ကားလ်စ်ဘာ၏ တောင်ဘက်အကျဆုံးနေရာတွင်ရှိနေသော ဘာ့ဂ်အင်ပါယာ၏မြို့တော်ဖြစ်သည့် ရက်ဇ်တွင် နွေဦးရာသီက စောစီးစွာကျရောက်လာတတ်သည်။ အာဗစ်နယ်မြေတွင် မေလရောက်လျှင် ပန်းအဖူးများထွက်လာတတ်သော်လည်း ထိုအချိန်ဆို ရက်ဇ်တွင်တော့ တစ်မြို့လုံး ချိုမြိန်သောနှင်းဆီပန်းရနံ့များဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
မက်သိုင်းရပ်စ်တစ်ယောက် အိမ်ရှေ့မင်းသား၏ ဥယျာဉ်အတွင်းဖြတ်လျှောက်နေရင်း ရာသီအကူးအပြောင်းနှင့်ပတ်သက်၍ ရုတ်တရက်ဆန်သည့် အတွေးများပေါ်လာခဲ့၏။ သူက ခြေလှမ်းများကို ရုတ်ခြည်းရပ်တန့်လိုက်သောကြောင့် သူ့အနောက်မှလိုက်ပါလာသော အခြားအရာရှိများကလည်း ရပ်တန့်သွားကြသည်။
"ဘာဖြစ်လို့လဲ။"
"မဖြစ်ပါဘူး။" မက်သိုင်းရပ်စ်က အတိုချုပ်ဖြေလိုက်ခြင်းပင်။ "ဘာမှမဖြစ်ပါဘူး။" သူက နှုတ်ခမ်းတွန့်ရုံမျှသာ အနည်းငယ်ပြုံးလိုက်သည်။
မက်သိုင်းရပ်စ်က ခြေလှမ်းပြန်စလိုက်သောကြောင့် တိတ်ဆိတ်မှုများ ပျောက်ကွယ်သွားခဲ့သည်။ မျိုးရိုးမြင့်သည့် လူငယ်ရဲမက်လေးတစ်ဦးက ကျီစယ်စနောက်ရင်း စကားဆက်ပြောခဲ့၏။ ၎င်းတို့၏မျက်နှာနှင့် အသံများက နွေရာသီပိတ်ရက်များကို မည်သို့ဖြတ်သန်းမည့်အကြောင်း ပြောနေရင်း စိတ်လှုပ်ရှားနေကြပြီး အဆုံးသတ်မှာတော့ အားလုံး တူညီသည့်နိဂုံးမျိုးဖြင့်သာ ရပ်တန့်ခဲ့ကြသည်။
ပါတီပွဲ၊ မြင်းပြိုင်ပွဲ၊ ချစ်ရသူနှင့်အတူ အချိန်ကုန်ဆုံးခြင်းများပင်။
"ငါတို့ရဲ့ခေါင်းဆောင်ကတော့ သူ့ဇနီးလောင်းကို ထားခဲ့ပြီး နွေရာသီကို အထီးကျန်စွာနဲ့ တစ်ယောက်တည်းကုန်ဆုံးမှာတဲ့။"
၎င်းတို့ထဲမှတစ်ယောက်က နောက်ပြောင်လိုက်သောကြောင့် တစ်ဖွဲ့လုံးက ရယ်မောလိုက်ကြသည်။ မက်သိုင်းရပ်စ်က ထိုလူငယ်၏ဟာသကို ပြန်လည်တုံ့ပြန်သည့်အနေနှင့် ပြုံးပြလိုက်၏။
ယခင်နွေအကုန်တွင်ကျင်းပခဲ့သည့် မြို့စားဟာဟက်ဒ်နှင့် မိန်းကလေးဘရန့်ဒ်တို့၏စေ့စပ်ပွဲက အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း တရားဝင်စေ့စပ်ကြောင်းလမ်းခဲ့သည့် ထိုစုံတွဲက လူမှုအသိုင်းအဝိုင်းအတွင်း လူပြောများနေခဲ့၏။
သို့သော်လည်း မက်သိုင်းရပ်စ်ကတော့ ပုံမှန်ဘဝနှင့် ဘာမှမကွာခြားသွားပေ။ စေ့စပ်ပွဲအပြီး တစ်ပတ်အကြာတွင် သူက ဘာ့ဂ်တပ်မတော်မြို့စောင့်တပ်အတွင်းဝင်လိုက်ပြီး နောက်တစ်နေ့တွင် မြို့တော်သို့သွားခဲ့ရသည်။ ထိုအချိန်တွင် အာဗစ်နယ်မြေ၌နေခဲ့သော ကလာရ်ဒင်းက မြို့တော်ရက်ဇ်နှင့်အလှမ်းဝေးသော ကားလ်စ်ဘာ၏အလယ်ဗဟိုရှိ ဘရန့်ဒ်အိမ်တော်ရှိရာသို့ ပြန်သွားခဲ့၏။
ထို့ကြောင့် ၎င်းတို့၏စေ့စပ်ကြောင်းလမ်းမှုကို လူသိရှင်ကြားကြေညာခဲ့သည်မှလွဲ၍ အခြားပြောင်းလဲသွားသည့်အရာ ရှိမနေခဲ့ပေ။ လူမှုရေးပွဲများရှိသည့်အချိန်တွင် ကလာရ်ဒင်းက ရက်ဇ်တွင်ရှိသော ဘရန့်ဒ်အိမ်တော်တွင်နေခဲ့ပြီး ယခင်ကလည်း လူမှုရေးကိစ္စများနှင့် အခြားသောကိစ္စများရှိလျှင် လာနေခဲ့ဖူးသောကြောင့် ဤနေရာနှင့်ပတ်သက်၍ အသစ်အဆန်းတို့မရှိချေ။ ၎င်းမှလွဲ၍ သူတို့က ယခင်ကကဲ့သို့ လူမှုရေးပွဲများကို အတူတူတက်ရောက်လေ့ရှိသည်။
အရာအားလုံးက ယခင်အတိုင်းသာရှိနေပြီး ၎င်းတို့က ယခု အချင်းချင်း၏ဇနီးလောင်း၊ ခင်ပွန်းလောင်းများဖြစ်သွားခြင်းကသာ တစ်ခုတည်းသော ပြောင်းလဲမှုဖြစ်သည်။
"ငါကတော့ မကြာခင် တပ်မတော်တာဝန်ကနေ ရပ်နားတော့မယ်။ မင်းရော မက်သိုင်းရပ်စ်။"
သူ့ဘေးမှလမ်းလျှောက်နေသော အရာရှိတစ်ဦးက မက်သိုင်းရပ်စ်ကို မေးလိုက်သည့်မေးခွန်းကြောင့် အားလုံးက သူ့ထံ အာရုံစိုက်မိသွားကြသည်။
"နောက်တစ်နှစ်ဆက်နေဦးမယ်လို့ တွေးထားတယ်။"
သူပြောပြီးသည်နှင့် အားလုံးက ထင်မှတ်မထားသောအဖြေကြောင့် အံ့သြသွားရသည်။
"မင်း လက်ထပ်ပြီး မိသားစုစီးပွားရေးကို အာရုံစိုက်တော့မှာမဟုတ်ဘူးလား။"
"လက်ထပ်တယ်? အဲ့ဒါက နောက်နှစ်လောက်မှဖြစ်မယ်ထင်တယ်။"
"မြို့စားဟာဟက်ဒ်ရဲ့ ပူပူနွေးနွေးလက်ထပ်ပွဲက အသိုင်းအဝိုင်းကြားမှာ လွယ်လွယ်ကူကူ ပြီးသွားမှာစိုးလို့လား။ ဒါ့ကြောင့် မင်္ဂလာပွဲကို ရွှေ့ဆိုင်းချင်နေတာလား။"
မက်သိုင်းရပ်စ်က ပြန်ဖြေမည့်အစား မေးငေါ့ပြလိုက်၏။ ရွှေ့ဆိုင်းသည်ဟု ပြောမည့်အစား အရာအားလုံးက ဖြစ်သင့်သည့်အတိုင်း ဖြစ်သွားသည်ဟုဆိုရမည်။ သူက မြို့တော်တွင် တစ်နှစ်ထပ်နေရန် ရည်ရွယ်ထား၏။ တစ်ချိန်တည်းမှာပင် ဘရန့်ဒ်မိသားစု၏ဆန္ဒက ၎င်းတို့သမီး၏ပျားရည်စမ်းခရီးကို သူ(မ)ခင်ပွန်းနှင့်အတူ အာဗစ်တွင်ဖြတ်သန်းစေလိုခြင်းဖြစ်သည်။
ဘရန့်ဒ်မိသားစုက စေ့စပ်ကြောင်းလမ်းမှုကို တစ်နှစ်ထပ်တိုးပေးဖို့ အရင်တောင်းဆိုလာသောအခါ ဟာဟက်ဒ်မိသားစုက တုံ့ဆိုင်းမှုမရှိ သဘောတူညီခဲ့သည်။
သူ(မ)၏အသက်အရွယ်က ငယ်ရွယ်သေးသောကြောင့် ကလာရ်ဒင်းအတွက် အလောတကြီးလက်ထပ်ရန် မလိုအပ်ပေ။ ထို့ပြင် မိသားစုနှစ်ခုလုံးက လပ်ထပ်ပွဲကို အစကတည်းက ပြီးပြည့်စုံစေလိုသည်။
တော်ဝင်နန်းတော်မှထွက်ခွာလာပြီးနောက် မက်သိုင်းရပ်စ်က အိမ်ပြန်ရန်အချိန်ဆွဲမနေခဲ့ပေ။
သက်တမ်းအရဆိုလျှင် အုတ်များဖြင့်တည်ဆောက်ထားသည့် ရက်ဇ်မြို့လယ်ရှိအိမ်တော်ကြီးက အာဗစ်အိမ်တော်အပြီး၊ ဟာဟက်ဒ်မိသားစု၏ ဒုတိယသက်တမ်းအရင့်ဆုံး ပိုင်ဆိုင်မှုဖြစ်သည်။ ထိုအိမ်တော်က မိသားစု၏အိမ်ထောင်ဦးစီးများ အလုပ်တာဝန်ကျစဉ် နေထိုင်လေ့ရှိသော မြို့တော်မှနေရာဖြစ်၏။ အာဗစ်အိမ်တော်၏ ရှေးဆန်သောအလှ၊ တည်ဆောက်ပုံတို့နှင့်ယှဉ်လိုက်လျှင် ဤအိမ်တော်၏ဗိသုကာလက်ရာများက ပို၍ရိုးရှင်းဆန်းသစ်သည်။
"မဒမ်နှစ်ယောက် ရောက်နေပါတယ်။" ကားထဲကထွက်လာသည့် မက်သိုင်းရပ်စ်ကို အလုပ်သမားတစ်ဦးက သတင်းပို့လိုက်ခြင်းပင်။
"အမေနဲ့အဖွားလား။"
"ဟုတ်ပါတယ်။ မဒမ်နှစ်ယောက်က မနက်ကတည်းကရောက်နေတာပါ။ သူတို့က အိမ်ရှေ့စံမင်းသမီးရဲ့ လက်ထပ်ပွဲကိုတက်ရောက်ဖို့အတွက် လာတာလို့ပြောပါတယ်။"
မက်သိုင်းရပ်စ်က ခေါင်းညိတ်လိုက်ပြီး အိမ်တော်ထဲသို့ဝင်သွားလိုက်သည်။
ဟာဟက်ဒ်မိသားစု၏ မြို့စားကတော်ရာထူးကို လက်လွှတ်လိုက်ရသောကြောင့် မာနများနင်းချေခံလိုက်ရသော မင်းသမီးက သူ(မ)စီစဉ်ထားသည့်အတိုင်း လက်ထပ်ပွဲလုပ်နိုင်ရန် သတို့သားကို အလျင်အမြန်ရှာဖွေခဲ့သည်။ ထို့နောက် သူ(မ)၏ခင်ပွန်းရာထူးက အနီးအနားမြို့မှ ဟာဟက်ဒ်မိသားစုနှင့်အဆင့်အတန်းတူသော မြို့စားတစ်ဦးထံရောက်သွားတော့၏။
"မတွေ့တာကြာပြီနော် မက်သိုင်းရပ်စ်!"
ကတ်သရီးနား ဘွန် ဟာဟက်ဒ်က မက်သိုင်းရပ်စ် အိမ်တော်ထဲဝင်လာသည်ကိုစောင့်နေပြီး တောက်ပစွာပြုံး၍ လက်ဆန့်ကာကြိုဆိုလိုက်သည်။
"အမေတို့ ဒီကိုလာတော့မှ သားမျက်နှာမြင်ရတော့တယ်။"
သူ၏အမေဖြစ်သော အဲလက်ဆာ ဘွန် ဟာဟက်ဒ်ကလည်း ယခင်အတိုင်း ပို၍တည်ငြိမ်သောအမူအရာဖြင့် သူ့ဆီချဉ်းကပ်လာခဲ့သည်။
မက်သိုင်းရပ်စ်က ၎င်းတို့နှစ်ဦးထံ အပြုံးလေးဖြင့်သွားလိုက်သည်။ ယခင်နေ့များအတိုင်း တူညီသော နောက်ထပ်စနေနေ့နေ့လယ်ခင်းတစ်ခုပင်။ နွေဦးအစောပိုင်းအတွင်း နှင်းဆီဖူးများကလည်း ဥယျာဉ်အနှံ့ ပွင့်ဖူးနေလေသည်။
***
Aurora Novel Translation Team