no


အခန်း(၇) သူကူးလီကိုဘယ်လိုလုပ်မှာလဲ


နောက်တစ်နေ့...


မနက်စောစော...


လီချင်းယွင် ခွင့်ယူထားတာနှစ်လကျော်ရှိပြီပင်။


မှူးမတ်အားလုံးက ကြမ်းပြင်ပေါ် ဒူးထောက်ကာ "ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ"ဟု အော်ကြပြီးနောက် ထရပ်ကာ တစ်ယောက်ပြီးတစ်ယောက် အဆိုပြုချက်များကို တင်သွင်းလာကြသည်။


မှူးမတ်များမှာ မတူညီသောအတွေးများရှိကြပြီး ပလ္လင်ပေါ်က ရှင်ဘုရင်ကို ကြောက်ကြတာမို့ သူတို့အဆိုပြုချက်များကို တင်သွင်းလာချိန်မှာ အလွန်ဂရုတစိုက် ပြောလာကြသည်။


"ကျွန်တော်မျိုးမှာတင်ပြစရာရှိပါတယ် အရှင်မင်းကြီး “


အမတ်ကြီးဟူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။


သူကအလေးအနက်ဖြင့်ပြောလာ၏။


"အရှင်မင်းကြီးက ရဲစွမ်းသတ္တိရှိလှပါတယ်..ရွှယ်တိုင်းပြည်နဲ့ သူ့ရဲ့ပိုင်နက်နယ်မြေအကုန်လုံးကို တစ်ခါထဲအနိုင်ယူခဲ့တယ်.. အခုဆို နှင်းတိုင်းပြည်ရဲ့ အကျဥ်းသားတွေက ယုံးတိုင်းပြည်အကျဥ်းထောင်မှာ အဖမ်းခံရထားပြီးတော့ သူတို့ကံကြမ္မာကို စောင့်နေကြတယ်... နှင်းတိုင်းပြည်အကျဥ်းသားတွေ အကုန်လုံးကို သတ်ပစ်သင့်တယ်လို့ ကျွန်တော်မျိုးယုံကြည်ပါတယ်... တောရိုင်းမီးကို မငြှိမ်းသတ်ခဲ့ရင် နွေဦးလေက မီးကိုပြန်ဖြစ်ပေါ်လာစေလိမ့်မယ်... နှင်းတိုင်းပြည်မှာ တစ်ယောက်ယောက် ကျန်ခဲ့မယ်ဆို သူတို့ကအနာဂတ်မှာ သန်မာလာတဲ့အချိန်ကျရင် ပုန်ကန်လာနိုင်ပါတယ် အရှင်မင်းကြီး”


"ပြီးတော့ ရွှယ်တိုင်းပြည်ရဲ့ မင်းသား၂ကို အရှင်မင်းကြီးက ပစားပေးထားပြီးတော့ သူ့ကို နန်းဆောင်ထဲမှာထား,ထားတာက ကပ်ဘေးတစ်ခု ဖြစ်လာနိုင်ပါတယ်! လွန်ခဲ့တဲ့နှစ်လက သူကူးလီ အရှင်မင်းကြီးကို ရေထဲတွန်းချပြီးတော့ အရှင်မင်းကြီးကို နာမကျန်းဖြစ်စေခဲ့ပေမယ့် အရှင်မင်းကြီးက သူ့ကိုအပြစ်မပေးခဲ့ပါဘူး ဒီဟာက တကယ် အန္တရာယ်များလွန်းပါတယ်ဘုရား!”


"အမတ်ကြီးဟူက ဘာတွေးထားလို့လဲ”


လီချင်းယွင် လက်ထဲကပုတီးစေ့နှင့်သာမန်ကာလျှံကာ ကစားလို့နေသည်။


"သူတို့ကို အကုန်သတ်ပစ်ဖို့ပါ!”


ဟူဖေ့က ဒူးထောက်ကာ ပြောလေသည်။


"အရှင်မင်းကြီး ရွှယ်တိုင်းပြည်ရဲ့အကျဥ်းသားတွေ အရှင်မင်းကြီးကို ပုန်ကန်လာပြီးကျွန်တော်မျိုးတို့ တိုင်းပြည်ကို မွှေနှောက်ပြီးတော့ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါလာမှာကို ကာကွယ်ဖို့ သူတို့ကို အမြန်ဆုံး သေဒဏ်ပေးပေးပါဘုရား!"


လီချင်းယွင်မှာ ဟူဖေ့ကိုကြည့်လိုက်မိသည်။ ဒီယောကျ်ား၏ စကားနှင့်လုပ်ရပ်တိုင်းမှာ ယုံးတိုင်းပြည်နှင့် သူ့အတွက်ဖြစ်ပုံပေါ်သည်။ ဒါပေမယ့် ဟူဖေ့က သူ့ဘက်မှာမရှိမှန်း သူတစ်ယောက်ထဲသာ နားလည်သည်။


ဟူဖေ့၏သခင်မှာ မင်းသားသုံးပါးထဲက တစ်ဦးဖြစ်ပြီး သူလုပ်သမျှအရာတိုင်းမှာ သူ့သခင်အတွက် ပလ္လင်ကိုရယူပေးဖို့ပင်။


ဒါပေမယ့် လီချင်းယွင်၏ အစ်ကိုသုံးယောက်မှာ ဘယ်သူတွေမို့လို့လဲ..တစ်ယောက်က အရူး၊ တစ်ယောက်က မသန်မစွမ်း၊ တစ်ယောက်က မျိုးဆက်မရနိုင်သူ။ ဘယ်တစ်ယောက်မှာ အစွမ်းအစရှိလို့လဲ...


"အရှင်မင်းကြီး ကျွန်တော်မျိုးတို့တွေ သူတို့အကုန်လုံးကို မသတ်ပစ်သင့်ဘူးလို့ ထင်မိပါတယ်ဘုရား...တစ်လောကလုံးကလူတွေက အရှင်မင်းကြီးဟာ လူသတ်ရတာကြိုက်တဲ့ ဘုရင်တစ်ပါးလို့ ထင်သွားကြမယ်ဆိုရင် အနာဂတ်မှာ အရှင်မင်းကြီး စီရင်စုသုံးခုကို ဘယ်လိုလုပ်ထိန်းသိမ်းနိုင်ပါ့မလဲ ယုံးပြည်သားတွေရဲ့ အရှင်မင်းကြီးအပေါ် အမြင်ကဘယ်လိုဖြစ်သွားမှာပါလဲ...”


ရှောက်ကျစ်ရီက ဖြည်းဖြည်းချင်းရှေ့တိုးလာသည်။ သူကယုံးတိုင်းပြည်၏ စစ်သူကြီးတစ်ဖြစ်လဲ ရွှယ်တိုင်းပြည်ကိုဖျက်ဆီးခဲ့သည့်သူရဲကောင်းပင်။ သူဟာ ဓားသွားသဖွယ်မျက်ခုံးနှင့် တောက်ပသောမျက်ဝန်းများရှိကာ အလွန်အမင်းချောမောလေသည်။


တစ်ချိန်တည်း၌ သူဟာလည်း မူရင်းဝတ္ထုထဲမှာ ထိပ်ဆုံးနံပါတ်တွင်ရှိသူဖြစ်သည်။

သူက ဇာတ်လိုက်သူကူးလီကို ပိုးပန်းသူများထဲကတစ်ဦးဖြစ်သည်။


ရှောက်ကျစ်ရီက သူကူးလီအတွက် သူ့ခေါင်းဆောင်နှင့် သူ့တိုင်းပြည်ကိုသစ္စာဖောက်ဖို့ဆန္ဒရှိသည်။


သူက သူကူးလီကို ရူးမိုက်စွာချစ်မိသွားပြီး သူကူးလီအတွက် လီချင်းယွင်ကို ဓားနှင့်ပင်ထိုးပစ်ခဲ့သည်။


