no

Font
Theme

Chapter 60.1

ထိုမိန်းကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြလေ၏။ မင်းသားကျင်း၏တုံ့ပြန်မှုမှာ ထိုမျှ အေးစက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုမိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်က ရှေ့သို့တိုးလာပြီး ချိုသာသော အပြုံးဖြင့်

"အရှင့်သားရဲ့ မေးခွန်းကို ပြန်ဖြေရရင် ကျွန်တော်မျိုးမတို့ကို ဒီကိုလွှတ်လိုက်တာ ဧကရီမိဖုရားချန်ပါ။ ကျွန်တော်မျိုးမ နာမည်က လျူကျန်းလို့ ခေါ်ပါတယ်။ သူ(မ)ကတော့ ယဲ့မိန်ပါ။ ကျွန်တော်မျိုးမတို့ နှစ်ယောက်စလုံးက ဧကရီမိဖုရားချန်ရဲ့ ထိန်းချုပ်မှုအောက်က သေသေချာချာလေ့ကျင့်ထားတဲ့ ကချေသည်တွေပါ။"

သူ(မ) စကားဆုံးသွားသည်အထိ ကျောင်းကျယ် မည်သို့မျှ မတုံ့ပြန်ခဲ့ချေ။ ထို့ကြောင့် လျူကျန်းလည်း ခေါင်းကိုမော့၍ မင်းသားကျင်းကို ကြည့်လိုက်သည်။ အခန်းထဲတွင် ဖ‌ယောင်းတိုင်မီး၏ အလင်းရောင်သာ ရှိနေသောကြောင့် သူ့အရိပ်ကိုသာ မြင်ရလေ၏။ သူ့မျက်နှာမှာ ချောမောနေပြီး လေးနက်နေသည့် မျက်လုံးများထဲတွင် ခံစားချက်အရိပ်အယောင် ကင်းမဲ့နေသော်လည်း ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့သည်။ သေသေချာချာ ကြည့်လိုက်သည့်အခါ ကျယ်ပြောလှသော ပခုံးနှင့် လှပနေသော လက်တစ်စုံအပြင် သွယ်လျသည့် ခြေထောက်နှစ်ဖက်ကိုလည်း မြင်တွေ့ရသည်။

'ဒီလိုယောက်ျားတစ်ယောက်ကသာ ငါ့ကိုချစ်မယ်ဆိုရင်တော့ သေပျော်ပြီ.... ထာဝရမဟုတ်ဘဲ တစ်ညလောက်ပဲ ဆိုရင်တောင်မှ အရမ်းကို ပြီးပြည့်စုံပြီး ပျော်စရာကောင်းသွားပြီ။'

လျူကျန်း အကြည့်မလွှဲလိုက်ခင်တွင် အိပ်ရာအနောက်မှနေ၍ အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။

"မင်း အခု ငါ့ကိုကြည့်နေတာလား။"

ထိုအခါ သူ(မ)ရုတ်တရက် တွေဝေသွားပြီး ချက်ချင်းပင် အမှားကိုသိကာ ဦးညွတ်လိုက်လေတော့သည်။

"တောင်းပန်ပါတယ် အရှင့်သား။ လျူကျန်း ရိုင်းပြမိသွားပါတယ်။ ခွင့်လွှတ်ပေးပါ..."

ထိုစကားများ မဆုံးလိုက်ခင်တွင် ကျောင်းကျယ်က သူ(မ)စကားကို ဖြတ်ပြောလိုက်လေ၏။

"ထွက်သွား။ ဘယ်သူပို့လိုက်လို့ ရောက်လာတာပဲ ဖြစ်ဖြစ် လာရာလမ်းအတိုင်းသာ ပြန်သွားကြစမ်း။"

လျူကျန်း၏မျက်နှာ ဖျော့တော့သွားပြီး စိုးရိမ်ပူပန်စွာဖြင့်

"လျူကျန်းကြောင့် အရှင့်သား ဒေါသထွက်သွားတာလား။ အရှင့်သား စိတ်မကျေမနပ် ဖြစ်သွားတယ်ဆိုရင် လျူကျန်းကို အပြစ်ပေးလိုက်ပါ..."

ကျောင်းကျယ်၏ မျက်နှာထားမှာ ပို၍အေးစက်လာသည်ကို သတိထားမိသည့် ယဲ့မိန်က ချက်ချင်းပင် လျူကျန်းကို တားလိုက်လေ၏။ သူ(မ)မျက်နှာကို အတင်းပြုံးထားလိုက်ပြီး

"အရှင့်သား။ စိတ်ကိုလျှော့ပါ။ လျူကျန်းက ဒီလိုပဲ စကားပြောတတ်လို့ပါ။ သူ(မ)ကြောင့် အရှင့်သား ဒေါသထွက်သွားရတယ်ဆိုရင် သူ(မ)ကို ခွင့်လွှတ်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်။ သူ(မ)အတွက်ကြောင့်နဲ့ အရှင့်သား စိတ်ဒုက္ခမခံပါနဲ့..."

သူ(မ) တစ်ခဏရပ်လိုက်ပြီး ရိုးသားစွာဖြင့်

"ဧကရီမိဖုရားကြီးက အရှင်သားကို ခစားဖို့ ကျွန်မတို့ကို အမိန့်ပေးခဲ့တာပါ။ ပထမရက်မှာတင် အရှင့်သားက ကျွန်မတို့ကို မောင်းထုတ်လိုက်မယ်ဆိုရင် မိဖုရားကြီးက ကျွန်မတို့ အသုံးမကျဘူးလို့ထင်ပြီး အပြင်းအထန် အပြစ်ပေးပါလိမ့်မယ် အရှင့်သား..."

ထိုလူနှစ်ယောက်ကြောင့် ကျောင်းကျယ်၏ အနားယူချင်စိတ်နှင့် အိပ်ချင်စိတ်တို့ လွင့်စဥ်သွားရသည်။ ထို့ကြောင့် သူ့စိတ်အခြေအနေလည်း မကောင်းတော့ချေ။ သူ(မ)၏စကားများကို ကြားသည့်အခါ ကျောင်းကျယ်က မျက်ခုံးပင့်လိုက်ပြီး

"အဲ့ဒါတွေ ငါနဲ့ဘာဆိုင်လို့လဲ။"

ယဲ့မိန် ပြောစရာစကား ပျောက်သွားကာ အံ့အားသင့်စွာဖြင့် မင်းသားကျင်းကို မော့ကြည့်လိုက်မိသည်။ မင်းသားကျင်းမှာ ထိုသို့ အေးစက်သည့်လူမျိုး ဖြစ်နေလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ပေ။

ကျောင်းကျယ်မှာ သူတို့ကို ကိုင်တွယ်ဖြေရှင်းချင်စိတ် မရှိတော့သဖြင့် ကျူ့ကုန်းကိုခေါ်၍ စိတ်ပျက်နေသော မျက်နှာထားနှင့်

"သူတို့နှစ်ယောက်ကို ဒီအိမ်တော်ထဲဝင်ဖို့ ဘယ်သူခွင့်ပြုလိုက်တာလဲ။ ငါ့အခန်းထဲကိုဝင်ဖို့ရော ဘယ်သူ စီစဥ်ပေးလိုက်တာလဲ။"

ကြမ်းပြင်ပေါ်တွင် ဦးညွတ်ကာ ကြောက်လန့်နေသည့် မိန်းကလေးနှစ်ယောက်ကို ကျူ့ကုန်း လှမ်းကြည့်လိုက်ပြီးနောက် အရှင့်သားကို အရိုအသေပေးလိုက်ပြီး

"အရှင့်သားကို ပြန်ဖြေရရင် ဒါတွေကိုလုပ်တဲ့သူက ဒီအိမ်တော်ရဲ့ အိမ်တော်ထိန်းခေါင်းဆောင်ကြီး လုရှန်ဖင်းပါ အရှင့်သား။"

မင်းသားကျင်း အိမ်တော်တွင် အိမ်‌တော်ထိန်း နှစ်ယောက်ရှိ၏။ တစ်ယောက်မှာ အိမ်တော်ထိန်းခေါင်းဆောင် လုရှန်ဖင်းဖြစ်ပြီး ကျန်တစ်ယောက်မှာ ရှုထျန်းနျဥ် ဖြစ်သည်။ လုရှန်ဖင်းမှာ လူအများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်ကို သေချာသိပြီး အလုပ်အတွက်လည်း ယုံကြည်စိတ်ချရသူဖြစ်သည်။ ထို့ကြောင့်လည်း အိမ်တော်ထိန်း‌ ခေါင်း‌ဆောင်ရာထူးကို (၃)နှစ်တာ ထိန်းသိမ်းထားနိုင်လေ၏။ ယနေ့တွင်မူ ထိုမိန်းကလေးနှစ်ယောက်ကို ထိုအိမ်တော်ထဲသို့ ဝင်ခွင့်ပြုမိခဲ့သည်။ မူလကမူ ထိုမိန်းကလေးနှစ်ယောက်နှင့် ကျောင်းကျယ် ပျော်နေလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။ သို့သော် ထိုအစီအစဥ်မှာ ကျောင်းကျယ်ကို မပျော်စေခဲ့ရုံမက ကျောင်းကျယ်အား ပေါက်ကွဲစေသည်အထိ ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ကျောင်းကျယ် မျက်မှောင်ကြုတ်လိုက်ပြီး

"သူ့ရဲ့ အထက်လူကြီးက သဘောမတူထားဘဲနဲ့ ဒါမျိုးလုပ်လို့မရဘူးဆိုတာ သူ မသိဘူးလား။ သူ့ကို နှစ်တစ်ဝက်စာ လစာဖြတ်ပြီး ဒီအိမ်တော်ကနေ မောင်းထုတ်လိုက်တော့။"

ကျူ့ကုန်းလည်း ခေါင်းညိတ်ကာ သူ့အမိန့်ကို နာခံလိုက်လေသည်။ ထိုအမိန့်ကိုကြားသော် လျူကျန်းနှင့် ယဲ့မိန်တို့ ပို၍ ကြောက်လန့်လာလေ၏။

'အိမ်တော်ထိန်းကြီးကိုတောင် အပြစ်ပေးတယ်ဆိုတော့ မင်းသားကျင်း အရမ်းကို စိတ်ဆိုးသွားတယ်ထင်တယ်။ ငါတို့ကရော ဘယ်လိုဆက်ဖြစ်မှာလဲ... ငါတို့တွေ ဒီနေရာက နှင်ထုတ်ခံရပြီး နန်းတော်ကို ပြန်ရောက်သွားတော့မှာလား။'

သူတို့ထင်ထားသည့်အတိုင်းပင် ကျောင်းကျယ်က သူတို့ကိုကြည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် အချက်ပြ၍

"မင်းတို့နှစ်ယောက်ရော... ကိုယ့်ဘာသာကိုယ် ပြန်မလား။ ဒါမှမဟုတ် ငါမောင်းထုတ်ရမလား။"

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ချက်ချင်း အရိုအသေပေးကာ

"သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ် အရှင့်သား။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် ပြန်လိုက်ပါ့မယ်။"

ထို့နောက် သူတို့နှစ်ယောက် အချင်းချင်းဆွဲကာ မင်းသားကျင်း၏အိပ်ခန်းထဲမှ ထွက်သွားလိုက်တော့သည်။ မင်းသားကျင်းနှင့် ပတ်သက်၍ အခြားစိတ်ကူးယဥ်စရာများကိုလည်း မတွေးရဲတော့ချေ။

ကျူ့ကုန်းလည်း သူတို့နှစ်ယောက်နောက်မှ လိုက်ထွက်သွားသဖြင့် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ သို့သော်လည်း ကျောင်းကျယ် မအိပ်ချင်တော့ပေ။

ရွှေရောင်ချည်များ ထိုးထားသည့် ခေါင်းအုံးပေါ်တွင် ခေါင်းတင်ထားပြီး လက်တစ်ဖက်ကို ခေါင်းအနောက်တွင် ထားကာ ကျန်လက်တစ်ဖက်ကို ဗိုက်ပေါ်တင်ထားလေ၏။ မှောင်မည်းနေသည့်အခန်းထဲတွင် သူ့မျက်ဝန်းနက်များ လေးနက်နေခဲ့သည်။ သူ့အတွေးများကို မည်သူမျှ မသိနိုင်ခဲ့ပေ။ တဖြည်းဖြည်း မျက်လုံးမှိတ်ထားရင်း ရေအေးစမ်းချောင်းထဲသို့ ရောက်နေသည့်အတိုင်း သူခံစားကြည့်နေသည်။ ထိုစမ်းချောင်းမှာ သူ့ပေါ်တွင် ဖြည်းညင်းစွာ စီးဆင်းနေပြီး နူးညံ့သည့် အထိအတွေ့ကို ပေးစွမ်းနေသည်မှာ မိန်းကလေးတစ်ယောက်၏ နူးညံ့သော လက်တစ်စုံကဲ့သို့ပင်။

ပုံရိပ်များ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ကျောင်းကျယ်မှာ ကြီးမားကျယ်ပြန့်သည့် ဝူကျန်း၏ မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့အနောက်တွင် အင်အားကြီးသော တပ်စုနှစ်စုနှင့် တိုက်ပွဲမြေတစ်ခု ရှိနေသည်။ တိုက်ပွဲထဲမှ တိုက်ခိုက်နေသည့် အသံများကိုလည်း ရှင်းလင်းစွာ ကြားနေရပြီး နှာခေါင်းထဲတွင်လည်း သွေးအနံ့များကို ခံစားမိလာသည်။ သို့သော် သူ့ပေါ်တွင် ချစ်စရာကောင်းပြီး နူးညံ့နေသည့်မိန်းကလေးတစ်ယောက် ထိုင်နေလေ၏။ ထိုမိန်းကလေး၏ပုံစံမှာ အနုပညာဆန်လှပြီး အသားအရေကလည်း ဖြူဖွေးလှသည်။ အလွန်နူးညံ့လှသော သူ(မ)လက်လေးများက သူ့ရင်ဘတ်ပေါ်တွင်တင်ကာ သူ့နှလုံးသားကို ကျီစယ်နေခဲ့သည်။

ကျောင်းကျယ်၏ ခန္ဓာကိုယ် တဖြည်းဖြည်း လေးလံလာ၏။ သူ့အနောက်မှ စစ်ပွဲနှင့် သူ့ပေါ်တွင်ထိုင်နေသော မိန်းကလေးတို့က သူ့ခန္ဓာကိုယ်ထဲမှ သွေးများကို ဆူပွက်လာစေခဲ့သည်။ ထို့နောက် ထိုမိန်းကလေး၏ သွယ်လျသော ခါးလေးကိုကိုင်ကာ သူ့ခန္ဓာကိုယ်ကို ခပ်ပြင်းပြင်း ဖိချလိုက်လေ၏။ လဲကျသွားစဥ်က ထွက်ပေါ်လာသည့် သူ(မ)အသံလေးကိုလည်း သူကြားလိုက်ရသည်။ သူ(မ)က သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး သူ့နားရွက်နားသို့ကပ်ကာ ချစ်စရာကောင်းပြီး ဆိုးသွမ်းသည့် ပုံစံမျိုးဖြင့်

"နာတယ်လေ အစ်ကိုကလည်း..."

ကျောင်းကျယ် ချက်ချင်း မျက်လုံးဖွင့်လိုက်သောအခါ သူ့ရှေ့တွင် အမှောင်ထုတစ်ခုသာ ရှိနေခဲ့သည်။ ကောင်းကင်ကလည်း မှောင်မည်းနေပြီး တိတ်ဆိတ်နေသောညတွင် ခပ်ပြင်းပြင်း အသက်ရှူသံတစ်ခုသာ ရှိနေခဲ့သည်။ နောက်ဆုံးတွင် ထိုမိန်းကလေး၏ အသံကိုသာ ကျောင်းကျယ်နားထဲတွင် ကြားယောင်နေပြီး အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်သွားခဲ့ချေ။ ထိုမိန်းကလေး၏ နူးညံ့လှသော မျက်နှာလေးကို မြင်ယောင်ကာ အစောပိုင်းမှ အိပ်မက်အကြောင်းကို သူဆက်တွေးနေလိုက်တော့သည်။

ကျောင်းကျယ် သူ(မ)ကို အလွန်မြတ်နိုးပြီး လိုချင်လှသောကြောင့် အိပ်မက်ထဲတွင်ပင် မြင်ယောင်လာလေ၏။ အိပ်ရာပေါ်မှ ကန့်လန့်ကာများကို ချထားသဖြင့် အတွင်းထဲရှိ မြင်ကွင်းကို မမြင်ရချေ။ မည်သူ့အသံကိုမျှလည်း မကြားရချေ။ သို့သော် တစ်ခဏကြာသည့် အချိန်တစ်ခုတွင် ခပ်ဩဩအသံတစ်ခုမှ သတိရမှုများဖြင့် မြည်တမ်းသံကို ကြားလိုက်ရသည်။

"အားလော်..."

နောက်တစ်နေ့ မနက်တွင်။

ကျောင်းကျယ် အိပ်ရာနိုးသောအခါ မျက်နှာသစ်၊ ခြေလက်ဆေးလိုက်၏။ မနက်စာစားပြီးနောက်တွင် သူမျှော်လင့်ထားသည့်အတိုင်း ဧကရီမိဖုရားချန်၏ ဆင့်ခေါ်စာကို လက်ခံလိုက်ရတော့သည်။ ဧကရီမိဖုရားချန်က ကျောင်းကျယ်အား နန်းတော်သို့ ချက်ချင်းလာစေခြင်း ဖြစ်သောကြောင့် အစိမ်းရောင် ဝတ်ရုံကို လဲဝတ်လိုက်တော့သည်။ ထို့နောက် ယခင်အတိုင်း မြင်းမစီးဘဲ အစိမ်းရောင် ရထားလုံးထဲသို့ဝင်ကာ ကျောင်းယန်ခန်းမ၏ ဝင်ပေါက်သို့ သွားခဲ့တော့သည်။

ခန်းမထဲသို့ မဝင်ခင်တွင်ပင် ခန်းမထဲတွင်ရှိနေသည့် အခြေအနေရောင်ဝါများကို သူခံစားမိလိုက်သည်။ သူ နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး အထဲသို့ လမ်းလျှောက်ဝင်သွား၏။ ထို့နောက် သစ်မာထိုင်ခုံမြင့်ပေါ်တွင် ထိုင်ကာ ခံစားချက်မဲ့နေသော မျက်နှာဖြင့် လက်ဖက်ရည်သောက်နေသည့် ဧကရီမိဖုရားချန်ကို သူတွေ့လိုက်ရတော့သည်။

ကျောင်းကျယ် ဝင်လာသည်ကိုမြင်သော် ဧကရီမိဖုရားချန်က ကြာပန်းပုံစံ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မျက်နှာထားပြောင်းလဲခြင်း မရှိဘဲ သူ့ကိုကြည့်၍

"ထိုင်ဦး။"

ကျောင်းကျယ် အပေါ်ရုံကို ဖယ်လိုက်ပြီး သူ(မ)ရှေ့တွင် ထိုင်လိုက်သည်။ ဧကရီမိဖုရားချန်၏ အမိန့်အရ နန်းတွင်းအစေခံများက သက်စောင့်ရတနာများ၊ ငွေခါးပတ်များ၊ လည်ဆွဲများနှင့် အခြားပစ္စည်းများကို စားပွဲပေါ်သို့ သယ်ဆောင်လာကြသည်။

ထို့နောက် မိဖုရားချန်က ကျောင်းကျယ်အား

"အရင်တစ်လတုန်းက မြို့စားကျန်းရဲ့ ဝမ်းကွဲညီလေး မြို့စားတင်းမှာ မြေးဦးလေး ရသွားပြီတဲ့။ လာမယ့် ရက်ပိုင်းမှာ အဲ့ဒီ့ကလေး အသက်တစ်လပြည့်တော့မယ်။ ဒါကြောင့် မယ်တော်က အဲ့ဒီ့ကလေးကို လက်ဆောင်ပေးဖို့ စဥ်းစားနေတာ။ ဘယ်လိုလက်ဆောင်မျိုး ပေးရင်ကောင်းမလဲ ကူရွေးပေးပါဦး။"

သူ(မ)စကားလုံးများ၏ အဓိပ္ပာယ်မှာ အလွန်သိသာလွန်းလှသည်။ မြို့စားတင်၏ သားမှာ ယခုနှစ်တွင် အသက် (၂၁)နှစ်ပြည့်ပြီဖြစ်ပြီး သားတစ်ယောက်လည်း ရှိနေပြီဖြစ်သည်။ သို့သော် ကျောင်းကျယ်ကမူ အသက် (၂၂)နှစ် ရှိပြီဖြစ်သည့်တိုင် ယခုအချိန်ထိ အိမ်ထောင်မပြုရသေးချေ။ ထိုအကြောင်းကို ဧကရီမိဖုရားချန်က စိတ်ပူနေခြင်းပင်။

ကျောင်းကျယ်က ပြုံးလိုက်ပြီး တဲ့တိုးထုတ်ပြောလိုက်လေ၏။

"မယ်တော် ပြောချင်တာရှိရင် တိုက်ရိုက်ပဲ ပြောလိုက်ပါလား။"

*****

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment