပါတယ်နော်]
စုချီယွဲ့က ထန်ယဲ့ဆီ စာပြန်လိုက်ပေမယ့် replyကိုတော့ အတော်ကြာသည်အထိ ပြန်မရခဲ့။
စုချီယွဲ့ : [မနက်ဖြန် ကျွန်တော် အိမ်ပြန်မလို့။ ထန်လောင်ရှီးလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော်၊ များများအနားယူနော်။ ကောင်းသောညပါ]
စုချီယွဲ့သည် ထန်ယဲ့ဆီမှ reply ပြန်မရသေးသဖြင့် စိုးရိမ်နေပြီး စိတ်ပျက်သွားရသည်။ သူကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိပါချေ။
သူ တစ်ညလုံး အိပ်မပျော်ဘဲ အိပ်ယာထဲလူးလှိမ့်နေကာ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ အိပ်ရာမဝင်ခင်တုန်းက စုချီယွဲ့တစ်ယောက် သူအိပ်မပျော်ရတဲ့အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့လေရဲ့။ ဟုတ်တယ် သူ အိပ်ရာကိုကျင့်သားမရသေးလို့ပဲ...
နောက်ဆုံးတော့ သူ ဒီကုတင်မှာ မအိပ်တာ နှစ်ရက်ရှိသွားပြီလေ၊ ဒါ အရမ်းကြာသွားပြီပေါ့။
အကြာကြီးမအိပ်လိုက်ရဘဲ နှိုးစက်သံမြည်လာလေ၏။ စုချီယွဲ့ ဆေးကြောသန့်စင်ပြီးနောက် ခရီးဆောင်အိတ်နှင့်အတူ အဆောင်မှ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာပြီး ရထားဘူတာသို့သွားရန် ပြင်ဆင်လိုက်သည်။ သူ ကျောင်းတံခါးမှ ထွက်လာသည်နှင့် ဝတ်စုံနှင့် နက်ကတိုင်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ့ကိုတားလာကာ ယဥ်ကျေးစွာဖြင့်
"တစ်ဆိတ်လောက် မစ္စတာစုချီယွဲ့ပါလား?"
"ဘယ်သူလဲမသိဘူး?"
လူလတ်ပိုင်းအရွယ်အမျိုးသားက လမ်းတစ်ဖက်မှကားကို ညွှန်ပြလျက်
"ငါ့ဥက္ကဌက မင်းကိုတွေ့ချင်နေတယ်"
စုချီယွဲ့က ဘယ်ဥက္ကဌကိုမှမသိဘူးလေ။ ကားကိုကြည့်ရတာတော့ G-classထဲကဖြစ်ပုံပဲ။
"ခင်ဗျားရဲ့ ဥက္ကဌက ဘယ်သူလဲဗျ? ကျွန်တော် သူ့ကိုသိမယ်မထင်ဘူးနော်"
"ငါတို့ဥက္ကဌမျိုးရိုးနာမည်က ထန်၊ သူက ထန်ယဲ့ရဲ့ အဖေပါ"
လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့အချက်အလက်ကို ဖုံးကွယ်မထားဘဲ ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။
စုချီယွဲ့ ရုတ်တရက် အလွန်တုန်လှုပ်သွားရလျက်။
"ထန်လောင်ရှီး ဘာဖြစ်လို့လဲ?"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူအဆင်ပြေပါတယ်။ မနေ့ညကပဲ ရိုက်ကူးရေးအဖွဲ့ဆီ လေယာဥ်နဲ့ပြန်သွားပါပြီ"
လူလတ်ပိုင်းအရွယ် ဆက်ပြောလာ၏။
"ငါတို့ဥက္ကဌက မင်းနဲ့စကားပြောချင်နေရုံတင်၊ မစိုးရိမ်ပါနဲ့"
"သူက ထန်ယဲ့ရဲ့ အဖေလို့ ခင်ဗျားပြောတယ်နော်? ခင်ဗျားက လူတွေကို ပြန်ပေးဆွဲနေတာဟုတ်မဟုတ် ကျွန်တော် ဘယ်လိုသိနိုင်မှာလဲ!"
ထန်ယဲ့ ရိုက်ကူးရေးအဖွဲ့ဆီ ပြန်သွားပြီဖြစ်ကြောင်း ကြားလိုက်ရသဖြင့် စုချီယွဲ့ စိတ်သက်သာရာရသွားခဲ့သော်လည်း သူက သူတို့နှင့် ဒီတိုင်းကြီးလိုက်မသွားချင်ပါဘူးနော်။
လူလတ်ပိုင်းအရွယ်အမျိုးသားမှာ သူတို့ကို မယုံမကြည်ဖြစ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့။ အတော်ကြာစဥ်းစားကြည့်ပြီးနောက်
"မင်း ငါတို့ဥက္ကဌကိုမြင်ရင် ငါမင်းကိုမလိမ်ဘူးဆိုတာ သိပါလိမ့်မယ်"
စုချီယွဲ့ ပြေးသွားပြီး ကားတံခါးကိုဆွဲဖွင့်လိုက်၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ဤလူဟာ ထန်ယဲ့၏ အဖေမှန်း သေချာသိသွားရသည်။
မျက်လုံးတွေကလွဲရင် သူနဲ့ အရမ်းတူတာပဲ...
လူလတ်ပိုင်းအရွယ်အမျိုးသားက စုချီယွဲ့၏ ခရီးဆောင်အိတ်ကိုယူကာ ကားထဲသို့ ဖိတ်ခေါ်လိုက်သည်။
ထန်ကျုံ့ဟိုင် ပေါ့ပေါ့ပါးပါးအ၀တ်အစားများကို ၀တ်ဆင်ထား၍ ပုံပန်းသွင်ပြင်ကောင်းမွန်လှကာ အလွန်ငယ်ရွယ်နုပျိုနေပြီး အသက်၅၀ကျော်လူတစ်ယောက်နှင့် လုံးဝမတူပါချေ။
စုချီယွဲ့ ကားပေါ်တက်လာသည်ကိုမြင်သောအခါ ထန်ကျုံ့ဟိုင် စကားတစ်ခွန်းမှမပြောသေးဘဲ လူငယ်လေးကို အပေါ်အောက်ကြည့်ပြီး နောက်မှ လူလတ်ပိုင်းအရွယ်အမျိုးသားကို ပြောလိုက်၏။
"လက်ဖက်ရည်ဆိုင်ကိုမောင်း"
တစ်နာရီကြာပြီးနောက် G-classကားဟာ ကျန်းချန်ရှိ နာမည်အကြီးဆုံး ယဲ့လန်လက်ဖက်ရည်ဆိုင်အပြင်ဘက်မှာ ဖြေးဖြေးမှန်မှန်ရပ်တန့်သွားလေပြီ။
လက်ဖက်ရည်မွှေးရနံ့များ ထုံလွှမ်းနေသော အပေါ်ဆုံးထပ်ရှိ အထက်တန်းကျကျဇိမ်ခံအခန်းတစ်ခန်းထဲတွင် ထိုင်နေရသည်မှာ စုချီယွဲ့အဖို့ အိပ်မက်မက်နေသည့်အလား...
ထန်ကျုံ့ဟိုင်က သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး အလေးအနက် လက်ဖက်ရည်လုပ်နေ၏။ စုချီယွဲ့က ၄င်းမှာ အနုပညာဆန်လွန်းကြောင်း ခံစားမိသော်လည်း သူက သာမန်ကြမ်းတမ်းတဲ့လူဖြစ်သည်ကြောင့် လက်ဖက်ရည်အနုပညာကို လုံးဝနားမလည်ပါချေ။ သူခံစားနေရသည်ကား အကယ်၍ သူ အရမ်းရေငတ်နေခဲ့ရင် ဒီဟာလုပ်နေတာစောင့်ရလို့ ရေငတ်သေသွားနိုင်ပါတယ်နော်။
ထန်ကျုံ့ဟိုင်က စုချီယွဲ့ရှေ့မှာ လက်ဖက်ရည်တစ်ခွက် ချပေးလိုက်ပြီး
"မြည်းကြည့်"
"ကျေးဇူးတင်ပါတယ် ဥက္ကဌထန်"
စုချီယွဲ့ သူ့ကို ကျေးဇူးတင်စကားပြောပြီးသည်နှင့် တစ်ငုံသောက်ကြည့်လိုက်သည်။ လက်ဖက်ရည်အနံ့လေးက မွှေးပျံ့နေသော်လည်း အလွန်အရသာရှိသည်ဟု သူမထင်ပါချေ။ သူ မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချမိသွားသည်။
ဟင်း သူ တကယ်ပဲ ကြော့ကြော့ရှင်းရှင်းလုပ်ရတာမျိုးဆို မသင်ယူနိုင်ဘူးလို့၊ ဥပမာ အခုလို လက်ဖက်ရည်အရသာခံကြည့်တာမျိုးပေါ့၊ သူ့အတွက် တကယ်ကို ခက်ခဲပါတယ်နော်။ ဒါပေမယ့် သူ ဟန်ဆောင်ထားရမှာပဲ၊ ဒီလိုကုမ္ပဏီကြီးရဲ့ ဥက္ကဌကြီးက သူ့ကို ဘာလို့တွေ့ချင်နေမှန်း သူမသိရသေးဘူးလေ။
ထန်ကျုံ့ဟိုင်က စုချီယွဲ့ကို အကဲခတ်ကြည့်လိုက်ရာ ဤလူငယ်လေးတွင် ကြည်လင်ပြတ်သားသော မျက်လုံးများရှိပြီး မျက်နှာချိုသွေးခြင်းမရှိသလို နှိမ့်ချခြင်းလည်းရှိမနေဘဲ စိတ်ရင်းကောင်းသူဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ဥက္ကဌထန်က ကျွန်တော့်ကို တစ်ခုခုပြောချင်တာရှိလား မသိဘူးဗျ?"
စုချီယွဲ့ လက်ဦးမှုရယူကာ မေးမြန်းလိုက်သည်။
"ပြောစရာရှိရင် ကျွန်တော့်ကိုပြောလို့ရပါတယ်။ ကျွန်တော် ခဏနေရင် ရထားဘူတာကိုသွားရဦးမှာမို့လို့ပါ"
"ထန်ယဲ့က မင်းအပေါ် အရမ်းကောင်းတာပဲ"
ထန်ကျုံ့ဟိုင် ပြောလာ၏။
စုချီယွဲ့သည် ဤအကြောင်းကို တွေးကြည့်ပြီးနောက် အမှန်ပင် ထန်ယဲ့ဟာ သူ့အပေါ် ကြင်နာလွန်းကြောင်း သဘောပေါက်သွားခဲ့သည်။
"ဟုတ်တယ်၊ ထန်လောင်ရှီးက အရမ်းကောင်းတဲ့လူတစ်ယောက်ပါ"
"ထန်ယဲ့က ငါ့ထန်ဂရုရဲ့ အမွေဆက်ခံသူပဲ။ မင်းတို့နှစ်ယောက်အတူတူရှိတာကို ငါသဘောတူမယ်လို့ ထင်နေလား?"
ထန်ကျုံ့ဟိုင်က စုချီယွဲ့ကို ပိုပြီးထိတ်လန့်လာစေရန် စကားကို ဖြေးဖြေးအေးအေးပြောလာ၏။
ဘုရားသိပါတယ်နော်၊ သူက ဘယ်တုန်းက ထန်ယဲ့နဲ့ အတူတူရှိသွားရတာလဲဟင်? ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ရသစုံရှိုးရိုက်ရတာကြောင့်ပဲလေ။ သူ တကယ်ပဲ ထန်ယဲ့လို ထူးချွန်ကောင်းမွန်တဲ့သူမျိုးနဲ့ မတန်ပါဘူးနော် အိုကေ? သူလည်း ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိပါတယ်လို့။
စုချီယွဲ့ အလျင်စလို ရှင်းပြလိုက်သည်။
"ကျွန်တော်တို့က တကယ်ပဲ အတူတူရှိနေကြတာမဟုတ်ပါဘူးဗျာ၊ တကယ်ပါ၊ ဦးလေးနားလည်မှုလွဲနေပြီနော်"
ထန်ကျုံ့ဟိုင် ခဏလောက် ကြက်သေသေသွားပြီး နောက်မှ ဒေါသတကြီးဖြင့်
"ထန်ယဲ့က ဘယ်လိုလုပ်ပြီး မင်းနဲ့ မထိုက်တန်ရမှာလဲ? ဒီတော့ မင်းက ဒီဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့ အရမ်းစိတ်စောနေတာပေါ့လေ!"
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့ : ဟင်? ဒီဥက္ကဌကြီးက ဘာလို့ဒေါသထွက်နေပုံပေါက်နေရတာလဲနော်? သူ့ဦးတည်ချက်က ဘာလို့နည်းနည်းလွဲနေရတာလဲလို့?
xxx