"ဒီနေ့ညနေက ရာသီဥတုအရမ်းသာယာတယ်နော်၊ လေလာ။"
ကိုင်းလ်က စက်ဘီးရပ်လိုက်ပြီးနောက် ပျော်ရွှင်နေသည့်မျက်နှာဖြင့် သူမထံ ချဉ်းကပ်လာခဲ့သည်။ ဥယျာဉ်ထဲတွင် ဘီလ်၏တွန်းလှည်းကို ရှင်းလင်းပေးနေရင်းအလုပ်ရှုပ်နေသည့် လေလာက အသံကြားရာဘက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်ပြီး တူရွင်းကိုင်ထားသောဘီလ်ကလည်း လှည့်ကြည့်လိုက်သည်။
"လက်ထပ်ကြရအောင်။"
ကိုင်းလ်က အော်လိုက်ခြင်းဖြစ်သည်။
သူ၏လက်ထပ်ခွင့်တောင်းသံကို ထပ်တလဲလဲကြားပြီးနောက်မှာတော့ ၎င်းက အထူးအဆန်းမဟုတ်တော့ဘဲ မနက်ခင်းနှုတ်ဆက်သံများကဲ့သို့ဖြစ်လာခဲ့သည်။ ခဏကြာရပ်ကြည့်ပြီးနောက်မှာ လေလာနှင့်ဘီလ်တို့က လုပ်လက်စအလုပ်များကို ဆက်လုပ်လိုက်ကြသည်။
"ဟယ်လို ကိုင်းလ်။"
လေလာက အပင်စိုက်ပျိုးနေရာမှ ကျန်နေသောအရာများကို သယ်ယူသွားလိုက်ရင်း သူ့ကိုတောက်ပစွာပြုံးပြလိုက်သည်။
"ငါ လက်မထပ်ဘူး။"
လေလာက ရင်းနှီးသည့်လေသံဖြင့် သူ၏လက်ထပ်ခွင့်ကို အခိုင်အမာငြင်းဆန်လိုက်သည်။
ဘီလ်က သက်ပြင်းချလိုက်၏။ သူက ကိုင်းလ်၏ ကွဲကြေသွားသောနှလုံးသားအတွက် နာကျင်မှုကို ခံစားမိနေသကဲ့သို့ပင်။ သို့သော်လည်း ကိုင်းလ်ကတော့ လေလာ၏အဆက်မပြတ်ငြင်းဆန်မှုများကြောင့် အားလျော့မသွားပေ။ သူက ညင်သာစွာပြုံးလိုက်ပြီး သူ(မ)အကူအညီတောင်းစရာမလိုဘဲ ဝိုင်းကူပေးလိုက်သည်။
"ကောင်းပြီလေ။ ဒီနေ့တော့ မင်းငြင်းတာကို လက်ခံလိုက်မယ်။ မနက်ဖြန်မှ ထပ်မေးတာပေါ့။"
"တော်ပြီ။ ထပ်မမေးနဲ့တော့။"
"ဟင့်အင်း ဆက်မေးနေမှာပဲ။ လူရဲ့စိတ်ဆိုတာ ပြောင်းလဲနိုင်ပါတယ်။"
သူပြုမူနေပုံနှင့်ဆိုလျှင် ဘာ့ဂ်အင်ပါယာတစ်ခုလုံး၌ အရှက်မရှိဆုံးသူမှာ ကိုင်းလ်ဖြစ်သည်ဟုပြောလျှင် မလွန်ပေ။
ဘီလ်က ရယ်ချင်စိတ်ကိုထိန်းထားရင်း ကိုင်းလ်နှင့်လေလာကို တည်ငြိမ်စွာကြည့်နေခဲ့သည်။
ကိုင်းလ် အက်တ်မန်သည် ယခင်နှစ်နွေရာသီကတည်းက သူ(မ)ကိုလက်ထပ်ခွင့်တောင်းခဲ့ပြီး ရာသီများပြောင်းသွားသည့်တိုင် အဖြေမရသေးပေ။
ကိုင်းလ်က လေလာကို လက်ထပ်ခွင့်တောင်းသည်ဟု ဘီလ်သိလိုက်ရချိန်က ကိစ္စနှစ်မျိုးကို တွေးလိုက်မိသည်။ တစ်ခုက သူမူးနေ၍ဖြစ်ပြီး သူက မသောက်တတ်ဘူးဟုတွေးကြည့်ပြန်လျှင် သူရူးနေ၍သာ ဖြစ်ရမည်ဟူ၍။ ထို့ကြောင့် ဘီလ်က သူ၏ခေါင်းကို တူရွင်းဖြင့်မရိုက်ပစ်လိုက်ခြင်းဖြစ်၏။ သို့သော်လည်း အခြားသောနေ့များတွင် ကိုင်းလ်က ထပ်လာကာ ထိုအကြောင်းကိုပဲ ထပ်ခါတလဲလဲပြောနေခဲ့သည်။
"ဘယ်နှကြိမ်တောင်ရှိပြီလဲ။"
ကိုင်းလ်က ဆောင်းဦး၊ ဆောင်းနှင့် နွေဦးထိတိုင် တစ်ရက်မှအလွတ်မပေးဘဲ နေ့တိုင်း အိမ်ငယ်လေးသို့လာကာ ထိုတူညီသောအရာကိုပြောနေခဲ့သည်။ ပြောသည့်အကြိမ်တိုင်းလည်း အငြင်းခံခဲ့ရသည်။
အစမှာတော့ လေလာက သဘောမတူသည့်အတွက် ဘီလ်က လေလာ့ဘက်ကနေ ရပ်တည်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကိုင်းလ်ကို သနားလာခဲ့သည်။ သူ့အဖေကြောင့်သာမဟုတ်လျှင် ကိုင်းလ်ကို ဤသို့ဆက်လုပ်မနေရန် ဘီလ်ပြောမိလိမ့်မည်ဖြစ်သည်။ ဒေါက်တာအက်တ်မန်က သူ့သားကိုခွင့်ပြုချက်ပေးထားသည့်အတွက် ဘီလ်က အများကြီးမပြောတော့ရန်တွေးထားသည်။
'လေလာ့ကို ကောလိပ်ပို့ရင်ကောင်းမလား။'
ယခင်နှစ်ဆောင်းရာသီတွင် ဒေါက်တာအက်တ်မန်က ဘီလ်၏အိမ်ငယ်သို့လာပြီး ပြောခဲ့ခြင်းဖြစ်သည်။
ဘီလ်၏ရင်ထဲတွင် ပွက်ပွက်ဆူနေသော အိုးတစ်လုံးကဲ့သို့ ဗလောင်ဆူသွားခဲ့သည်။ သူက လေလာ၏ပညာရေးကို ပို၍မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်စေချင်သော်လည်း သူ၏လက်ရှိအခြေအနေအရဆိုလျှင် သူက စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရသောကြောင့် ထိုသို့မထားပေးနိုင်ပေ။ သူက တုံ့ဆိုင်းစွာဖြင့် 'ကျွန်တော် မတတ်နိုင်ဘူး'ဟုပြောခဲ့ချိန်တွင် ဒေါက်တာအက်တ်မန်က ပြုံး၍ပြောလိုက်သည်။
'ကလေးတွေက အချင်းချင်းခံစားချက်ရှိကြပြီး လက်တွဲဖော်ဖြစ်ချင်တယ်ဆိုရင် သူတို့လက်ထပ်ပြီး ကောလိပ်တက်တာကောင်းမယ်ထင်တယ်။'
ဘီလ်က ဒေါက်တာအက်တ်မန်ကို အံ့သြစွာကြည့်လိုက်၏။ သူက ထိုကမ်းလှမ်းမှုကြောင့် ပျော်ရွှင်သွားခဲ့ပြီး ကြားလိုက်ရသည်ကိုပင် မယုံနိုင်ဖြစ်နေခဲ့သည်။
သူ့အတွက်တော့ လေလာက ကမ္ဘာပေါ်တွင် အံ့သြစရာအကောင်းဆုံးကလေးဖြစ်သည်။ သို့သော်လည်း ဤလောကကြီးမှ ကျန်သောလူများအတွက်တော့ ကိုယ်ပိုင်စံသတ်မှတ်ချက်များရှိကြသည်။ ၎င်းတို့ထဲတွင် အက်တ်မန် မိသားစုကလည်း ကားလ်စ်ဘာ၏လူမှုအသိုင်းအဝိုင်းတွင် ယနေ့အထိ သူလက်လှမ်းမမှီနိုင်သည့် အနေအထားတစ်ခုတွင်ရှိနေသည်။
ဒေါက်တာအက်တ်မန်ကလည်း သူတုံ့ဆိုင်းနေရသည့်အကြောင်းကို နားလည်ပုံပေါ်ပြီး သူကအရင် စကားစပြောလိုက်သည်။
'လေလာက သူ့အတွက် အကောင်းဆုံးတွေ ဖြစ်လာအောင်လုပ်ပေးမဲ့သူလို့ ကိုင်းလ်ကပြောတယ်။ ဒါကြောင့် သူက သူ(မ)အတွက် သင့်တော်တဲ့သူတစ်ယောက်အနေနဲ့ သူ(မ)ဘေးမှာနေချင်တယ်လို့ပြောခဲ့တယ်လေ။"
အချိန်အများစုကို အိမ်ငယ်လေးထဲ ပျင်းရိစွာအချိန်ဖြုန်းနေတတ်ပြီး အစားအသောက်များကို အလကားစားနေသောထိုကောင်လေးက အဖေဖြစ်သူကို ထိုကဲ့သို့စကားမျိုးပြောသည်အား သိလိုက်ရ၍ ဘီလ် အံ့သြခဲ့ရသည်။
'ဒါပေမဲ့ ဒေါက်တာ၊ လေလာက...'
ဘီလ်က အားနာသောစကားများပြောလာသောအခါ ဒေါက်တာအက်တ်မန်၏အမူအရာက ပို၍ကြင်နာပုံပေါ်လာခဲ့သည်။
'သားရဲ့အနာဂတ်သတို့သမီးက ချမ်းသာတဲ့မိသားစု ဒါမှမဟုတ် အသိုင်းအဝိုင်းကောင်းတဲ့သူ ဖြစ်ဖို့မလိုပါဘူး။ လေလာက အဲ့လိုဂုဏ်ပုဒ်တွေရှိမနေရင်တောင် လိမ္မာတဲ့ကလေးဆိုတာ ကျွန်တော်သိပါတယ်။'
သူက သူ၏သားနှင့်ဆင်သော အပြုံးမျိုးဖြင့်ပြုံးနေခဲ့၏။
'ကိုင်းလ်သာ နောက်နှစ် အသက်မွေးဝမ်းကြောင်းပညာကို ရွေးချယ်ပြီးတဲ့ချိန်အထိ စိတ်မပြောင်းဘူးဆိုရင် ကျွန်တော် သူတို့အတူရှိနေဖို့ကို ခွင့်ပြုပါတယ်။ မစ္စတာရမ်မာကရော။"
ဘီလ် ရမ်မာတစ်ယောက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဝမ်းသာမိသွားပြီး ကျေးဇူးလည်းတင်မိကာ နတ်သမားတော်တစ်ပါးနှင့်တူသော ဒေါက်တာအက်တ်မန်ကို ကျောပေါ်တင်၍ ကားလ်စ်ဘာတစ်မြို့လုံးသာမက ဘာ့ဂ်အင်ပါယာတစ်ခုလုံးကိုတောင် ပတ်ပြေးနိုင်သည်ဟု ယုံကြည်နေမိသည်။ သူ မည်မျှပင်ပန်းနေပါစေ သူ့အရှေ့တွင် လေလာ၏ပျော်ရွှင်နေသောမျက်နှာလေးကို မြင်လိုက်ရသည်နှင့် အရာအားလုံးကိုသည်းခံနိုင်ပေသည်။
ထိုအရာများက စစ်မှန်သော သူ၏ခံစားချက်များဖြစ်၏။
ကိုင်းလ်၏ ရူးကြောင်ကြောင်နိုင်သော လက်ထပ်ခွင့်တောင်းဆိုခြင်းက လေလာ့အတွက် ကောင်းချီးတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့သည်။
ဘီလ်က ထိုအကြောင်းတွေးနေရင်း သူ၏တူရွင်းကို ဂိုထောင်ထဲထည့်သိမ်းလိုက်သည်။
...
"အိုး မက်သိုင်းရပ်စ်။ ဒေါက်တာ အက်တ်မန်ရဲ့သားကို သိတယ်မလား။"
အဲလက်ဆာ ဘွန် ဟာဟက်ဒ်က မင်းသမီး၏မင်္ဂလာဆောင်တွင် ပျင်းရိနေပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်ခြင်းပင်။ ကတ်သရီးနားက ထိုညတွင် အိပ်ရာစောစောဝင်သွားသောကြောင့် ၎င်းတို့၏ညစာစားပွဲ၌ နှစ်ယောက်တည်းသာရှိနေ၏။
"သိပါတယ် အမေ။" မက်သိုင်းရပ်စ်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရေသောက်ရန်ယူထားသည့်ဖန်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်၏။ "ဒေါက်တာအက်တ်မန်ရဲ့ တစ်ဦးတည်းသောသား ကိုင်းလ် အက်တ်မန်။"
"ဟုတ်တယ်။ အဲ့ကလေးပဲ၊ ကိုင်းလ်လေ၊ သူလက်ထပ်တော့မယ်။"
သူ(မ)၏အသံက အနည်းငယ်စူးရှနေသောကြောင့် ကိုင်းလ် လက်ထပ်မည့်အမျိုးသမီးက သဘောကျချင်စရာကောင်းသည့် မိသားစုမှမဟုတ်ကြောင်း အရိပ်အမြွက်ပြနေ၏။ သို့သော်လည်း မက်သိုင်းရပ်စ်က သူ့အမေ၏စကားဆုံးသည်အထိ တိတ်တဆိတ်နားထောင်နေခဲ့သည်။
"သူ(မ)က အိမ်ကဥယျာဉ်မှုးမွေးစားထားတဲ့ မိဘမဲ့ကလေးလေ။ အမှတ်မမှားဘူးဆိုရင်တော့ လေလာ လူဝဲလင်ထင်တယ်။"
'လေလာ။'
မက်သိုင်းရပ်စ်က တီးတိုးရေရွတ်လိုက်ခြင်းဖြစ်ပြီး အသံကတော့ နှုတ်ဖျားမှ ထွက်မလာခဲ့ပေ။
"အမေ့အတွက်တော့ သူ(မ)က အက်တ်မန်မိသားစုရဲ့ ချွေးမဖြစ်ဖို့အတွက် လိုအပ်ချက်တွေမပြည့်စုံဘူးလို့ထင်တယ်။"
သူ့အမေက သူ(မ)နာမည်ကို ထုတ်ပြောလိုက်သောအခါ သူ၏လည်ချောင်းထဲ တင်းကျပ်လာသလိုခံစားလိုက်ရသည်။
"စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးလား။" မက်သိုင်းရပ်စ်က ပြန်လည်တုံ့ပြန်လိုက်၏။ "စိတ်မကောင်းစရာကတော့ အဖွား သူ့အတွက် အားသွန်ခွန်စိုက်နဲ့ လက်တွဲဖော်ကောင်းရှာပေးခဲ့တာက အချည်းနှီးဖြစ်သွားခဲ့တာပေါ့။"
အချို့သောအကြောင်းပြချက်များကြောင့် သူ၏အသံက အနည်းငယ်တင်းမာနေ၏။
မက်သိုင်းရပ်စ်က အများကြီးပြန်မပြောသော်လည်း အဲလက်ဆာကတော့ အာဗစ်တွင် ဤရက်ပိုင်းသတင်းပျံ့နေသော ကိုင်းလ် အက်တ်မန်၏လက်ထပ်ပွဲအကြောင်းကို တက်ကြွစွာပြောပြနေခဲ့သည်။
မစ္စအက်တ်မန်က သူ(မ)၏ခမည်းခမက်များဆီကနေ ဂုဏ်ပုဒ်တစ်ခုလိုချင်နေသူဖြစ်သောကြောင့် လေလာနှင့်လက်ထပ်လိုသော ကိုင်းလ်၏ဆုံးဖြတ်ချက်ကို သဘောမကျပေ။ ယခု သူ(မ)၏သားကြောင့် သူ(မ)လိုချင်သည့် အရာကို မရနိုင်တော့ချ။ မည်သို့ပင်ဆိုစေ သူ(မ)က အမှန်တကယ်ကိုပင် သူ(မ)၏သားနှင့် ခင်ပွန်းတို့၏မျက်နှာထက် အမည်းစက်ထင်အောင် လုပ်မည့်ပုံစံပင်။
ပျံ့နှံ့နေသောကောလာဟလများအရဆို လေလာက ဒေါက်တာ၏သားနှင့်လက်ထပ်ပြီး ကျောင်းဆက်တက်လိမ့်မည်။ ၎င်းတို့က ရက်ဇ်သို့ ပျားရည်စမ်းခရီးထွက်ပြီးလျှင် ကောလိပ်အတူတက်ကြလိမ့်မည်။
လာမည့် နွေအကုန်၊ နှင်းဆီများပွင့်သော ရာသီအပြီးတွင်ဖြစ်၏။
"အဖွားကတော့ ရင်နာနေမှာပဲ။ သူက ဒေါက်တာအက်တ်မန်ရဲ့သားကို အရမ်းချစ်တာလေ။"
"အင်း။ ဟုတ်မှာပေါ့။"
မက်သိုင်းရပ်စ်က ဇွန်းခက်ရင်းများကို ချလိုက်ပြီး ဖြူဖွေးနေသောလက်ချောင်းများဖြင့် စားပွဲပေါ်မှ လက်သုတ်ပုဝါကိုယူလိုက်၏။
"မစ္စအက်တ်မန်အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ သူ(မ)က လူလေးစားခံရတဲ့ ဆရာဝန်ရဲ့ဇနီးဖြစ်ပြီး မျိုးရိုးမြင့်သူတွေထက်တောင် ပိုပြီးလူလေးစားခံရသေးတယ်။ ဒါပေမဲ့ အခုတော့ အဆင်မပြေတဲ့ချွေးမကြောင့် သူ(မ)ရဲ့ လူမှုအသိုင်းအဝိုင်းက နေရာတစ်ခုကို ဆုံးရှုံးရတော့မယ်။" အဲလက်ဆာက ဝိုင်တစ်ငုံသောက်လိုက်၏။
"ဘယ်လို မျိုးရိုးမြင့်သူတွေက နိမ့်ကျတဲ့မိဘမဲ့တစ်ယောက်ကို ချွေးမတော်ထားသူနဲ့ မိတ်ဆွေဖြစ်ချင်မှာတဲ့လဲ။"
"အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။"
မက်သိုင်းရပ်စ်က ခန္ဓာကိုယ်ကို မတ်လိုက်ပြီး သူ့အမေနှင့်မျက်နှာချင်းဆိုင်လိုက်၏။
"သူတို့က အခုထိ လက်မထပ်ရသေးဘူးလေ။"
"အဲ့ဒါက မက်သိုင်းရပ်စ်၊ တကယ်လို့ အရာအားလုံးက ပြောင်းလဲလို့ရတယ်ဆိုရင် မစ္စအက်တ်မန်က စိတ်ညစ်နေမှာမဟုတ်ဘူး။ သိတဲ့အတိုင်းပဲ ဒေါက်တာအက်မန်က စိတ်သဘောထားကြီးတဲ့သူဖြစ်ပြီး ကိုင်းလ်ကလည်း အဲ့ဒီမိဘမဲ့ကလေးကို စွဲလမ်းနေတယ်လေ။"
အဲလက်ဆာက စုတ်သပ်လိုက်ပြီး လူမှုအသိုင်းအဝိုင်းထဲတွင် ဝင်မဆံ့နိုင်တော့မည့် ဆရာဝန်၏ဇနီးအပေါ် စာနာသနားသည့်ပုံစံပြသနေခဲ့သည်။
"သူ(မ)က အတော်လှတယ်။ ဒါကြောင့်ပဲ သူ့သားက သူ(မ)နဲ့အဝေးမှာ မနေနိုင်တာပေါ့။"
သူ(မ) ခေါင်းလောင်းတီးလိုက်သောအခါ စောင့်နေသည့်အိမ်ဖော်များက စားပွဲပေါ်သို့ အချိုပွဲများလာချပေးခဲ့၏။
"အဲ့ဒီကောင်မလေးက ဒီလိုနည်းမျိုးနဲ့ မစ္စအက်တ်မန်ရဲ့နေရာကို ယူသွားနိုင်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ အတော်ကို လွန်တာပဲ။ မဟုတ်ဘူး၊ ပါးနပ်တယ်လို့ ပြောရမှာပေါ့။"
အဲလက်ဆာက အနည်းငယ်ပခုံးတွန့်လိုက်ပြီး အချိုပွဲစားလိုက်သည်။
"တကယ်တော့ သူ(မ)တစ်ယောက်တည်းကို အပြစ်တင်တာက လွန်ပါတယ်။ အဆိုးဆုံးက မိန်းကလေးတစ်ယောက်ကြောင့် မျက်ကန်းဖြစ်ပြီး မိသားစုကိုသိက္ခာကျအောင်လုပ်တဲ့ မစ္စတာအက်တ်မန်ရဲ့သားပဲလေ။"
သူ(မ)က ပြောလိုသည့်နောက်ဆုံးစကားအထိ ကျေနပ်စွာပြောပြီးနောက်မှာတော့ အဲလက်ဆာ ဘွန် ဟာဟက်ဒ်တစ်ယောက် အခြားအကြောင်းအရာသို့ ခေါင်းစဥ်ပြောင်းလိုက်သည်။
ယခုအချိန်မှာ သူ(မ)က စိတ်ဝင်စားစရာမကောင်းဘဲ လူသိများသောနာမည်များပါဝင်နေသည့် သူ(မ)၏ လူမှူရေးကိစ္စများအကြောင်း ပြောနေတော့သည်။
တစ်ဖက်မှာတော့ မက်သိုင်းရပ်စ်က သူ(မ)ပြောနေသည့်စကားများကို တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။
'လေလာ။'
ထိုနာမည်က သူ၏နှုတ်ခမ်းဖျားတွင် ဝေ့ဝဲနေခဲ့ပြီး သူသောက်နေသောဝိုင်ကလည်း ချိုမြိန်နေ၏။
လေလာ။
လေလာ လူဝဲလင်။
***
Aurora Novel Translation Team