အဆုံးသတ်မှာ သူကလည်း သူကူးလီကို အကျဥ်းချပြီး သူ့ကိုချစ်ဖို့ တွန်းအားပေးချင်ခဲ့သည်။


ယုံးတိုင်းပြည် ကျဆုံးသွားပြီး နောက်ပိုင်း သူကဘာမှမကျန်တော့တဲ့အထိ သူကူးလီကို ဖော်လံဖားသူတစ်ယောက်ဖြစ်လာသည်။


လီချင်းယွင် သူ့ကိုကြည့်ကာ နှုတ်ခမ်းများကွေးတက်သွားသည်။

"စစ်သူကြီးရှောက် ပြောတာမှန်တယ်”


ရှောက်ကျစ်ရီက ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာဆိုလာသည်။


"အရှင်မင်းကြီး ရွှယ်တိုင်းပြည် အကျဥ်းသားတွေနဲ့ ရွှယ်တိုင်းပြည်ရဲ့ တော်ဝင်မိသားစုအသက်ကို ချမ်းသာပေးပါဘုရား... အဲ့ဒါမှ ကျွန်တော်မျိုးတို့တွေ တစ်လောကလုံးက လူတွေရှေ့မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းကို ရယူနိုင်မှာပါ...”


လီချင်းယွင်၏မျက်နှာမှာ မထူးမခြားနားဆိုပေမယ့် သူရင်ထဲမှာတွေးနေမိသည်..မင်းက ဒါကိုသူကူးလီအတွက် လုပ်နေတာမှန်း သိသာနေတာပဲ..


"ဒါဆို မင်းဘယ်လိုတွေးထားလဲ စစ်သူကြီးရှောက် ကိုယ်တော်တို့ သူတို့ကို မသတ်ဘူးဆိုရင် သူတို့ကိုဘာလုပ်သင့်လဲ”


လီချင်းယွင်က သူ၏ "ပြိုင်ဘက်စစ်သူကြီး" ကို အေးစက်စက်မျက်ဝန်းနှင့် စိုက်ကြည့်လိုက်မိသည်။


ရှောက်ကျစ်ရီက ခေါင်းငုံ့ရင်း တည်ငြိမ်စွာဆိုသည်။


"နှင်းတိုင်းပြည်သားအားလုံးကို သာမန်လူအဖြစ် ရာထူးချသင့်ကြောင်းပါ အရှင်မင်းကြီး!”


"စစ်သူကြီးရှောက်က မပြတ်မသားလုပ်နေတာပဲ! ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"


ဟူဖေ့ကဒေါသတကြီးဆိုသည်။


"ဒါဆို ရွှယ်တိုင်းပြည်သားတွေ အားလုံးကို သတ်ဖို့ပြောနေတဲ့ အမတ်ကြီးဟူရဲ့အဆိုပြုချက်က ကောင်းမွန်တဲ့ အဆိုပြုချက်မို့လို့လား”

ရှောင်းကျစ်ရီက ခေါင်းလှည့်ကာ လှောင်လိုက်သည်။


အမတ်ကြီးနှစ်ဦးမှာ အပြန်အလှန် ငြင်းခုံနေကြပြီး လေထုမှာ တင်းမာမှုနှင့် ပြည့်လျက် သူတို့ကရန်ဖြစ်ကြတော့မလိုပင်။


အခြားမှူးမတ်များမှာ တစ်ယောက်မှ စကားမပြောရဲကြပေ။ သူတို့အကုန်လုံးကလီချင်းယွင်၏ မျက်နှာထားကို စူးစမ်းနေကြခြင်း။ အရှင်မင်းကြီးက ဒီအခိုက်အတန့်မှာ အလွန်မပျော်မရွှင်ဖြစ်နေမှန်း သတိထားမိသွားတော့ သူတို့က ငြင်းခုံမှုမှာမပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

အဆုံးသတ်တွင် အငြင်းပွားပြီးနောက် ဘာမှမရလိုက်။


ယမ်းနံ့က သူကူးလီကိုပင် စင်လာသည်။


"အရှင်မင်းကြီး သူကူးလီ နှင်းတိုင်းပြည်မှာရှိတုန်းက သူ့ကိုလောကကြီးထဲမှာ အလှဆုံးအမျိုးသားတစ်ယောက်အဖြစ် သိကြတယ်... မရေတွက်နိုင်တဲ့ လူတွေက သူ့ကိုချစ်ကြတယ်လို့ ကောလဟလတွေရှိတယ်... အရမ်းချောတဲ့ယောကျ်ားတစ်ယောက်က လူတွေကို ကပ်ဘေး‌ဆောင်ကျဉ်းလာတဲ့ မကောင်းဆိုးဝါးဖြစ်ရမယ်!"

ဟူဖေ့ကဆိုသည်။


"မဟုတ်ဘူး သူကူးလီက အခုကျရှုံးသွားတဲ့တိုင်းပြည်ရဲ့ မင်းသားတစ်ပါးပဲ.... သူကအာဏာမဲ့ပြီးတော့ အရှင်မင်းကြီးရဲ့ ကိုယ်တိုင်ဂရုစိုက်မှုအောက်မှာ ရှိနေတာ သူက ဘယ်လိုလုပ်ပြီး ပြဿနာရှာနိုင်မှာလဲ.... အမတ်ကြီးဟူ စိတ်ပူလွန်းနေတယ်လို့ ကျွန်တော်ထင်တာပဲ!"

ရှောက်ကျစ်ရီက သူသဘောကျရတဲ့ လူအတွက် ဟူဖေ့နှင့် အကြီးအကျယ်ငြင်းခုံသည်။


ရန်ပွဲမှာ အဆုံးသတ်ထိ ဆက်သွားနေသည်။


ဟူဖေ့ဘက်တော်သားများကလည်း စတင်ငြင်းခုံလာကြသည်။


လီချင်းယွင်ကို သဘောမကျသည့် မှူးမတ်တချို့ပင် ထေ့ငေါ့ဟန်ပြုလာကြသည်။


"မကောင်းဆိုးဝါးအကြောင်း ပြောနေတာဆိုရင် သူကူးလီကမဟုတ်ဘူး!"


"သူက နောက်ဆုံးရှင်ဘုရင်ရဲ့ အချစ်ဆုံးကိုယ်လုပ်တော်ကို မယှဥ်နိုင်ဘူး! အဲ့ကိုယ်လုပ်တော်သွမ့်က ပြည့်တန်ဆာအိမ်ကလာပြီးတော့ မရေတွက်နိုင်တဲ့ ယောကျ်ားတွေနဲ့ ရှုပ်ခဲ့တယ်! သူမက တုနှိုင်းမဲ့အလှတရားကို အသုံးချပြီးတော့ နောက်ဆုံးရှင်ဘုရင်ကို သူမစကားနားထောင်ပြီး သူမအတွက် သူ့အစ်ကိုတော်အရင်းကို သတ်ပစ်ဖို့ မြူဆွယ်ခဲ့တာ ဒီလို ကြီးမားတဲ့ ယုံးတိုင်းပြည်ကို ပြည့်တန်ဆာတစ်ယောက်က ပရမ်းပတာဖြစ်အောင် လုပ်ခဲ့တာ ရယ်ချင်စရာပဲ!"


"ကိုယ်လုပ်တော်သွမ့်က ပြည့်တန်ဆာ၊ မကောင်းဆိုးဝါး၊ သူမမွေးခဲ့တဲ့သားကလည်းမကောင်းဆိုးဝါး---"


စကားကမဆုံးသေးသော်လည်း...


လုကုန်းကုန်းက တစ်ယောက်ယောက်ကို လွှတ်ကာ ထိုလူ၏ ပါးစပ်ကို အဆိပ်နှင့် အုပ်စေခဲ့သည်။ တရားရုံးထဲမှာ မကောင်းစကားပြောခဲ့သူက ရုတ်ခြည်း သေဆုံးသွားတော့ သည်။


ခန်းမမှာ ရုတ်ခြည်း တိတ်ကျသွားသည်။

မှူးမတ်အားလုံးမှာ ချွေးစေးပြန်လာပြီး ကြမ်းပြင်ပေါ် ဒူးထေက်ကာ စကားတစ်လုံးမှ မဆိုရဲတော့။


"ဆက်ပြောလေ”

လီချင်းယွင်က ဖီးနစ်မျက်ဝန်းကို ပင့်ကာ နီစွေးစွေးနှုတ်ခမ်းအား ဖြည်းညှင်းစွာ ကွေးလိုက်သည်။


"ဘာလို့ ဘာမှမပြောတော့တာလဲ”


ခန်းမထဲတွင် တစ်ခုထဲသောအသံမှာ လီချင်းယွင်၏ စကားပြောသံပင်။


ကိုယ်လုပ်တော်သွမ့်၏ ဖြစ်ရပ်အကြောင်း သိကြသည့် မှူးမတ်များမှာ အလွန်အမင်း ကြောက်သွားကြသည်။နားမလည်သူများမှာတော့ ထုံးစံအတိုင်း ဇဝေဇဝါဖြစ်ကာ မှူးမတ်ဟောင်းများနှင့်အတူ ဒူးထောက်ထားကြသည်။


"ကိုယ်တော့်မယ်တော်က မကောင်းဆိုးဝါးဆိုတော့ ကိုယ်တော်ကလည်း မကောင်းဆိုးဝါး... ဒါဆို မကောင်းဆိုးဝါး အုပ်ချုပ်တာ ခံနေရတဲ့ မောင်မင်းတို့က ဘာလဲ ၊ ကိုယ်တော့်ရဲ့ ချစ်လှစွာသောမှူးမတ်တို့”


လီချင်းယွင်က အစီရင်ခံစာကို ကောက်ကိုင်ကာ ရှေ့တည့်တည့်ကို ပစ်ပေါက်လိုက်တော့ ရှောက်ကျစ်ရီ၏ ခေါင်းပေါ် တည့်တည့်ကျသွားသည်။


 မှူးမတ်အားလုံးမှာ စကားတစ်လုံးမဆိုရဲတော့။


ရှောက်ကျစ်ရီ၏မျက်ဝန်းမှာ နက်ရှိုင်းလျက်။


လီချင်းယွင်က အောက်ဆင်းကာ လက်ဆန့်လိုက်သည်။ရှောက်ကျစ်ရီ နည်းနည်းအံ့သြသွားသည်။ သူဖြည်းဖြည်းချင်း လီချင်းယွင်၏လက်ကို ဆုပ်ကိုင်ကာထရပ်လိုက်သည်။


ထိုအခါမှ သူဟာလီချင်းယွင်ထက် ခေါင်းတစ်လုံးပိုရှည်မှန်း သိလိုက်သည်။


ရှောက်ကျစ်ရီမှာ လီချင်းယွင်ကို ဒီလိုမျိုးကြည့်မိရင်း ဒီနေ့ဧကရာဇ်က သူ့အာရုံကို တော်တော်လေးဆွဲဆောင်သွားသည်ဟု သူတကယ်ကြီး ခံစားလိုက်ရသည်။


ရှောက်ကျစ်ရီ တံတွေးမျိုချလိုက်မိပြီး ခေါင်းငုံ့ကာ အတိုက်အခံမလုပ်ရဲတော့ဘဲ တီးတိုးဆိုလိုက်မိသည်။


"ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး”


"စစ်သူကြီးရှောက်က ဒီနေ့ကိုယ်တော့်နှလုံးသားကိုအနိုင်ရသွားပြီ”

လီချင်းယွင် ခေါင်းမော့လိုက်ပြီး သူ၏ဖီးနစ်မျက်ဝန်းမှာ သူ့ကို တည့်တည့်စိုက်ကြည့်လို့ နေသည်။


"စစ်သူကြီးရှောက် ရွှယ်တိုင်းပြည်ရဲ့ တော်ဝင်မိသားစုနဲ့ သူ့လူတွေကို သာမန်လူအဖြစ် ရာထူးလျှော့ချပြီး ယုံးတိုင်းပြည်နဲ့ တူညီတဲ့အခွင့်အာဏာကို ခံစားစေတာ မမှန်ပေမယ့် သူတို့အကုန်လုံးကို သတ်ပစ်တာကလည်း မှန်မနေဘူးစစ်သူကြီးရှောက်မှာ ပိုကောင်းတဲ့ စိတ်ကူးရှိလား”


ရှောက်ကျစ်ရီ အံ့ဩသွားရသွားသည်။ ခေါင်းငုံ့ထားလျက်ပင် သူ ဧကရာဇ်၏ ပင့်လိုက်ဟလိုက်ဖြစ်နေသည့် နီစွေးစွေးနှုတ်ခမ်း၊ သူ့ထံမှလာသော ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့နှင့် လီချင်းယွင်၏ မျက်လုံးတို့ကိုပင် မရည်ရွယ်ပါဘဲစိုက်ကြည့်နေမိသည်။ဒါတွေ အားလုံးက ရှောက်ကျစ်ရီ၏ ဦးနှောက်ကို ရုတ်ခြည်း သွေးတက်သွားစေသည်။


သူဟာ အမြဲတမ်း စကားပြောကောင်းပေမယ့် ဒီအခိုက်အတန့်မှာ ဖြည်းဖြည်းချင်းဆိုမိသည်။


"တင်ပြပါတယ်...အရှင်မင်းကြီး ကျွန်တော်မျိုး....အရှင်မင်းကြီးအမိန့်ကိုနာခံပါတယ်”


လီချင်းယွင်ကဆိုသည်။

"ဒါဆို နှင်းတိုင်းပြည်ရဲ့တော်ဝင်ကိုယ်လုပ်တော်တွေအကုန်လုံးက သီလရှင်ဖြစ်လာပြီးတော့ မင်းသားတွေကို စစ်တပ်ပဲပို့လိုက်မယ်... မင်းသမီးတွေကို အရာရှိတွေဆီကိုယ်လုပ်တော်နဲ့ အစေခံအဖြစ်ပို့လိုက်မယ်...ပြီးတော့ နှင်းတိုင်းပြည်သားတွေ အကုန်လုံးကို ကျွန်အဖြစ် ရာထူးလျှော့ချပြီးတော့ အရာရှိ၊တိုင်းသူပြည်သားနဲ့ မြေပိုင်ရှင်တွေကြားမှာ ဖြန့်ချီလိုက်မယ်”


ရှောက်ကျစ်ရီ မယုံကြည်နိုင်ဖြစ်ရသွားကာ ခေါင်းငုံ့လျက်ပြောမိသည်။


"အရှင်မင်းကြီး ကျွန်တော်မျိုးအရာရာတိုင်းမှာအရှင်မင်းကြီးရဲ့ အမိန့်ကိုနာခံပါ့မယ်”


"မောင်မင်းတို့ကော ကန့်ကွက်ချက်တစ်ခုခုရှိလား”


လီချင်းယွင်က ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက် အသံတစ်သံမှမထွက်ရဲသည့် မှူးမတ်အရာရှိများကို တစ်ချက်ကြည့်လိုက်သည်။


"ကျွန်တော်မျိုးတို့ အရာရာတိုင်းမှာ အရှင်မင်းကြီးရဲ့ အမိန့်ကိုနာခံပါ့မယ်ဘုရား!”


ဘယ်အရာရှိကမှ လီချင်းယွင်ကို အတိုက်အခံမပြုရဲ။


ခုနက ပြဿနာရှာခဲ့သူ မှူးမတ်မှာလုကုန်းကုန်း၏ လူယုံများက ချက်ချင်းအဆိပ်ခတ်သတ်တာ ခံလိုက်ရသည်။ အရှင်မင်းကြီးကအလွန်သိသာစွာ မဖော်ပြပေမဲ့လည်း မှူးမတ်အိုကြီးများကတော့ အရှင်မင်းကြီးကကိုယ်လုပ်တော်သွမ့်နှင့် ပတ်သတ်လာရင် အလွန်ဆတ်ဆတ်ထိမခံမှန်း သိသည်။


လီချင်းယွင်ကို ဘယ်သူက ပြဿနာထပ်ရှာရဲမှာလဲ။


"အရှင်မင်းကြီး!"


ဟူဖေ့မှာဝမ်းနည်းသွားပုံပင်။


"အရှင်မင်းကြီး သူကူးလီကို ဘယ်လိုလုပ်မှာလဲကျွန်တော်မျိုး သိချင်မိပါတယ်...သူကနှင်းတိုင်းပြည်ရဲ့ မင်းသား၂ဖြစ်ပြီးတော့ နဂိုထဲကနှင်းတိုင်းပြည်ရဲ့ ဆက်ခံသူပဲ ကျွန်တော်မျိုးတို့ ဒီလိုလူမျိုးကို ခေါ်ထားလို့ မဖြစ်ဘူး!"


"မောင်မင်းက ဘယ်လိုတွေးထားလို့လဲ ကိုယ်တော့်ရဲ့ ချစ်လှစွာသော အမတ်ကြီးရဲ့”


လီချင်းယွင်ကဟူဖေ့ကိုငုံ့ကြည့်လိုက်သည်။


ဟူဖေ့ကဆိုသည်။

"သူ့ကို ကျွန်လုပ်ခိုင်းပြီးတော့ ကျွန်တံဆိပ်ကပ်ပေးသင့်ပါတယ်... ဒါမှသာ သူ ယုံးတိုင်းပြည်ရဲ့ မောင်းမဆောင်ထဲမှာနေမယ်လို့ ကျွန်တော်မျိုးတို့ သေချာသိနိုင်မှာပါဘုရား!”


"မဖြစ်နိုင်တာ!" 


လီချင်းယွင်ချက်ချင်းငြင်းပယ်လိုက်သည်။


သူ အဓိကဇာတ်ဆောင်ကို ကျွန်တကယ်လုပ်ပစ်လိုက်ရင် အဓိကဇာတ်ဆောင်ရဲ့ ပိုးပန်းသူတွေက သူ့ကိုသတ်ချင်လာမှာပေါ့။


ရှောက်ကျစ်ရီက ဟူဖေ့ကို စူးစိုက်ကြည့်လိုက်သည်။

"အမတ်ကြီးဟူမှာ ဒီလိုရက်စက်တဲ့ နှလုံးသားရှိတာပဲ! သူကူးလီက အခု သူ့တိုင်းပြည်ကို ဆုံးရှုံးလိုက်ရတာကို ခင်ဗျားက သူ့ကို ဒီလိုမျိုးအနိုင်ကျင့်ချင်သေးတယ် ခင်ဗျား..."


"စစ်သူကြီးရှောက်က ဘာလို့ ဒီလောက်ဆတ်ဆတ်ထိမခံဖြစ်နေတာလဲ။"

ဟူဖေ့က သူ့ကိုဖြတ်ပြောသည်။

"စစ်သူကြီးရှောက်က သူကူးလီကို သဘောကျနေတာများလား”


ရှောက်ကျစ်ရီ၏ မျက်နှာပြောင်းသွားသည်။ ဒါက အရှင်မင်းကြီးကို ဦးထုပ်စိမ်းဆောင်းလိုက်တာပင်။ သူကရိုသေစွာ ဦးညွှတ်ကာဆိုလာသည်။


"အရှင်မင်းကြီးက ဉာဏ်အမျှော်အမြင်ရှိပါတယ်.. ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ဒီလိုမဆီလျော်တဲ့ အတွေးမျိုး ရှိရဲပါ့မလဲ။"


လီချင်းယွင်မှာ အော်ရယ်မိလုနီးပါးပင်။


ထိပ်ဆုံးနံပါတ်ကကုန်းဖြစ်တဲ့ ရှောက်ကျစ်ရီက သူချစ်ရတဲ့လူအတွက် သူ့ရှင်ဘုရင်ကို သစ္စာဖောက်ပြီး ဒီလို ပုန်ကန်တဲ့ကိစ္စမျိုးလုပ်ရဲခဲ့တယ်...

ရှောက်ကျစ်ရီ မင်း အခုမှဘာတွေကြောက်နေတာလဲ...


"ကိုယ်တော် မောင်မင်းကိုယုံတယ်”


လီချင်းယွင် လက်ဆန့်ကာ ရှောက်ကျစ်ရီ၏ပုခုံးကို ပုတ်လိုက်သည်။


ရှောက်ကျစ်ရီ၏ မျက်နှာထား အေးခဲသွားကာ သူ့နှာခေါင်းထဲ ထူးဆန်းသော ကိုယ်သင်းရနံ့ဖျော့ဖျော့ဝင်လာသည်။ သူအံ့သြတကြီး မျက်လုံးအသာပင့်ကြည့်မိတော့ လီချင်းယွီ၏ လည်တိုင်ဖြူဖြူသွယ်သွယ်ကို မြင်လိုက်ရပြီး ထပ်ကာ မော့ကြည့်မိတော့ လီချင်းယွင်၏ ဖီးနစ်အပြုံးမျက်ဝန်းများကို မြင်လိုက်ရသည်..၎င်းမှာလူကိုဆွဲဆောင်နေသယောင်။


ရှောက်ကျစ်ရီမှာ သူ့ကိုယ်သူ ဒေါသထွက်လာပြီး လီချင်းယွင်၏ မျက်ဝန်းထဲ စိုက်မကြည့်ရဲတော့။ သူတီးတိုးဆိုမိသည်။

"အရှင်မင်းကြီးရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”


"အရှင်မင်းကြီး!" 

ဟူဖေ့က ဒူးထောက်လျက် ရှေ့တစ်လှမ်း တိုးလာသည်။


"တော်လောက်ပြီ!"


လီချင်းယွင်မှာ ဟူဖေ့ကို စိတ်မရှည်စွာ ကြည့်ပြီး ရယ်မောလိုက်သည်။


"အမတ်ကြီးဟူမှာ ဒီလို အတွေးမျိုးရှိတာတော်လောက်ပြီ...သူကူးလီကို ဘယ်လိုလုပ်မလဲဆိုတာက ကိုယ်တော့်ကိစ္စပဲ... မောင်မင်း အဲ့အတွက် ဘာမှ စိတ်ပူစရာမလိုတော့ဘူး ပိုအရေးကြီးတဲ့ တိုင်းပြည်ကိစ္စတွေကိုပဲ မောင်မင်း စိတ်ပူသင့်တယ်။"


ဟူဖေ့မှာ ဘာမှမပြောရဲတော့တာမို့ ခေါင်းငုံ့ကာဆိုလေသည်။ 


"....ဟုတ်ကဲ့။"


ညီလာခံအပြီးတွင်


လီချင်းယွင် အစီရင်ခံစာများကို ဖြေရှင်းပြီးသွားချိန်တွင်တစ်ယောက်ယောက်က ယောက်ဟွားနန်းဆောင်ကို ရောက်လာပြန်သည်။


"မဖြစ်ဘူး! မဖြစ်ဘူး! အရှင်မင်းကြီးဘုရား.. မင်းသမီး၁၀က ယောက်ဟွားနန်းဆောင်ကို သွားနေပါပြီ... သူမက သူကူးသခင်လေးကို ကျွန်လုပ်စေချင်နေတာ! သူမက စိတ်ဆုံးဖြတ်ထားပြီးပြီ... အရှင်မင်းကြီး အဲ့ကို မြန်မြန်သွားသင့်ကြောင်းပါဘုရား”


နန်းတွင်းအစေခံ မိန်းမပျိုလေးက အလျင်စလိုတင်ပြလာသည်။


လီချင်းယွင်၏မျက်နှာ ပြောင်းလဲသွားကာ သူ လုကုန်းကုန်းကို ချက်ချင်းဝေါယာဥ်ပြင်ခိုင်းပြီး ယောက်ဟွားနန်းဆောင်ကို သွားလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment