ဝမ်ချီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ အဖြူရောင် ကုလားကာအထပ်ထပ်ကို မြင်လိုက်ရပြီး ကုလားကာများနောက်တွင် စန္ဒကူးသားဖြင့် ပြုလုပ်ထားသော ကုတင်ဘောင်ကို တွေ့လိုက်ရသည်။ သူသည် ခေါင်းကိုလှည့်လိုက်ရာ ရှေးဟောင်းပုံစံ အိပ်ခန်းကြီးကို တွေ့လိုက်ရသည်။ ဝမ်ချီမှာ စိတ်ထဲတွင် ကျန်ရှိနေသေးသော အိပ်မှုန်စုန်မွှားများ အကုန်လွင့်စင်သွားသည်အထိ ခဏတာ ရပ်တန့်သွားခဲ့သည်။ သူ မတုံ့ပြန်နိုင်ခဲ့ပါ... သူ အိပ်ပျော်သွားခဲ့ပြီးနောက် ဤငရဲလိုနေရာတွင် ရှိနေဆဲပင်။
ဝမ်ချီသည် မူလက ၂၁ ရာစုတွင် နေထိုင်သည့် Beipiaoတစ်ဦးဖြစ်သည်။ ကျောင်းပြီးသွားနောက် ဇာတ်ညွှန်းရေးဆရာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဝမ်းနည်းစရာမှာ ကျောင်းပြီးခါစဖြစ်ပြီး အတွေ့အကြုံနည်းပါးလှသဖြင့် အခြားသူများအတွက် အပင်ပန်းခံ လုပ်ကိုင်ပေးခဲ့ရသည်။ လွန်ခဲ့သော အချိန်အနည်းငယ်က သူ့ဆရာသည် ဝတ္ထုတစ်ပုဒ်ကို ဇာတ်လမ်းတွဲအဖြစ် ပြန်ဆိုရေးသားရန် တာဝန်ကို ရယူခဲ့သည်။
(T/N Bei piaoရဲ့ အဓိပ္ပာယ်က *ဘေဂျင်းမှာ မျောလွင့်နေသူ* ရှင်းရှင်းပြောရရင် တစ်ခြားဒေသကနေ ပြောင်းရွှေ့နေထိုင်သူ။ ဘေဂျင်းမှာ အမြဲတမ်းနေထိုင်သူတွေရဲ့ အဆင့်အတန်းမျိုး မရနိုင်တဲ့သူပါ။ သူတို့ တရုတ်မှာက သန်းခေါင်စာရင်းတွေနဲ့ ပတ်သတ်ရင်နည်းနည်း ရှုပ်ထွေးတယ်။ ပေဂျင်းမြို့ရဲ့ သန်းခေါင်စာရင်းမရှိရင် ပေဂျင်းမှာ ကိုယ်ပိုင်အိမ်ဝယ်လို့မရတာမျိုးပေါ့။ )
ဆရာဖြစ်သူမှာ အလုပ်များနေသဖြင့် ဇာတ်လမ်းတွဲအတွက် မူရင်းဝတ္ထုကို ဖတ်ရှုပြီး ပြန်ဆိုရေးသားကြည့်ရန် သူ့ကို တာဝန်ပေးခဲ့သည်။ ဤအခွင့်အရေးကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသော ဝမ်ချီအနေဖြင့် စိတ်အားထက်သန်မှုအပြည့်ဖြင့် လုပ်ဆောင်ရမည်မှာ သဘာဝပင်။ ထို့ကြောင့် သူသည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် အချိန်ကုန်ခံကာ မူရင်းဝတ္ထုကို သုံးကြိမ်တိုင်တိုင် ဖတ်ရှုခဲ့သည်။ တတိယအကြိမ် ဖတ်ရှုနေချိန်တွင် မနက် ၆ နာရီ ထိုးနေပြီဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက် ကောင်းကင်သည် အပြာရောင်ဖျော့ဖျော့သာ ရှိသေးကာ မိုးကုပ်စက်ဝိုင်းတွင် အရုဏ်တက်ခါစပင် ရှိသေးသည်။
ဝမ်ချီ၏ ပါးစပ်ထဲတွင် ခြောက်ကပ်နေသဖြင့် သူ ထရပ်လိုက်ပြီး ကိုယ်လက်ဆန့်ထုတ်ကာ ခွက်ကိုကောက်ယူပြီး မီးဖိုချောင်သို့ သွား၍ ရေသွားသောက်ရန် ပြင်ဆင်လိုက်သည်။ ရလဒ်အနေဖြင့် ဒုတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူ့ခေါင်းထဲ မူးဝေသွားသည်။ အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူ မတုံ့ပြန်လိုက်နိုင်ပေ။ အမှောင်ထု လုံးဝလွှမ်းမိုးသွားခါနီး တစ်စက္ကန့်အလိုတွင် သူလဲကျသွားပြီးနောက် နံရံကို ခေါင်းနှင့် တိုက်မိသွားသည့် အသံအုပ်အုပ်ကို ကြားလိုက်ရကာ ပြင်းထန်သော နာကျင်မှုနှင့်အတူ သတိလစ်သွားခဲ့သည်။
သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် သူသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိနေပြီ ဖြစ်သည်။ သူ နှစ်ရက်နှင့် နှစ်ညတိုင်တိုင် သုံးကြိမ်ထိ ဖတ်ခဲ့သော danmeiဝတ္ထုထဲသို့ပင်။ ဝမ်ချီသည် မျက်လုံးကိုမှိတ်ကာ ဆားနယ်ငါးကဲ့သို့ နောက်ထပ် နာရီဝက်ခန့် လဲလျောင်းနေလိုက်စဉ် တံခါးတွန်းဖွင့်လိုက်သည့် တကျွီကျွီမြည်သံကို ကြားလိုက်ရသည်။
“သခင်လေး နိုးပြီလားရှင့်။”
အိမ်တော်ရှိ အစေခံသည် ရေအိုးတစ်လုံးကို ကိုင်ဆောင်ကာ ဝင်လာပြီး ကုတင်ရှေ့ရှိ သစ်သားဘောင်ပေါ်သို့ ရေအိုးကို ဖွဖွလေး တင်လိုက်သည်။
“သခင်လေး မနက်စာစားဖို့ ထရမယ့်အချိန်ရောက်ပါပြီရှင့်။”
ဝမ်ချီသည် မလှုပ်ရှားဘဲ “အဖေ ထွက်သွားပြီလား” ဟု မေးလိုက်သည်။
ချန်မိုမိုက “သခင်ကြီးက ညီလာခံတက်ဖို့ နန်းတော်ထဲ သွားပါပြီ” ဟု ပြန်လည်ဖြေကြားသည်။
ဝမ်ချီသည် အမူအရာကင်းမဲ့စွာဖြင့် ‘ဩော်’ ဟု တုံ့ပြန်ကာ တစ်ဖက်သို့လှည့်၍ မျက်နှာကို အုပ်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
“လာရမယ့်အရာကတော့ လာမှာပါပဲလေ။”
“သခင်လေး ဘာတွေပြောနေတာလဲရှင့်။ ဒီအစေခံက နားမလည်ပါဘူး”
ချန်မိုမိုက ဗျာများလျက် မေးသည်။
“အိမ်ကို ဧည့်သည်ခေါ်လာချင်လို့လားရှင့်။”
ဝမ်ချီသည် လှိမ့်၍ ထရပ်လိုက်ပြီး ချန်မိုမိုကို လှည့်ကြည့်ကာ “ဘာမှမဟုတ်ပါဘူး၊၊ မင်းအလုပ်သွားလုပ်တော့” ဟု ဆိုလိုက်သည်။
ချန်မိုမိုသည် သခင်လေးမှာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အလွန်ထူးဆန်းနေသည်ဟု တွေးမိသော်လည်း ထိုအကြောင်းကို ထုတ်ပြောဝံ့ခြင်းမရှိဘဲ တိတ်တဆိတ် ပြန်ဆုတ်ခွာသွားခဲ့သည်။
ဝမ်ချီသည် တွေဝေကြန့်ကြာနေပြီးမှ ကုတင်ပေါ်မှ ထလာခဲ့သည်။ ရှေးခေတ်လူတို့၏ အဝတ်အစားများမှာ အတွင်းသုံးထပ်၊ အပြင်သုံးထပ်ဖြင့် ရှုပ်ထွေးလှသည်။ ဝမ်ချီသည် အဝတ်အစားဝတ်ဆင်ရန် အတော်လေး အားထုတ်ခဲ့ရပြီး နောက်ဆုံးတွင် ခါးပတ်ကို တစောင်းကြီး ချည်မိသွားသည်။
မျက်နှာသစ်ပြီးနောက် အိပ်ခန်းထဲမှ ထွက်လာပြီး စားပွဲပေါ်တွင် ချန်မိုမို တင်ထားပေးသော မနက်စာဖြစ်သည့် အပိုင်းသေးသေးလေးတွေ လှီးထားတဲ့ ပန်ကိတ်များနှင့် အဖြူရောင် ဆန်ပြုတ်ကို တွေ့လိုက်ရသည်။ မနေ့က မနက်ကဲ့သို့ပင် ရိုးရှင်းလှသည်။
မနက်စာစားပြီးနောက် ဝမ်ချီမှာ လုပ်စရာမရှိသဖြင့် အဝတ်အစားများနှင့်ပင် ကုတင်ပေါ်သို့ ပြန်တက်ကာ အနားယူလိုက်သည်။ မကြာမီမှာပင် သူ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်ကို မသိရသော်လည်း နောက်ပိုင်းတွင် ချန်မိုမိုက သူ့ကို လှုပ်နှိုးလိုက်သည်။
သူသည် အိပ်မှုန်စုန်မွှားဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ ချန်မိုမိုသည် သူ့ကုတင်ခေါင်းရင်းတွင် လက်ကိုယှက်ကာ အနည်းငယ် စိုးရိမ်ပူပန်နေသည့်ပုံစံဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“သခင်လေး။”
“ဟင်?”
“သခင်ကြီး နန်းတော်ကနေ ပြန်လာပါပြီ။”
ဝမ်ချီ တောင့်သွားခဲ့ပြီး သူ၏မျက်လုံးထဲမှ အိပ်ချင်စိတ်မှာ တစ်ရှိန်ထိုး လုံးဝ ပျောက်ကွယ်သွားကာ ကုတင်ပေါ်မှ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။
“အဖေက ငါ့ကို ရှာနေတာလား?”
“ဟုတ်ပါတယ်။”
ချန်မိုမိုက “သခင်ကြီးက သခင်လေးကို စာကြည့်ခန်းကို လာခဲ့ခိုင်းပါတယ်” ဟု ပြောသည်။
ဝမ်ချီသည် အိမ်တော်၏ အလှမ်းဝေးဆုံးနှင့် အခေါင်ဆုံးနေရာဖြစ်သော ပေယွမ်တွင် နေထိုင်ပြီး ထိုနေရာသည် မူလပိုင်ရှင်၏ မိခင် မသေဆုံးမီက နေထိုင်ခဲ့သော ရပ်ကွက်လည်း ဖြစ်သည်။
မူလပိုင်ရှင်၏ မိခင်သည် မသေဆုံးမီက ခရိုင်ငယ်တစ်ခု၏ တရားသူကြီးငယ်တစ်ဦး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမသည် လက်ထောက်ဝန်ကြီး ဝမ်ချန်ချင်းထံသို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုခရိုင်တရားသူကြီးငယ်သည် အလွဲသုံးစားလုပ်မှုဖြင့် ကွပ်မျက်ခံခဲ့ရသည်။ မူလပိုင်ရှင်၏ မိခင်လည်း အမှုပတ်ခဲ့ရပြီး ဝမ်ချန်ချင်း၏ အချစ်ကို ဆက်လက်မခံရတော့ပေ။ သူမသည် လည်ပင်းကြိုးဆွဲချ အဆုံးစီရင်ခဲ့စဉ်ကတည်းက ဝမ်ချန်ချင်း၏ အကြည့်လေး တစ်ချက်ကိုပင် မရခဲ့ပေ။
သနားစရာကောင်းသော မူလပိုင်ရှင်သည် ဖခင်မရှိ မိခင်မရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသည်။ သူသည် မယားငယ်မှ ပေါက်ဖွားလာသူဖြစ်ပြီး အချစ်မခံရဘဲ အစေခံများ၏ နင်းပြားသတ်မှုကို ခံခဲ့ရသည်။ အဆုံးတွင် သူ၏ သနားစရာကောင်းသော ဘဝအတွေ့အကြုံတင်မကဘဲ သူသည် ဝတ္ထုထဲမှ အမြှောက်စာတစ်ဦးသာဖြစ်ပြီး ဇာတ်လိုက်အတွက် လှေကားထစ်အဖြစ် မွေးဖွားလာသူ ဖြစ်နေသည်။
ဝမ်ချီသည် ဝတ္ထုထဲရှိ မူလဇာတ်လိုက်၏ နိဂုံးကို တွေးမိကာ ရုတ်တရက် ခေါင်းကိုက်လာသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ သူသည် ကောက်ကွေးနေသော လမ်းငယ်လေးအတိုင်း လျှောက်သွားခဲ့ပြီး အမွှေးတိုင်တစ်တိုင်စာ ခဏတာ အချိန်ယူကာ ဝမ်ချန်ချင်း၏ စာကြည့်ခန်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သူက တံခါးကို ခေါက်လိုက်သည်။
“အဖေ ကျွန်တော့်ကို ရှာနေတာလား?”
ပြောပြီးသည်နှင့် အတွင်းဘက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်လာသည်။
“ဝင်ခဲ့ပါ။”
ဝမ်ချီသည် တံခါးကို တွန်းဖွင့်လိုက်ရာ အကြီးစား သစ်သားစားပွဲကြီး၏ နောက်ဘက်တွင် ထိုင်နေသော ဝမ်ချန်ချင်းကို အစောဆုံး မြင်လိုက်ရသည်။ ဤအခမ်းအနားဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမှာ ဝတ္ထုထဲတွင် ဖော်ပြထားသည်နှင့် အတိအကျ တူညီနေသည်။ အသက်သုံးဆယ်ကျော်အရွယ်၊ နိုင်ငံတော်ပုံစံ မျက်နှာပေါက် (national face)၊ ဖြောင့်မတ်သော မျက်နှာအင်္ဂါရပ်များနှင့် ပါးစပ်ပေါ်တွင် ‘ရှစ် (八)’ ပုံစံ မုတ်ဆိတ်မွှေးရှိပြီး တည်ကြည်လေးနက်သူတစ်ဦးအဖြစ် ထင်ရှားနေသည်။
ဝမ်ချီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အမြန်ခေါင်းငုံ့လိုက်ကာ သစ်သားစားပွဲဆီသို့ လျှောက်သွားပြီး မတ်မတ်ရပ်နေလိုက်သည်။ သူသည် မိမိ၏ ခြေချောင်းများကို ငေးကြည့်ရင်း တွေဝေနေခဲ့သည်။
“မင်း ဖျားနေတယ်လို့ ကြားတယ်”
ဝမ်ချန်ချင်းသည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး တင်းမာသော မျက်ခုံးများကို ပင့်ကာ ကြာမြင့်စွာ မတွေ့ရသေးသော ဒုတိယသားဖြစ်သူကို ကြည့်လိုက်သည်။ သူ၏ အေးစက်သော စကားထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ပါဝင်လျက် “သက်သာရဲ့လား?” ဟု မေးလိုက်သည်။
ထိုမေးခွန်းက ဝမ်ချီကို မေးခြင်းမဟုတ်ဘဲ မူလပိုင်ရှင်ကို မေးခြင်းပင်။ သို့သော် ထိုအရာမှာ လွန်ခဲ့သော ရက်အနည်းငယ်ကဖြစ်ပြီး မူလပိုင်ရှင်မှာ လွန်ခဲ့သော ကာလများကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ချီက နာခံမှုရှိရှိဖြင့် ပြန်ဖြေသည်။
“သက်သာပါပြီ မစိုးရိမ်ပါနဲ့ အဖေ။”
ဝမ်ချန်ချင်းသည် တစ်စုံတစ်ရာကို ပြန်ပြောင်းသတိရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ တည်ကြည်သော အမူအရာမှာ တဖြည်းဖြည်း နူးညံ့သွားကာ သက်ပြင်းချလိုက်သည်။
“မင်းအမေ ကွယ်လွန်သွားတာ နှစ်အနည်းငယ် ရှိသွားပြီဆိုတာကို ယုံလို့တောင် မရဘူး။ အခု ကြည့်ရတာ မင်းက မင်းအမေနဲ့ တကယ်တူတာပဲ၊၊ မင်းမျက်နှာကို ကြည့်လိုက်တိုင်း မင်းအမေကို သတိမရဘဲ မနေနိုင်ဘူး။”
ဝမ်ချီ “...”
ရင်းနှီးနေကျ အစပျိုးစကား။
လာပါပြီ ဇာတ်ကွက် စတင်တော့မည်။
သူသည် တိတ်တဆိတ် နားထောင်နေလိုက်သည်။
သေချာပေါက်ပါပဲ နောက်တစ်စက္ကန့်တွင် ဝမ်ချန်ချင်းသည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။
“မင်းအမေက စောစောစီးစီး ဆုံးပါးသွားပြီး မင်းရဲ့လက်ထပ်ပွဲကို မျက်မြင်ကိုယ်တွေ့ မတွေ့သွားရတာ တကယ်ကို နှမြောစရာပဲ။”
လက်ထပ်ပွဲ...
ဝမ်ချီမှာ သွေးအဟောင်းကြီး တစ်လုတ် ထွက်သွားမတတ်ပင်။
သူသည် ဆက်လက်၍ တိတ်ဆိတ်နေဆဲပင်။
သူက စကားခံမပြောသော်လည်း ဝမ်ချန်ချင်းက သူ၏ အခန်းကဏ္ဍကို ဆက်လက်သရုပ်ဆောင်ရန် မည်သို့မျှ အဟန့်အတား မဖြစ်စေခဲ့ပေ။
“မင်းလည်း အိမ်ထောင်ပြုဖို့ အသက်အရွယ်ရောက်လာပြီ။ အဖေက မင်းအတွက် အိမ်ထောင်ဘက် တစ်ဦးကို ရှာဖွေပေးပြီးပြီ၊၊ ပြန်သွားပြီး ပြင်ဆင်ထားလိုက်တော့။”
ဝမ်ချီမှာ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
“အဖေ ကျွန်တော် အိမ်ထောင်မပြုချင်သေးပါဘူး။”
မူလပိုင်ရှင်က ဝတ္ထုထဲတွင် ဤကဲ့သို့ပင် ပြောခဲ့ဖူးသော်လည်း ဝမ်ချန်ချင်းက ငြင်းပယ်ခဲ့ကြောင်း သူ သတိရလိုက်သည်။ ဝမ်ချန်ချင်း၏ မျက်လုံးများ အေးစက်သွားပြီး သူ၏မျက်နှာပေါ်တွင် ကပ်တွယ်နေသော နွေးထွေးမှုမှာ တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားကာ “ထပ်ပြောစမ်း” ဟု ဆိုလိုက်သည်။ ဝမ်ချီလည်း အလွန်နာခံစွာဖြင့် တစ်လုံးချင်းစီ ပြန်ပြောလိုက်သည်။
“အဖေ ကျွန်တော် အိမ်ထောင်မပြုချင်ပါဘူး။”
ဝမ်ချန်ချင်းသည် စကားပင် မဆုံးသေးခင် စားပွဲကို ဝုန်းကနဲ ရိုက်ချလိုက်သည်။ တကျွီကျွီမြည်သံ ထွက်ပေါ်လာသည်။ ဝမ်ချီမှာ ကြောက်လန့်တကြား တုန်ရီသွားသည်။ ဝမ်ချီ ဘာမှ ဆက်မပြောရသေးမီ ဝမ်ချန်ချင်းက ဒေါသတကြီးဖြင့်
“ကောင်စုတ် တောင်ပံစုံပြီဆိုပြီး အဖေ့စကားကိုတောင် ပြန်ခံဝံ့ရအောင် မင်း ရဲတင်းလာပြီပေါ့။ အိမ်ထောင်ရေးဆိုတာ ကြီးမားတဲ့ ကိစ္စတစ်ခု၊ မိဘတွေရဲ့ အမိန့်နဲ့ ကြားလူတွေရဲ့ စီစဉ်မှုနဲ့ ဖြစ်ရမှာ မင်းဆန္ဒနဲ့ မဟုတ်ဘူး!” ဟု ဆူပူကြိမ်းမောင်းလိုက်သည်။
ဝမ်ချန်ချင်းက တံတွေးပစ်ခွဲကာ ဆဲဆိုလေတော့သည်။
ဝမ်ချီလည်း အမြန်စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဝတ္ထုထဲတွင် အလွန်အရေးကြီးသော ဇာတ်ကွက်တစ်ခု ဝင်ရောက်လာတော့မည်ကို သူ သတိရလိုက်သည်။ ယခုအခါ တစ်နိုင်ငံလုံးရှိ တရားရုံးတော်သည် ဂျင်ကျိုးရှိ ကျိုင်းကောင်ဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်နေကြရသည်။ သူ အပေးအယူ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။
“အဖေ ကျွန်တော်လေ...”
ဝမ်ချီ စကားမဆုံးသေးမီ ဝမ်ချန်ချင်းက ဒေါသတကြီးဖြင့် ဖြတ်ပြောလိုက်ပြီး တံခါးဘက်သို့ လက်ညှိုးထိုးကာ “ထွက်သွားစမ်း!” ဟု အော်လိုက်သည်။
ထို့နောက် ဝမ်ချီသည် နာခံမှုရှိရှိဖြင့်ပင် “ထွက်သွား” ခဲ့သည်။ သူ မထွက်သွားချင်သော်လည်း သူ့ခြေထောက်များသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ စက်ဖြင့် ကြိုတင်ပရိုဂရမ် ရေးထားသကဲ့သို့ အမြန်နှုန်းဖြင့် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။ ပေယွမ်ရပ်ကွက်သို့ အမောတကော ပြန်လျှောက်လာမှသာလျှင် သူ့ခြေထောက်များကို ချည်နှောင်ထားသည့် ထူးဆန်းသော စွမ်းအားမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချီ၏ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ကိုယ်ကိုကိုင်းညွှတ်ကာ ဒူးများကို လက်ဖြင့်ထောက်လျက် နွားတစ်ကောင်လို မောဟိုက်နေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခန်းထဲရှိ ချန်မိုမိုက အပြေးအလွှား လာရောက်နှုတ်ဆက်သည်။
“သခင်လေး သက်သာရဲ့လားရှင့်။”
“တစ်ခုခုတော့...” ဝမ်ချီ၏ မျက်လုံးများ မှေးမှိန်နေကာ “ကြီးမားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်...”
ချန်မိုမိုမှာ ကြောက်လန့်သွားသည်။
“ဘာဖြစ်လို့လဲရှင့်။”
ဝမ်ချီ ခေါင်းခါလိုက်ပြီး သက်သာရာရသွားသည့်နောက် စိတ်ပျက်လက်ပျက် မျက်နှာဖြင့် အခန်းထဲသို့ ဝင်သွားခဲ့သည်။ ဝမ်ချီသည် အိပ်ခန်းဆီသို့ ဆက်လက်လျှောက်သွားကာ ဖိနပ်များကိုချွတ်ပြီး ကုတင်ပေါ်တွင် ဆားနယ်ငါးတစ်ကောင်ကဲ့သို့ ထပ်မံ လဲလျောင်းနေလိုက်သည်။ ဤကိစ္စသည် ဇာတ်လိုက် ရရှိခဲ့သော စနစ် (system) နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သည်ဟု သူ အကြိမ်ကြိမ် တွေးတောဆင်ခြင်နေမိသည်။
ဝတ္ထုထဲရှိ ဇာတ်လိုက်၏အမည်မှာ ဝမ်လျန်ဖြစ်ပြီး ဝမ်ချီ၏ မိထွေးဘက်မှ တော်စပ်သူ ဖြစ်သည်။ သို့သော် ဝမ်လျန်၏ မိခင်ဖြစ်သူ ရှုမျိုးရိုးမှာ ဝမ်ချန်ချင်း၏ တရားဝင်ဇနီး ဖြစ်သည်။ ထို့ကြောင့် ဝမ်လျန်သည်လည်း ဝမ်မိသားစု၏ သားအကြီးဆုံး ဖြစ်လာပြီး ဝမ်ချန်ချင်းက ဝမ်လျန်ကို မည်မျှအထိ အလိုလိုက် ကြင်နာသည်ကို တစ်အိမ်သားလုံး သိကြသည်။
မူလက အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်စာချုပ် ချုပ်ဆိုထားသူမှာ ဝမ်လျန် ဖြစ်သည်။ သို့သော် လွန်ခဲ့သော ငါးနှစ်က အရှေ့နန်းတော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူများစွာ သေဆုံးခဲ့ရုံသာမက အိမ်ရှေ့စံမင်းသား၏ ခြေထောက်များပါ မသန်စွမ်းဖြစ်သွားသည်အထိ မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှုမိသားစုသည် စေ့စပ်မှုကို ဖျက်သိမ်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။
ဇာတ်လမ်း၏ အလှည့်အပြောင်းမှာ လွန်ခဲ့သော နှစ်ရက်က စတင်ခဲ့သည်။ ဝမ်လျန်နှင့် သူ၏ မိတ်ဆွေများသည် အပြင်ထွက် အလည်အပတ်သွားကြစဉ် သစ်တောထဲရှိ စွန့်ပစ်ထားသော တဲအိမ်ငယ်တစ်ခုထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့ကြပြီး အရောင်စုံလင်ပြီး ထူးဆန်းသော ကျောက်တုံးတစ်တုံးကို ကောက်ယူရရှိခဲ့ကြသည်။
ထိုညတွင် ဝမ်လျန်သည် ကျောက်တုံးကို စစ်ဆေးကြည့်နေစဉ် မရည်ရွယ်ဘဲ စနစ် (system) ကို နှိုးဆွမိသွားခဲ့ပြီး အိမ်ရှေ့စံနှင့် လက်ထပ်လိုခြင်း မရှိတော့ကြောင်း သူ၏ဆန္ဒကို ချက်ချင်း ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် မသန်စွမ်းအိမ်ရှေ့စံမင်းသားသည် လွန်ခဲ့သော ငါးနှစ်အတွင်း လူများစွာကို ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်ဟူသော သတင်းများ အရှေ့နန်းတော်မှ ထွက်ပေါ်လာခဲ့သည်။ မူလက ဤသတင်းများကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သော်လည်း မည်သူက ဖြန့်ဝေလိုသည့် စိတ်ဆန္ဒရှိခဲ့သည်ကို မသိရဘဲ ဝမ်ချန်ချင်း၏ နားထဲသို့ပင် ရောက်ရှိလာခဲ့သည်။
ဝမ်ချန်ချင်းမှာ စိုးရိမ်ပူပန်လွန်းသဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူသည် မိမိ၏သားကို လက်လွှတ်မခံလိုသလို အိမ်ရှေ့စံနှင့် ဆက်သွယ်မိတ်ဖွဲ့နိုင်မည့် လမ်းကြောင်းကိုလည်း စွန့်လွှတ်ရန် ငြင်းဆန်နေခဲ့သည်။ အမျိုးသမီးရှု၏ ငိုကြွေးသံများနှင့် ပေါင်းစပ်လိုက်သောအခါ သားအကြီးနေရာတွင် သားအငယ်ဖြင့် အစားထိုးရန် သူ ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ချီသည် ဝတ္ထု၏ ဇာတ်လမ်းအသွားအလာကို ပြန်လည်စဥ်းစားကြည့်ရာမှ ဤအရာအားလုံးကို ထိုမိုက်မဲသော စနစ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပို၍ သေချာလာခဲ့သည်။ လွန်ခဲ့သည့်ခဏက စွမ်းအားမှာလည်း စနစ်မှလာသော ထူးဆန်းသည့် စွမ်းအားပင် ဖြစ်ပေလိမ့်မည်။ သူသည် စနစ်ကို မည်သို့ ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်း။
ဝမ်ချီသည် တွေးလေလေ ပို၍ စိတ်ပျက်လက်ပျက် ဖြစ်လေလေပင်။ သူသည် အလွန်ဒေါသထွက်လာသဖြင့် နေ့လယ်စာစားရာတွင် ထမင်းတစ်ပန်းကန် ပိုစားပစ်လိုက်သည်။ ကိစ္စရပ်မှာ သေချာပေါက် အတည်ဖြစ်သွားပြီဖြစ်ရာ ချန်မိုမို ကိုယ်တိုင်ပင် ထိုနေ့မွန်းလွဲပိုင်းတွင် အစေခံလေးယောက် သို့မဟုတ် ငါးယောက်ခန့်ကို ခေါ်ဆောင်လာပြီး ဝမ်ချီအတွက် မင်္ဂလာပစ္စည်းများ ပြင်ဆင်ရန် အမိန့်ရရှိခဲ့သည်။
ဝမ်ချီက မိသားစုအတွက် အကျိုးအမြတ်ဖြစ်စေရန် အနစ်နာခံပေးခဲ့သောကြောင့် ဖြစ်နိုင်သည်၊ ဝမ်လျန်၏မိခင် အမျိုးသမီးရှုသည် ဤရက်ပိုင်းများအတွင်း ဝမ်ချီအပေါ် မထင်မှတ်ဘဲ ကောင်းမွန်နေခဲ့သည်။ သူမသည် သူ့ကို ဒုက္ခမပေးရုံသာမကဘဲ မူလပိုင်ရှင် လုံးဝမစားဖူးခဲ့သော ကောင်းမွန်သည့် အစားအစာများကိုပါ ဆက်တိုက် ပို့ပေးနေခဲ့သည်။ ဝမ်ချီသည် ၎င်းတို့အားလုံးကို ကုန်စင်အောင် စားသုံးခဲ့ပြီး အရသာလည်း ကောင်းမွန်ကာ သူ့ကိုယ်အလေးချိန်ပင် တက်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် လက်ထပ်မည့်ရက်၏ အကြိုနေ့သို့ ရောက်ရှိလာခဲ့သည်။ ချန်မိုမိုနှင့် အစေခံအချို့သည် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြသည်။အမှန်တကယ်တော့ အလွန်တရာငယ်ရွယ်သည့် သစ်သားသေတ္တာ နှစ်လုံးသာ ရှိလေသည်။
ချန်မိုမိုသည် အိပ်ခန်းထဲသို့ ဝင်လာပြီး ဝမ်ချီမှာ အမျိုးသမီးရှု ပို့ပေးလိုက်သော မုန့်ကို စားသုံးပြီးကာစ အနားယူရန် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမက သက်ပြင်းမချဘဲ မနေနိုင်ပေ။
“သခင်လေး မနက်ဖြန်ဆိုရင် လက်ထပ်ရတော့မှာပါရှင့်။”
“…”
ဝမ်ချီမှာ မူလက စိတ်အေးလက်အေး ရှိနေသော်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ တင်းမာလာခဲ့သည်။ ချန်မိုမိုက ကုတင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာစဉ် သူ၏မျက်လုံးထောင့်မှ တစ်ချက်လှည့်ကြည့်လိုက်ရာ သူမ၏လက်ထဲတွင် ပုံဆွဲစာအုပ်ကဲ့သို့ အရာတစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။