no

Font
Theme

အပိုင်း ၁၇ ငါ့ဆံပင်တွေ အဆင်ပြေရဲ့လား


အနောက်သို့ လှည့်မကြည့်ဘဲ ရှောင်ယန် လူသတ်သမား ၂ ယောက်ကို ဖြတ်ပြေးသွားခဲ့သည်။ သူ့လည်ပင်းအနောက်ကို တစ်ခုခု နီးကပ်လာသည်ကို ခံစားမိပြီးနောက် ကလန် ကလန် ဆိုသည့်အသံများ ကြားလာရသည့်အခါ လူသတ်သမား၏တိုက်ခိုက်မှုများကို မာရာက ကာထားပေးလိုက်သည်ကို သူ သိလိုက်မိသည်။


ထိန်းချုပ်ခန်းသို့သွားရာလမ်းတွင် လမ်းအချိုးတစ်ခုကို ဖြတ်သွားရသေးသည်။ ထိုလမ်းတွင် လျှောက်သွားနေသည့်ဇွန်ဘီတစ်ကောင် ရှောင်ယန့်ကို မြင်သွားသောအခါ သူ့ဆီ အမြန်ပြေးလာသည်။


"အား သေစမ်း"


ဘယ်လိုတောင် ကံမကောင်းရတာလဲ။


ရှောင်ယန် ရေကုန်ရေခန်း ပြေးလေသည်။ မာရာ သူ့ကို လာကယ်ပေးဖို့ မျှော်လင့်နေလို့မရမှန်း သူ သိနေသည်။ ထိန်းချုပ်ခန်းတံခါး ပိတ်မထားဖို့ဘဲ သူ ဆုတောင်းနိုင်တော့သည်။ မဟုတ်လျှင် သူ့တွင်လည်း တံခါးဖွင့်ရန် အမိန့်မရှိသဖြင့် သေချာပေါက် ဇွန်ဘီအစာ ဖြစ်သွားမည်ဖြစ်သည်။


ဇွန်ဘီ နီးသထက် နီးလာသည်ကိုမြင်ပြီး ကြွက်သားများတောင့်တင်းသွားသည်အထိ အားကုန်ထုတ်၍ ရှောင်ယန် ပြေးလိုက်သည်။ သူ့ဘဝတွင် တစ်ခါမှ ဒီလောက်မြန်မြန်မပြေးဖူးခဲ့ပေ။


သေမလား ရှင်မလား ဖြစ်နေတဲ့အချိန်တွင် မောတာ ပန်းတာတွေက ဘာမှအရေးမကြီးတော့ပါ။


အရှေ့တွင် ထိန်းချုပ်ခန်းတံခါးဖွင့်လျက်ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ရှောင်ယန် အားတက်သွားသည်။ သူ ဒီထက်မြန်မြန်ပြေးရမယ်။


အရှိန်ကိုအသုံးချပြီး ထိန်းချုပ်ခန်းတံခါးကြားမှ လျှောခနဲဝင်ချသွားလိုက်ပြီး လက်ကိုမြောက်ကာ တံခါးဘေးရှိခလုတ်ကို သူ နှိပ်ချလိုက်သည်။ ဇွန်ဘီသည် တံခါးအကြားကျဉ်းကျဉ်းလေးမှနေ အထဲသို့ ဝင်ရန်ကြိုးစားပါသော်လည်း ပိတ်နေသည့်တံခါးကြားတွင် ညပ်နေခဲ့သည်။ ဇွန်ဘီသည် တံခါးကို လက်နှစ်ဖက်နှင့်ဖြဲကာ တွန်းထုတ်နေလေသည်။ ရှောင်ယန့်နှလုံးခုန်သံများက ဗုံတီးနေသကဲ့သို့ပင်။ ဘယ်ကနေ သတ္တိရလာသည်လည်းမသိ။ ထိန်းချုပ်ခန်းထဲရှိ အရေးပေါ်လက်နက်သိုလှောင်ရာကို ဖွင့်လိုက်သည်။ အထဲတွင်ရှိနေသည့်လက်နက်အများစုကို ယူပြီးသွားကြပြီဖြစ်သည်။ သေနတ်တစ်လက်နှင့် ဓားတစ်ချောင်းသာ ကျန်နေတော့သည်။ သူသည် ဓားကို လက်နှစ်ဖက်နှင့်ကိုင်ကာ ဇွန်ဘီဆီ ပြေးသွားလိုက်သည်။


"အား"


သူ့မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်နေသောအသွင်ကို သူ မမြင်ရပေ။ သို့သော် အောင်မြင်မှဖြစ်မည်ကို သူသိနေသည်။


ပထမတစ်ချက်တွင် သူ့ဆီကို ဝှေ့ယမ်းနေသည့် ဇွန်ဘီလက်ကို ဖြတ်ချလိုက်သည်။ သူ့ကိုယ်ပေါ်သို့ သွေးစအသားစများ လွင့်စင်လာသည့်အခါ သူ့စိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားသည်။ ထို့နောက် လက်ကိုမြောက်ကာ ဇွန်ဘီ၏လည်ပင်းကို အားမာန်အပြည့်ဖြင့် ခုတ်ချလိုက်သည်။


ဘယ်လိုခံစားလိုက်ရသည်လဲကို သူမမှတ်မိပါ။ သူသိလိုက်သည်မှာ ဇွန်ဘီခေါင်း အောက်သို့ ပြုတ်ကျသွားသည်ကိုပင်။ သူ့လက်များတုန်ခါသွားပြီး အကြောများထုံသွားကြသည်။ တခြားဘာအရာမှကို ကိုင်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ဓားသည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ရှောင်ယန် ခြေထောက်ကိုမြှောက်ကာ ဇွန်ဘီခန္ဓာကိုယ်တစ်ဝက်ကို ဘေးတိုက်တံခါးမှနေ ကန်ထုတ်ပစ်လိုက်သည့်အခါ တံခါးသည်လည်း ပိတ်သွားလေသည်။


စဉ်းစားတွေးတောရန် သူ့မှာ အချိန်ပို ရှိမနေပေ။ ရှောင်ယန် ဗဟိုထိန်းချုပ်ခုံတွင် ထိုင်ချလိုက်ပြီး တာမီနယ် ဆက်သွယ်စက်ကို ကိုယ်ပေါ်တင်လိုက်သည်။ စစ်တပ်တာမီနယ်နှင့် အခုအကြိမ် ပထမဆုံး ဆက်သွယ်ဖူးခြင်းဖြစ်သည်။


စိတ်ကိုငြိမ်ငြိမ်ထား ရှောင်ယန် ။ မင်း ဒါတွေအားလုံး သင်ဖူးပြီးသား။ မင်းလုပ်နိုင်တယ် ။


"ဆက်သွယ်ပေးရန်" ဆိုသည့် အမိန့်ကို ပို့လိုက်သည့်အခါ ရှောင်ယန့်စိတ်သည်လည်း ချက်ချင်းပင် ဒေတာချန်နယ်များစွာနှင့် ချိတ်ဆက်သွားလေသည်။ ပါဝါပြတ်တောက်နေသည့် ပလက်ဖောင်းတစ်ခုလုံး ချက်ချင်း ပြန်လည်လုပ်ငန်းစတင်လာပြီး ရှောင်ယန်လည်း စခန်း ၂ နှင့် ချိတ်ဆက်မိသွားသည်။


"ဒါက ပလက်ဖောင်း ၄၇ ပါ ခင်ဗျ။ ကျွန်တော်က ဗဟိုသိပ္ပံအကယ်ဒမီ ကျောင်းသား ရှောင်ယန်ဖြစ်ပါတယ်။ အိုင်ဒီ ၁၆၆၅ ပါ။ ကိုလိုနယ် ဟာနယ် ဘာတွန်ရဲ့တပ်ဖွဲ့နဲ့အတူ မေဂျာ ဂျန်နရယ် မေဆွန်ကို ကယ်ဆယ်ဖို့ မစ်ရှင်အတူလုပ်နေတုန်း ကျွန်တော်တို့တွေ ရန်သူ့လေယာဉ်တွေရဲ့ ချောင်ခိုတိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။ ကျွန်တော်တို့လေယာဉ်ကလဲ ပျက်ကျသွားပါတယ်။ လေယာဉ်နဲ့အတူ အကူတပ်ဖွဲ့တစ်ခုလွှတ်ပေးဖို့ တောင်းဆိုပါတယ် ခင်ဗျ"


"ကျောင်းသား ရှောင်ယန် အခုလက်ရှိအခြေအနေကို တင်ပြပေးပါ"


ဆက်သွယ်ရေးအရာရှိမှ အကြောင်းပြန်သည့်အသံကို ကြားလိုက်ရသည့်အခါ ရှောင်ယန် ပျော်လွန်းလို့ မျက်ရည်ပါကျသွားတော့မလိုပင်။ သူ အသံရှူသံကို မှန်အောင်ပြန်ထိန်းလိုက်ပြီး လက်ရှိအခြေအနေကို အစီအစဉ်ကျကျ တင်ပြလိုက်သည်။


"ဟုတ်ပြီ စိတ်ကို ငြိမ်ငြိမ်ထား။ စန်ထရယ်ကနေ မင်းတို့ကို အားဖြည့်ပေးဖို့ အထူးတပ်ဖွဲ့တစ်ဖွဲ့ လွှတ်ပေးလိုက်မယ်၊ တစ်နာရီအတွင်း သူတို့ ရောက်လာကြလိမ့်မယ်"


ထိုအခါကျမှ ရှောင်ယန် မျက်လုံးများကို မှိတ်ပြီး သက်ပြင်းချနိုင်တော့သည်။ ဆက်သွယ်မှု ပြီးဆုံးသွားသည့်အခါ တာမီနယ်ကို အသုံးပြုပြီး စောင့်ကြည့်ရေး ကင်မရာများကို သွားကြည့်လိုက်သည်။ မြင်လိုက်ရသည်က သူ့အား တုန်လှုပ်သွားစေသည်။


မာရာက လူသတ်သမားတစ်ယောက်၏ တိုက်ခိုက်မှုကို ကာလိုက်သည့်အခါ နောက်လူသတ်သမားတစ်ယောက်၏ဓားက သူ့အပေါ်ကျလာသည်။ ထိုဓားသည် အားပြင်းပြင်း မြန်မြန်ဆန်ဆန်နှင့်ပင် မာရာ့ဘယ်ပခုံးအား ဖြတ်ခုတ်သွားလေသည်။ မာရာသည် နာကျင်မှုကို လျစ်လျူရှုပြီး ရန်သူအရှေ့သို့ ငုံ့ချကာ ဗိုက်ကို အားပါပါနှင့် ထိုးစိုက်ချလိုက်သည်။ သို့သော် ထိုအရာသည် အသက်အန္တရာယ်ထိခိုက်သွားလောက်တဲ့အထိ ဒဏ်ရာပြင်းထန်မနေပေ။ မာရာသည် ရန်သူကို ကန်ထုတ်လိုက်ချိန်တွင် သူ့အနောက်မှလူသတ်သမားက ပြန်ကောင်းနေသည့် သူ့ဘယ်ပခုံးကို ရုတ်တရက် လာပိုင်းချသည်။


ဘာမှ နာကျင်မှုမခံစားရသလိုမျိုး မာရာ ပြန်လှည့်လိုက်ပြီး သူ့ဘယ်ဘက်လက် ရန်သူ့ကြောင့် ပြတ်တောက်သွားချိန်တွင် ညာဘက်လက်ကို လွှဲကာ ရန်သူ့ခေါင်းအား ခုတ်ချလိုက်သည်။


ရှောင်ယန် အံ့အားသင့်သွားသည်။ လုံခြုံရေးကင်မရာများမှနေ မာရာ၏ သွေးထွက်နေသော ဘယ်ပခုံးနှင့် မြေကြီးပေါ်တွင် အသက်မဲ့နေသော ဘယ်လက်မောင်းတို့ကို ကြည့်လိုက်ရသည့်အခါ... လောကကြီးသည် ရဲရဲတောက် နီမြန်းသွားသည်။


"ဟာကွာ"


စိတ်ကိုငြိမ်ငြိမ်ထားပြီး လျှောက်လမ်းထဲရှိ လမ်းကြားများကို ပိတ်ချလိုက်ခြင်းဖြင့် ပလက်ဖောင်းပေါ်တွင် လှုပ်ရှားနေကြသည့် ဇွန်ဘီများရှိရာ ချန်နယ်များနှင့် လျှောက်လမ်းကို နှစ်ပိုင်းခွဲချလိုက်သည်။ တာမီနယ်ဆက်သွယ်ရေးစက်ကို ဖြုတ်ချပြီး လက်နက်သိုလှောင်ရာနေရာတွင် ရှိနေသည့်သေနတ်ကို ကောက်ကိုင်လိုက်သည်။ သေနတ်ကို ပါဝါဖွင့်လိုက်ပြီး အလိုအလျောက် ပစ်မှတ် မှတ်သားသည့်စနစ်ကို ဖွင့်ကာ ထိန်းချုပ်ခန်းမှနေ သူ ပြေးထွက်သွားခဲ့သည်။


မာရာ ရှိနေရာသို့ သူရောက်သွားသည့်အခါ မာရာသည် လျှပ်စီးကဲ့သို့ ရန်သူ့လည်ပင်းကို ဓားဖြင့် လွှဲချလိုက်သည်ကို မြင်လိုက်ရသည်။ ဒီတိုက်ခိုက်မှုကို လုံးဝရှောင်လွှဲလို့မရနိုင်ဘူးဟု ရှောင်ယန်တွေးနေတုန်းပင် လက်မောင်းတစ်ဖက် ဆုံးရှုံးထားသောကြောင့် မာရာ အနည်းငယ် ယိုင်သွားသည်။ ထိုအချိန်တွင် ရန်သူက သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ထိုကဲ့သို့လုပ်ခြင်းက မာရာ့တိုက်ခိုက်မှုကို ကာလိုက်နိုင်သော်လည်း မာရာသည် ဓားရိုးကို ဖိချကာ ရန်သူ့လက်ကောက်ဝတ်ကို ခုတ်ချလိုက်သည်။


လဲကျသွားသည့်အချိန်တွင် ရန်သူက သူ့ညာဘက်လက်ကို လွှဲချပြီး မာရာ့ခြေကျင်းဝတ်ကို ခုတ်ချလာသည်။ မာရာ လဲကျသွားပြီး အောက်တွင်လည်း သွေးများစီးသွားသည်။


"မာရာ ---" ရှောင်ယန် အော်ဟစ်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာခဲ့သည်။


လူသတ်သမားက ယိုင်တိုင်တိုင်နှင့် မတ်တပ်ရပ်လိုက်ပြီး ညာဘက်လက်ကိုမြှောက်ကာ မာရာ့လည်ပင်းကို ခုတ်ဖို့ရန် ရွယ်လိုက်သည်။


ရှောင်ယန် သူ့လက်ကောက်ဝတ်ကို မြှောက်ပြီး လူသတ်သမားကို ပစ်မှတ်ထားရင်း သေနတ်ကို ပစ်ချလိုက်သည်။ တစ်ဖက်လူက ဓားကို ကြမ်းကြမ်းတမ်းတမ်းလွှဲကာ ကျည်ဆန်ကို နှစ်ပိုင်းဖြတ်ချလိုက်သည်။


"ငါ မင်းကို ထွက်မလာခဲ့နဲ့လို့ မပြောခဲ့ဘူးလား" မာရာ ရှောင်ယန့်ကို အော်ပြောလိုက်သည်။


ဘာမျှမစဉ်းစားဘဲ ရှောင်ယန် ရန်သူ့ကို သုံးချက်ဆက်တိုက် ပစ်ချလိုက်သည်။ လက်တစ်ဖက်သာ ရှိတော့သော်လည်း ရန်သူသည် ပစ်မှတ်ချိန်ပြီးသား ကျည်ဆန်သုံးခုစလုံးကို ဖြတ်ထုတ်နိုင်ခဲ့သည်။


စိတ်ကို ငြိမ်ငြိမ်ထား ရှောင်ယန်။


နောက်တစ်ချက်တွင် ရှောင်ယန် ထိုလူ့ညာဘက်လက်ကောက်ဝတ်ကို ချိန်လိုက်သည်။ ကျည်ဆန်လမ်းကြောင်းသည် အရင်ကနှင့် လုံးဝကွာခြားသွားနေသဖြင့် ရန်သူသည် ခဏကြောင်သွားသည်။ ထို့နောက် ထိုလူသည် ကျည်ဆန်ကိုရှောင်ရန် အပြေးအလွှားကြိုးစားနေချိန်တွင် အချိန်ကွာဟချက်တစ်ခု ဖန်တီးကာ သူ့ခေါင်းကိုချိန်ပြီး နောက်ဆုံးတစ်ချက် ပစ်ချလိုက်သည်။


"ဘန်း"ဆိုသည့် ကျယ်လောင်သံတစ်ခုနှင့်အတူ ထိုလူ့ခေါင်း ပေါက်ထွက်သွားပြီး ရပ်နေသည့်ခန္ဓာကိုယ်က စက္ကန့်အနည်းငယ်အကြာတွင် ဒုတ်ခနဲနှင့် မြေကြီးပေါ် လဲကျသွားလေသည်။


ရှောင်ယန့်ပခုံးများ တုန်ယင်နေသည်။ သို့သော် သူသည် ပစ်လက်စအနေအထားအတိုင်း ဆက်လက်ရှိနေခဲ့သေးသည်။


"...မင်း သေနတ်ပစ်လေ့ကျင့်ရေးတွေ လုပ်ထားသေးလား" မာရာသည် နံရံကိုအမှီပြုထားရင်း ဖြည်းဖြည်းလေး မေးလိုက်သည်။


နောက်ဆုံးတွင် ရှောင်ယန် အသိဝင်လာပြီး မာရာ့ဆီ ပြေးသွားလိုက်သည်။ ဒီလူက ဘယ်လက်မောင်းနဲ့ ညာဘက်ခြေထောက် ပြတ်ထားတာတောင် သူ့အား ပြုံးပြီး နှုတ်ဆက်နိုင်သေးသည်။


"ဒီလိုသေနတ်မျိုးက အရမ်းအဖိုးတန်တယ်။ နည်းပြတွေမှာပဲ ရှိကြတယ်။ မင်း ဘယ်ကနေ ရလာတာလဲ"


"နည်းပြတွေမှာပဲ ရှိတာလား ဒါဆိုရင်... ရိဗ့် ကျွန်တော့်ကို ပေးတဲ့သေနတ်က..."


"အဲဒါက ဘော့စ်ဟာ။ သူက မင်းကို သူ့သေနတ်ပေးလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဟေး အဲဒီမှာ ရပ်မနေနဲ့ ငါ့ကို လာကူဦး" မာရာသည် ညာဘက်လက်တွင် ဓားတစ်ချောင်းကို အမှီပြုရင်း ထဖို့ကြိုးစားနေရာ ရှောင်ယန် သူ့ကို အပြေးသွားထူလိုက်သည်။


မာရာ့ခန္ဓာကိုယ်အလေးချိန် ရှောင်ယန့်အပေါ်  ပိကျလာသည့်အခါ သူ ရပ်တောင်မရပ်နိုင်တော့သလိုပင်။


"ငါ ဇွန်ဘီတွေကို မမြင်မိဘူး၊ မင်းက တကယ့်ကို ကံကောင်းတဲ့ကောင်ပဲ"


"ကျွန်တော် လျှောက်လမ်းက ဇွန်ဘီတွေရှိတဲ့ လမ်းအချိုးတွေကို ပိတ်ထားတယ်။ ကံကောင်းတဲ့သူက ခင်ဗျား ကျွန်တော်မဟုတ်ဘူး။ ဒီကနေ ထိန်းချုပ်ခန်းကိုသွားတဲ့ လျှောက်လမ်းပေါ်မှာ ကံကောင်းလို့ ဇွန်ဘီတွေ ရှိမနေဘူး" မာရာ့ကိုတွဲခေါ်ရင်း ရှောင်ယန် အံကိုကြိတ်ပြီး ပြောလေသည်။


"မင်းကို ထိန်းချုပ်ခန်းထဲမှာပဲနေ တပ်ကူမလာမချင်း တံခါးမဖွင့်နဲ့လို့ ငါပြောခဲ့တယ်လေ"


"အင်း"


"ငါက ဒုကိုလိုနယ်။ မင်းက အရံစစ်သားပဲ ရှိသေးတယ်။ အထက်လူကြီးက မင်းကိုပေးထားတဲ့အမိန့်ကို မင်းဖီဆန်လိုက်တာပဲ" မာရာ့အသံသည် နက်ရှိုင်းနေသည်။


"အဲဒီလိုဆို ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုအပြစ်ပေးမှာလဲ" ရှောင်ယန်သည် မာရာ့အား ထိန်းချုပ်ခန်းထဲသို့ တွန်းပို့လိုက်ပြီး တံခါးကို ပိတ်ချလိုက်သည်။


"ငါနဲ့ အတူတူအိပ်မလား" 


"အဲဒီလိုဆို ခင်ဗျား သေသွားတာက ပိုကောင်းမယ်" ရှောင်ယန် သူနှင့် နောက်ပြောင်ရန် စိတ်မပါနေပေ။


မာရာ ကြမ်းပြင်ပေါ်တွင် ပျင်းရိပျင်းတွဲနှင့် ထိုင်ချလိုက်ပြီး ခေါင်းကို ဘေးလှည့်လိုက်သည့်အခါ ဇွန်ဘီခေါင်းတစ်ခုကို မြင်လိုက်ရသည်။


"ဒါက မင်းလက်ချက်လား"


"ဟုတ်တယ်" ရှောင်ယန်သည် မာရာ့ကိုယ်အပေါ်ပိုင်းကို မြှောက်ကာ သူ့ပခုံးအောက်တွင် လက်မောင်းထိုးချလိုက်ပြီး ထိန်းချုပ်ခန်းရှိ ဆိုဖာရှိရာသို့ အနောက်မှနေ တရွတ်တိုက် ဆွဲခေါ်သွားလိုက်ပြီး ဒဏ်ရာများကို စစ်ကြည့်လိုက်သည်။


လက်မောင်းနှင့် ခြေထောက် ပြတ်တောက်ထားသည့်နေရာများတွင် အနာပြန်ကျက်နေပြီး သွေးထွက်တာ လုံးလုံးရပ်သွားပြီဖြစ်သည်။


ရှောင်ယန် ထိုနေရာတွင် အကြာကြီး ဆောင့်ကြောင့်ထိုင်နေရင်း ပါးစပ်မှ စကားတစ်လုံးမျှ ထွက်မလာခဲ့ပေ။


မာ့ရာလက်မောင်း အခုတ်ခံလိုက်ရသည့်အချိန်ကို သူ ပြန်မြင်ယောင်တိုင်း သူ့ကမ္ဘာကြီး နှစ်ပိုင်းအပိုင်းခံလိုက်ရသလိုပင်။


ထို့နောက် သူ အကြည့်လွှဲလိုက်သည်။ အခုကဲ့သို့အနေအထားတွင်ပင် သူသည် မာရာ့အရှေ့၌ ဘာတိုက်ခိုက်ရည်မှမရှိသည့် အားနွဲ့သူ ဖြစ်နေပေသေးသည်။ သူ့တွင် တခြားသူကို သနားခွင့် မရှိပေ။


သနားသလိုအကြည့်မျိုးနှင့် တခြားသူကိုနာလားလို့ သူမေးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဒဏ်ရာသည် လွန်စွာနာကျင်ပြီး တစ်ဘဝလုံး မေ့မသွားနိုင်မည့်ဒဏ်ရာမျိုုးဖြစ်သည်ကို သူ သိနေသောကြောင့် ဖြစ်သည်။


"ခြေတု လက်တုတွေရဲ့ အာရုံကြောဆက်သွယ်မှုတွေက ဘယ်လိုရှိမလဲ မသိဘူး။ ဟေး နည်းပညာစစ်သား အဲဒါက မင်းတို့ ဗဟိုသိပ္ပံအကယ်ဒမီက ပရောဂျက်ဆိုတော့ မင်း သိမှာပေါ့" မာရာသည် ရှောင်ယန့်တင်ပါးကို သူ့ဘယ်ခြေထောက်ဖြင့် ကန်ကာ မေးလိုက်သည်။


"ကျွန်တော်က နည်းပညာစစ်သား မဖြစ်သေးဘူး၊ အရံစစ်သားပဲ ရှိသေးတာ။ ကျွန်တော်က အလုပ်သင်အဆင့်ပဲ ရှိသေးတာလေ။ သုတေသနပညာရှင် မဟုတ်သေးတော့ ပရောဂျက်က ဘယ်လိုအခြေအနေရှိလဲ မသိဘူး"


"တပ်ကူ ရောက်လာဖို့ ဘယ်လောက်ကြာမလဲ"


"တစ်နာရီ"


"ဟာ' နောက်တစ်နာရီအတွင်း ဒီရေလှိုင်းက ဒီနေရာကို ဗုံးလာမခွဲဖို့ကိုပဲ ဆုတောင်းရမှာပဲ" မာရာ ရယ်လိုက်သည်။ ထိုလူ့အတွက် သေရေး ရှင်ရေးသည် အရေးမပါတော့ပေ။ " ဘာပဲဖြစ်ဖြစ် ငါ့မှာနေဖို့ သုံးနှစ်ပဲ ကျန်တော့တာလေ... ဒီဂုဏ်ယူစရာကောင်းတဲ့ဒဏ်ရာတွေကို အသုံးချပြီး ရှေ့တန်းကနေ နှုတ်ထွက်လိုက်ရမလား"


ရှောင်ယန် အလိုလို လက်သီးဆုပ်မိသွားသည်။ မာရာ့၏ ထိပ်သီး တိုက်ခိုက်ရည်များသည် ပင်ကိုယ်အရည်အချင်းတစ်ခုကြောင့်တင်မဟုတ်ဘဲ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများကြောင့်လည်း ပါသည်ကို သူ ခန့်မှန်းနိုင်သည်။ သူ့တွင် အတွေ့အကြုံပိုရှိလာလေလေ နေရမည့်အချိန်လည်း ပိုနည်းလာလေပင်။ ရှောင်ယန် နှုတ်ဆိတ်သွားသည်။


"ဟေး ငါ့ဆံပင် အဆင်ပြေရဲ့လား" မာရာ အခုမှ တစ်ခုခုကို သတိရသွားသလိုမျိုး သူ့အား တလေးတနက် မေးလာပြီး ဆံပင်များကို ပြန်ရှင်းနေလေသည်။


"ခင်ဗျားဆံပင်တွေက လှတယ်"


"တကယ်လား"


"အင်း ကျွန်တော် ခင်ဗျားကို စခန်းမှာ အရင်ဆုံးမြင်တဲ့အချိန်တုန်းက ခင်ဗျားဆံပင်တွေကြောင့် သတိထားမိသွားတာ" ရှောင်ယန် လေးလေးနက်နက်နှင့် ဖြေလိုက်သည်။


"တကယ်လား" မာရာ့အသံများ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူ့ဆံပင်အကြောင်း ပြောလိုက်သည့်အချိန်တိုင်း ဒီတစ်ယောက်သည် ပထမတန်းအဆင့် အထူးတပ်ဖွဲ့ဝင်စစ်သားအဖြစ်မှ အရူးအဖြစ် ပြောင်းသွားလေသည်။


"တကယ်" ရှောင်ယန် သူ့လက်ချောင်းများကို မာရာ့ဆံပင်များကြား ညင်ညင်သာသာနှင့်ထိုးထည့်လိုက်သည်။ သူ့ဆံပင်များက ထိလို့ကိုင်လို့ကောင်းသည်။ ရှောင်ယန် လည်ချောင်းထဲတွင် ဆို့တက်လာသလိုပင်။


ထိုအချိန်တွင် မာရာ့လက်ကောက်ဝတ်မှ ဆက်သွယ်ရေးစက် စမြည်လာပြီး တည်ငြိမ်ပြီး အမိန့်ပါသည့် အသံတစ်သံ ထွက်လာသည်။ "တံခါးကို ဖွင့်လိုက်"


"ဟုတ်ကဲ့ ဘော့စ် ရှောင်ယန် တံခါး သွားဖွင့်လိုက်" မာရာသည် တံခါးအား မေးထိုးပြလိုက်သည်။


ရှောင်ယန် အမြန် ခလုတ်ကို ပြေးနှိပ်လိုက်သည်။ ထိုအခါ မေဆွန့်ခေါင်းကိုထည့်ထားသည့် ဘူးကိုကိုင်ပြီး ဟာနယ် ဝင်လာသည်ကို မြင်လိုက်သည်။ သူသည် အေးစက် တည်ငြိမ်နေဆဲပင်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လူသတ်ရိပ်များ ပြည့်နှက်နေလေသည်။


မာရာ့ကို သူမြင်သွားလျှင် အမူအရာတစ်မျိုး ပြောင်းသွားမည်ဟု ရှောင်ယန် ထင်ထားခဲ့သော်လည်း ဒီလူ့မျက်နှာသည် တည်ငြိမ်နေဆဲပင်။


"ဟေး ဘော့စ် ကျွန်တော် အသက်ရှင်နေတုန်းပဲ" မာရာ့သည် သူ့လက်ကို မြောက်ပြလိုက်သည်. ကြွားဝါနေသကဲ့သို့ပင်။


"အင်း သူတို့ သေသွားပြီ" ဟာနယ့်မျက်တောင်များက ငုံ့ဆင်းသွားသည်။ ထိုအချိန်တွင် ထိုလူ့ဆီမှ ဝမ်းနည်းမှုကို ရှောင်ယန် ခံစားလိုက်ရသလိုပင်။


"ဒါပေမဲ့ တစ်ယောက်ကို ရှောင်ယန် သတ်လိုက်တာ သူ မရှိရင် ကျွန်တော်တော့ သေသွားလောက်ပြီ" 


မာရာ့မျက်နှာ လေးနက်သွားသည်။ ရှောင်ယန် သူ့ကို ကယ်လိုက်တာက အရေးကြီးတယ်ဆိုသည်ကို ဟာနယ့်ကို အသိပေးချင်နေသလိုပင်။


"မဟုတ်ပါဘူး...တကယ်ကျတော့ မာရာ ကျွန်တော့်ကို ကာကွယ်ဖို့ ကြိုးစားလို့..."


ထိုအချိန်တွင် ဟာနယ် သူ့အရှေ့ရောက်လာပြီး သူ့ခေါင်းအနောက်ပိုင်းကို ဆွဲကိုင်ကာ သူ့အား သူ့ရင်ဘတ်ပေါ်တွင် ဖိကပ်ထားလိုက်သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment